Local Industry

အကောင်းရှု မြင်ခံရပေမဲ့ ရုန်းရဦးမယ့်မြန်မာစီးပွားရေး

အကောင်းရှု မြင်ခံရပေမဲ့ ရုန်းရဦးမယ့်မြန်မာစီးပွားရေး google

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ထွက်ရှိခဲ့သော အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank) ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွားရေးသည် အကောင်းဘက်သို့ ဦးတည် နေသည်။

 

အာရှဖွံ့ဖြိုးရေးဘဏ်၏ ''Asian Devel-opment Outlook 2019" အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၉ နှင့် ၂၀၂၀ တွင် မြင့်တက်လာမည်ဟု ဆိုသည်။ ယခုဘဏ္ဍာနှစ်ကုန်ဖြစ်သော ၂၀၁၉၊ စက်တင်ဘာကုန်တွင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၆ ဒသမ ၆ ရာခိုင်နှုန်း ရှိမည်ဖြစ်ပြီး လာမည့်နှစ်တွင် တိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိမည်ဟု မျှော်မှန်းသည်။ ပြီးခဲ့သည့် ခြောက်လတာ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ ဂျီဒီပီသည် ၆ ဒသမ ၂ ရာခိုင်နှုန်းဖြင့် တိုးတက်မှု နှေးကွေးခဲ့သော်လည်း လာမည့် နှစ်နှစ်တာတွင်မူ စီးပွားရေး တိုးတက်မှုနှုန်းပိုမိုမြင့်တက်လာဖွယ်ရှိသည်ဟု အာရှဖွံ့ဖြိုး ရေးဘဏ်က သုံးသပ်လိုက်ခြင်းလည်း ဖြစ်သည်။

 

အာရှဒေသတစ်ခုလုံး၏ တိုးတက်မှုနှုန်း သည် ၂၀၁၉ တွင် ၅ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၂၀၂၀ တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် အားကောင်းသည့် တိုးတက်မှုနှုန်း တစ်ရပ် ပင်ဖြစ်သည်။

 

"၂၀၁၉ နဲ့ ၂၀၂၀ မှာ မြန်မာ့စီးပွားရေး တိုးတက်မှုက အပေါင်းလက္ခဏာဆောင်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံဟာ လက်လီ နဲ့ လက်ကားကဏ္ဍကို ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် ဖွင့်ပေးခဲ့တယ်။ စီမံအုပ်ချုပ်မှုပုံစံ တွေအတွက်လည်း ဆက်လက်ပြီး ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတယ်"ဟု အာရှဖွံ့ဖြိုး ရေးဘဏ် မြန်မာဌာနဒါရိုက်တာ YGA Capital က ပြောသည်။

 

၂၀၁၈ အတွင်း အစိုးရက လက်လီနှင့် လက်ကားလုပ်ငန်းကဏ္ဍကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို လမ်းဖွင့်ပေးခဲ့မှုနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် အစိုးရ၏ အခြားအကောင်အထည်ဖော် ဆောင်ရွက်မှုများသည် စီးပွားရေးတိုးတက် မှုနှုန်းမြင့်တက်ရန် အဓိက အလားအလာကောင်းများအဖြစ် အာရှဖွံ့ဖြိုးရေးဘဏ်က မီးမောင်းထိုးပြခဲ့သည်။

 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ အချက်အလက်များအရ ယခု၂၀၁၈•၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာမှ မတ် ၁၅ အထိ) ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အမေရိကန်ဒေါ်လာ သန်း ၆၀ဝကျော် ပိုမိုမြင့်တက်ခဲ့သည်။ စင်ကာပူနှင့် အာရှဒေသတွင်း နိုင်ငံများ၏ ကုန်ထုတ်လုပ် မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ် နှံမှု မြင့်တက်ခဲ့ခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ပြီးခဲ့သည့်နှစ်ထက် ပိုမိုကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။

 

"ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တက်လာတယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်ပါပဲ။ ဒီကဏ္ဍတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ တိုးတက်လာတာဟာ ပို့ကုန်မြင့်တက် ရေးနဲ့ သွင်းကုန်အစားထိုးကဏ္ဍတွေကို အထောက်အပံ့ဖြစ်မှာပါ"ဟုYGA Capital ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးသူရကိုကိုက ပြောသည်။

 

နိုင်ငံ၏ဝန်ဆောင်မှုကဏ္ဍသည် လာမည့် နှစ်များအတွက် ကိုး ရာခိုင်နှုန်းဖြင့် တိုးတက်မှု မြင့်မားမည်ဖြစ်ပြီး အထူးသဖြင့် ဆက်သွယ်ရေး၊ ခရီးသွားနှင့် ဆက်စပ်လုပ်ငန်းများသည် ပိုမိုတိုးတက်လာမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ဆိုသည်။ နိုင်ငံ၏ဂျီဒီပီ ၃၀ ရာခိုင်နှုန်းကျော်ရှိသော စိုက်ပျိုးရေးကဏ္ဍကမူ ၂၀၁၈ ခုနှစ်အတွင်းဖြစ်ခဲ့သည့် ရေကြီးမှုဖြစ်စဉ်များ၏ သက်ရောက်မှုကြောင့် တိုးတက်မှုနှုန်း အနည်းငယ်နှေးကွေးမည်ဟု သုံးသပ်သည်။

 

"ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဈေးကွက်လို့ မြင်သလို စီးပွားရေးလာလုပ်ဖို့ ကောင်းတဲ့ နေရာတစ်ခုလို့ ရှုမြင်ထားပါတယ်။ အခြေခံအဆောက်အအုံနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ဘယ်လိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ပေါ်ပေါက်လာမလဲဆိုတာ စောင့်ကြည်နေ ပါတယ်"ဟု အမေရိကန်နိုင်ငံ၏ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း(OPIC) Chief of Staff ဖြစ်သူ Eric Jones က မှတ်ချက်ပြုသည်။

 

ငွေလဲနှုန်းမြင့်တက်ခြင်းနှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းတို့နှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈-၁၉တွင် မြင့်တက်လာနိုင်ဖွယ် ရှိခြင်းကြောင့် မက်ခရိုစီးပွားရေး မတည်ငြိမ်နိုင်မှုများ မြင့်တက်နိုင်သည်ဟု ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ဘဏ်က သုံးသပ်ခဲ့သော်လည်း ယခုထွက်ရှိလာသော အာရှဖွံ့ဖြိုးရေးဘဏ် အစီရင်ခံစာအရမူ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းမည်ဟု သုံးသပ်ထားသည်။ ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလတွင် နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၇ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၎င်းအချက်သည် စီးပွားရေးတိုးတက်မှု အပေါ် စိန်ခေါ်မှုကြီးမားခဲ့သော်လည်း ယခုဘဏ္ဍာနှစ်ကုန်တွင် နိုင်ငံ၏ ငွေကြေးဖောင်း ပွမှုနှုန်းသည် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းလာမည်ဟု ၎င်းတို့က သုံးသပ် ထားသည်။

 


ယခုထွက်ရှိလာသော အာရှဖွံ့ဖြိုးရေးဘဏ်အစီရင်ခံစာနည်းတူ ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ (၂၀၁၈ ဒီဇင်ဘာ) အရလည်း နိုင်ငံ၏စီးပွားရေးအလားအလာကို အကောင်းဘက်က ရှုမြင်ထားကြသည်။ ၂၀၂၀-•၂၁ တွင်မြန်မာ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည် ၆ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်က မျှော်မှန်းထားသည်။ ပြည်ပအဖွဲ့အစည်းများက နိုင်ငံ ၏ စီးပွားရေးတိုးတက်မည်ဟု ရှုမြင်ကြသော်လည်း ပြည်တွင်း စီးပွားရေးအသိုင်းအဝိုင်း တွင်မူ စီးပွားရေးမကောင်းဟူသော ယူဆ ချက်များရှိနေသည်။ ၂၀၁၈ အတွင်း မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ်က ပြုလုပ်ခဲ့သည် စီးပွားရေးဆိုင်ရာ စစ်တမ်းများအရ ပြည်တွင်းစီးပွားရေး မကောင်းဟူသော ရလဒ်ထွက်ပေါ်ခဲ့သည်။

 

"ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ က မြန်မာ့စီးပွားရေးအပေါ် ကောင်းမယ်လို့ မှန်းတယ်၊ ပြည်တွင်းမှာတော့ မကောင်းဘူးလို့ ပြောကြတာတွေရှိတယ်ပေါ့။ သူတို့ကတော့Macroeconomics အနေနဲ့ ချဉ်းကပ်တယ်၊ ပြည်တွင်းကတော့ Microeconomics အနေနဲ့ သုံးသပ်ပြောကြတယ်။ ပြည်တွင်းမှာလည်း တချို့လုပ်ငန်းကဏ္ဍတွေလည်း ကောင်းတာ တွေ့ရတယ်။ တချို့ကဏ္ဍတွေကျတော့ တရားမဝင်ကုန်သွယ်မှုနဲ့ ပြိုင်ဆိုင်ရတာတွေရှိတော့ သိပ်မကောင်းဘူး"ဟု မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

 

အာရှဖွံ့ဖြိုးရေးဘဏ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးတက်မှု၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများ အားကောင်းလာမှုတို့ဖြင့် စီးပွားရေးတိုးတက်မှုနှုန်းကို အကောင်းမြင်ထားသော်လည်;အခြားတစ်ဖက်တွင် စိန်ခေါ်မှုများလည်း ကြီးကြီးမားမား ရှိနေပြန်သည်။

 

အထူးသဖြင့် ဥရောပသမဂ္ဂမှ မြန်မာသို့ ပေးအပ်ထားသော ကုန်သွယ်မှု အထူးအခွင့်အရေးကို ပြန်လည်ရုတ်သိမ်းခဲ့ပါက စီးပွားရေးအလားအလာအပေါ် အနုတ်လက္ခဏာဆောင်စေမည်ဟု သုံးသပ်သည်။ နိုင်ငံပို့ကုန်၏ ၁၀ ရာခိုင်နှုန်းသည် ဥရောပသမဂ္ဂဈေးကွက်သို့ တင်ပို့နေခြင်းဖြစ်ပြီး ဥရောပသမဂ္ဂသည် ရခိုင်ပဋိပက္ခအရေးနှင့် စပ်လျဉ်းပြီး ၎င်းတို့၏ ကုန်သွယ်မှုအထူးအခွင့်အရေး ရုပ်သိမ်း/မသိမ်းကို သုံးသပ်နေဆဲဖြစ်သည်။ ထို့ပြင် နိုင်ငံအတွင်း ပဋိပက္ခများ၊ အစိုးရ၏ နှေးကွေး သော ပြုပြင်ပြောင်းလဲမှုတို့သည် နိုင်ငံစီးပွားရေးအလားအလာအတွက် စိန်ခေါ်မှုများအဖြစ် ရှိနေဆဲဖြစ်သည်ဟု ရှုမြင် ထားသည်။

 

"အစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှု တွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အောင်မြင် အောင် ဆက်လုပ်နိုင်မယ်ဆိုရင် လာမည့် ငါးနှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှုက ဆက်လက်ပြီး ကောင်းနေပါမယ်"ဟု အာရှ ဖွံ့ဖြိုးရေးဘဏ်မှ မြန်မာဌာနေဒါရိုက်တာNewin Sinsiri ပြောသည်။

 

Source : Myanmar Time

 

Myanmar Logistics Guide

Read 1637 times
Rate this item
(0 votes)