Containers

ကုန်သေတ္တာအသုံးပြုခြင်း၏ အကျိုးနှင့်အပြစ်များ

ကုန်သေတ္တာအသုံးပြုခြင်း၏ အကျိုးနှင့်အပြစ်များ google

          ကုန်သေတ္တာများကို အသုံးပြုခြင်းအားဖြင့် ကုန်စည်ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးအပိုင်းတွင် အကျိုးကျေးဇူးများ များစွာဖြစ်ထွန်းလာခဲ့ပါတယ်။ သို့ရာတွင် ကုန်သေတ္တာအသုံးပြုသည့်အတွက် အားနည်းချက်များလည်း ရှိနေခဲ့ပါတယ်။

 

ကုန်သေတ္တာကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများမှာ-

 

          စံသတ်မှတ်နိုင်ခြင်း Standardization။ စံအဖြစ်သတ်မှတ်ထားသော (ISO standard) ကုန်သေတ္တာကို ကမ္ဘာတစ်ဝှမ်းလုံးရှိ မည်သည့်နေရာတွင်မဆို မည်သည့်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွင်မဆို (ပင်လယ်ရေကြောင်း၊ ကား၊ ရထား) ကုန်သေတ္တာကိုင်တွယ်ကိရိယာများဖြင့် ကိုင်တွယ် တင်/ချ ဆောင်ရွက်နိုင်ပါတယ်။။ ကုန်သေတ္တာတစ်လုံးချင်းစီသည် တိကျ၍ ထပ်တူမရှိသော နံပါတ်၊ အရွယ်အစားနှင့် အမျိုးအစားကို ဖော်ပြသော ကုဒ်နံပါတ်များ ရှိပါတယ်။

 

          ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်း Flexibility ကုန်သေတ္တာများကို ထုထည်ကြီးမားလွန်းသော ပစ္စည်းများမှ လွဲ၍ ကုန်ပစ္စည်း အမျိုးအစား အားလုံးနီးပါးကိုထည့်သွင်း သယ်ဆောင်နိုင်ပါတယ်။ ကုန်ပစ္စည်း၏ အနေအထားပေါ် မူတည်၍ အရည်ထည့်သွင်းရန်၊ အအေးခံကုန်ပစ္စည်းထည့်သွင်းရန်၊ ပုံမှန်ကုန်ပစ္စည်းထည့်သွင်းရန် စသည်ဖြင့် ကုန်သေတ္တာများကို အမျိုးမျိုးပုံစံပြု ထုတ်လုပ်ထားသည့်အတွက် အသုံးပြုရာတွင် အဆင်ပြေနိုင်ပါတယ်။ သယ်ယူပို့ဆောင်ရေးတွင် အသုံးမပြုတော့သည့် ကုန်သေတ္တာများကို အခြားလုပ်ငန်းများတွင် ပြန်လည်အသုံးပြုနိုင်ပါတယ်။

 

• ကုန်ကျစရိတ်သက်သာခြင်း

          ကုန်သေတ္တာကို စံနူန်းနှင့်အညီ ထုတ်လုပ်ထားသည့်အတွက် ပို့ဆောင်ရေးလမ်းကြောင်း တစ်ခုမှအခြားတစ်ခုသို့ လွှဲပြောင်းရာတွင် အတွင်းပါကုန်ပစ္စည်းများကို ထုတ်ယူကိုင်တွယ်ရန် မလိုအပ်သဖြင့် ကုန်ကျစရိတ်ကို လျော့နည်းစေသည်။ ကုန်သေတ္တာအတွင်းပါရှိသည့် ကုန်ပစ္စည်းများကို သမရိုးကျနည်းလမ်းဖြင့် ပို့ဆောင်ပါက ကုန်သေတ္တာဖြင့် ပို့ဆောင်ခြင်းထက် အဆ ၂၀ ခန့် ကုန်ကျစရိတ် ပိုမိုများစေနိုင်ပါတယ်။ ကုန်သေတ္တာကို အသုံးပြုသည့်အတွက် အရေအတွက်များပြားပါက ကုန်သေတ္တာတစ်လုံးချင်းစီ၏ ကုန်ကျစရိတ်မှာ လျော့နည်းလာခဲ့ပါတယ်။

 

• လျင်မြန်မှု

          တစ်ဆင့်လွှဲပြောင်းတင်ပို့ရသည့် အရေအတွက်မှာ အနည်းဆုံးဖြစ်ပြီး ကုန်သေတ္တာ ဆိပ်ကမ်းကြီးများတွင် သင်္ဘောပေါ်မှချခြင်း/ သင်္ဘောပေါ်သို့ တင်ခြင်း လုပ်ငန်းမှာ ၂၄ နာရီအတွင်း ဆောင်ရွက်နိုင်ပါတယ်။ ကုန်သေတ္တာတင်သင်္ဘောကြီးများသည် အထွေထွေကုန်ပစ္စည်းတင် သင်္ဘောများထက် ပိုမိုမြန်ဆန်စွာ မောင်းနှင်နိုင်ပါတယ်။

 

• ကုန်ပစ္စည်းသိုလှောင်ထားသိုနိုင်ခြင်း

          ကုန်သေတ္တာအတွင်း ကုန်ပစ္စည်းထည့်သွင်းပြီးပါက အကာအကွယ်ရရှိပြီးဖြစ်သည့်အပြင် လုံခြုံမှုရှိသည့်အတွက် ကုန်သေတ္တာတစ်လုံးကို ကိုယ်ပိုင်သိုလှောင်ရုံအဖြစ် အသုံးပြုနိုင်ပါတယ်။ သင်္ဘောပေါ်တွင်လည်းကောင်း၊ ကုန်သေတ္တာဆိပ်ကမ်းရှိ လွင်ပြင်တွင်လည်းကောင်း ကုန်သေတ္တာများကို ထပ်ဆင့်ထားသိုနိုင်ခြင်းသည် ကုန်သေတ္တာအသုံးပြုခြင်း၏ အဓိကအားသာချက်တခုလဲ ဖြစ်ပါတယ်။

 

• လုံခြုံခြင်းနှင့် ဘေးကင်းခြင်း

          ကုန်သေတ္တာအတွင်းပါ ကုန်ပစ္စည်းများကို ထည့်သွင်းသည့်အချိန်နှင့် ကုန်ချဆိပ်ကမ်းတွင် အကောက်ခွန်မှ စစ်ဆေးသည့်အချိန်တို့တွင်သာ ကုန်သေတ္တာကို ဖွင့်လှစ်သည့်အတွက် လမ်းခရီးတွင် ပျက်စီးပျောက်ဆုံးရန် ဖြစ်နိုင်ခြေ အလွန်ပင်နည်းပါးပါတယ်။

 

ကုန်သေတ္တာအသုံးပြုခြင်း၏ အားနည်းချက်များ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

• နေရာယူခြင်း

          ကုန်သေတ္တာများသည် အရွယ်အစားကြီးမားသဖြင့် တံတားအတွင်း အထူးသဖြင့် ထားသိုရာလွင်ပြင်တွင် နေရာယူ ကြပါတယ်။ ကုန်သေတ္တာအရေအတွက်များပြားလာသည့်အခါ ဆိပ်ကမ်းတံတားအတွင်းမှ ကုန်သေတ္တာအခွံများကို ကုန်သေတ္တာစခန်းများသို့ ရွှေ့ပြောင်းကြရပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်ရန်ရန်အတွက် အရွယ်အစားကြီးမားသော ကုန်သေတ္တာတင် သင်္ဘောကြီးများကို အသုံးပြုကြလာသည့်အခါ ဆိပ်ကမ်းဝင်/ထွက်ရာ ရေလမ်းကြောင်းရှိ ရေအနက်သည် ဆိပ်ကမ်းများအတွက် ပြဿနာတစ်ရပ်အဖြစ် ပေါ်ပေါက်လာပါတယ်။ ဥပမာအားဖြင့် ကုန်သေတ္တာ ၁၀၀၀၀ ကျော်တင်ဆောင်နိုင်သည့် သင်္ဘောတစ်စီး၏ ရေစူးမှာ ၁၃ မီတာခန့်ရှိပါတယ်။

 

• ငွေကြေးရင်းနှီးမြှုပ်နှံမှုများပြားခြင်း

          ကုန်သေတ္တာကိုင်တွယ်သည့် စက်ကိရိယာများနှင့် အခြေခံအဆောက်အဦများ စသည်တို့သည် ရင်းနှီးမြှုပ်နှံမှု ပမာဏများပြားသည့် မရှိမဖြစ် အစိတ်အပိုင်းများ ဖြစ်ကြပါတယ်။ ထို့အပြင် ကုန်သေတ္တာဆိပ်ကမ်းများ၊ ဘက်စုံပို့ဆောင်ရေးစနစ်တွင်ပါဝင်သည့် ကုန်းတွင်းဆိပ်ကမ်များကို အလိုအလျောက်စနစ်သို့ အဆင့်မြှင့်တင်ပါကလည်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမြောက်အများလိုအပ်ပါတယ်။

 

• စီထပ်ခြင်း Stacking

          ကုန်သေတ္တာများကို သင်္ဘောသို့ တင်ပို့ရာတွင် တင်ဆောင်ရသည့် အစီအစဉ်များမှာ ရှုပ်ထွေးမှုရှိပါတယ်။ အထပ်မြင့် စီထပ်ထားသော ကုန်သေတ္တာများအနက်မှ ကုန်သေတ္တာတစ်လုံးကို ထုတ်ယူသည့်အခါ ကျန်ကုန်သေတ္တာများကို ပြန်လည်၍ စီထပ်ရသည့်အတွက် ဆိပ်ကမ်းတံတားလုပ်ငန်း ဆောင်ရွက်သူများအတွက် ကုန်ကျစရိတ်ကို ပိုမိုကျစေပါတယ်။ ကုန်သေတ္တာလွင်ပြင် ပိုမိုကျယ်ဝန်းသည်နှင့်အမျှ ကုန်သေတ္တာတည်နေရာအတွက် စီမံခန့်ခွဲမှုမှာ ပိုမို ရှုပ်ထွေးလာပါနိုင်ပါတယ်။

 

• ကုန်သေတ္တာအခွံများကို ပြန်လည်ရွှေ့ပြောင်းရခြင်း

          ကုန်သေတ္တာအတွင်းမှ သွင်းကုန်ပစ္စည်းများကို ထုတ်ယူပြီးသည့်အခါ ကုန်သေတ္တာအခွံများကို ကုန်သေတ္တာစခန်းသို့ ပို့ဆောင်ရပါတယ်။ ကုန်သေတ္တာသည် အခွံဖြစ်စေ ကုန်ပစ္စည်းထည့်သွင်းထားသည်ဖြစ်စေ -နေရာယူမှုမှာ အတူတူပင်ဖြစ်ပါတယ်။ သွင်းကုန်နှင့် ပို့ကုန် ပမာဏ ကွာခြားသည့်အခါ ကုန်သေတ္တာအခွံများကို လိုအပ်ချက်ရှိသည့်နေရာဒေသများသို့ ပြန်လည် ပို့ဆောင်ကြရပါတယ်။

 

• ပျောက်ဆုံးမှု ဖြစ်ပွားနိုင်ခြင်း

          ကုန်သေတ္တာဆိပ်ကမ်းတံတားနှင့် နောက်ဆုံးပို့ဆောင်ရမည့်နေရာ ဝေးကွာသည့်အခါတွင် ကုန်သေတ္တာကို ဖွင့်လှစ်၍ ကုန်ပစ္စည်းခိုးယူမှုများ ဖြစ်နိုင်ခြေရှိပါတယ်။ တစ်နှစ်လျှင် ကုန်သေတ္တာ အလုံးရေ ၁၅၀၀ ခန့်မှာ သင်္ဘောပေါ်မှ ပင်လယ်အတွင်းသို့ ပြုတ်ကျ၍ ပျောက်ဆုံးမှုများ ဖြစ်ပေါ်လေ့ရှိခဲ့ပါတယ်။

 

• တရားမဝင်ကုန်သွယ်မှု

          ကုန်သေတ္တာများကို တရားမဝင်ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ပစ္စည်းများ မှောင်ခိုတင်သွင်းရန် အသုံးပြုသကဲ့သို့ လူများခိုးဝင်ရန်အတွက်လည်း အသုံးပြုကြပါတယ်။ ထိုသို့ ကုန်သေတ္တာကို တရားမဝင်ပစ္စည်းများ တင်သွင်းတင်ပို့ရန် အသုံးပြုနိုင်သည့်အတွက် အကြမ်းဖက်သမားများက အသုံးချနိုင်သည့်အနေအထားကိုလည်း နိုင်ငံများက အလေးအနက်ထား စောင့်ကြည့်စစ်ဆေးလေ့ရှိကြပါတယ်။

 

Source : Shipping and Logistics

Read times
Rate this item
(1 Vote)