Containers

General Average ဆိုသည်မှာ?

General Average ဆိုသည်မှာ? google

သင်္ဘောတစ်စီးသည် ကုန်ပစ္စည်းအပြည့် တင်ဆောင်၍ ခရီးစဉ်တစ်ခုကို သွားလာနေစဉ် အောက် ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်၌ သင်္ဘောပေါ်ရှိ ကုန်ပစ္စည်းအချို့ကို သင်္ဘောဘေးကင်းစေရေး အတွက် ရေထဲသို့ ပစ်ချကြရပါသည်-

 

• သင်္ဘောပေါ်တွင် မီးလောင်မှုဖြစ်ပွားခြင်း (အန္တရာယ်ရှိ ကုန်ပစ္စည်းအမျိုးအစားကို မှန်ကန်စွာ ဖော်ပြခြင်း မပြုသောကြောင့် ဖြစ်နိုင်ပါသည်)

 

• ကုန်သေတ္တာ သင်္ဘောများတွင် ကုန်းပတ်ပေါ်၌ စီထပ်ထားသော ကုန်သေတ္တာများ ပြိုလဲသည့် အခါ (ကုန်သေတ္တာ၏ အလေးချိန်ကို မှန်ကန်စွာ ကြေငြာခြင်း မပြုသောကြောင့် ဖြစ်နိုင်ပါသည်)

 

• စက်ချို့ယွင်းသည့်အတွက် သင်္ဘောသောင်တင်ခြင်း

 

• သင်္ဘောသည် ပြင်းထန်ဆိုးဝါးသော ရာသီဥတုနှင့် ကြုံတွေ့ရပြီး တစ်ဖက်သို့ စောင်း၍ သင်္ဘောတည်ငြိမ်မှု ပျက်ပြားသည့်အခါ

 

• သဘာဝ သို့မဟုတ် အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် သင်္ဘောပေါ်ပါရှိလာသူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် အနေအထားမျိုး ရောက်ရှိသည့်အခါ

 

 

အထက်ဖော်ပြပါ အခြေအနေများသည် သင်္ဘောကို သို့မဟုတ် ကုန်ပစ္စည်းကို သို့မဟုတ် ခရီးစဉ်ကို အန္တရာယ်ပြုနေသည့် အနေအထားဟု ခေါ်ဆိုပါသည်။ ထိုအခြေအနေမျိုးတွင် သင်္ဘော၏မာလိန်မှူး သို့မဟုတ် သင်္ဘောပိုင်ရှင်သည် သင်္ဘောနှင့် ကုန်ပစ္စည်းများ၊ အထူးသဖြင့် သင်္ဘောပေါ်ပါရှိသူများ၏ အသက်အန္တရာယ်ကို ထိခိုက်မှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ရှိပါသည်။ ထိုအခါ သင်္ဘော၏ မာလိန်မှူးသည် အထူးပေးအပ် ထားသော အာဏာကို အသုံးပြု၍ သင်္ဘော၊ကုန်ပစ္စည်းနှင့် လူများ အန္တရာယ်ကင်းစေရန်အတွက် အောက်ပါလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ရပါသည်-

 

• ကုန်ပစ္စည်းအချို့ကို ရေထဲသို့ ပစ်ချခြင်း (jettisoning some cargo) (ကုန်ပစ္စည်း အလေးချိန်သည် သင်္ဘော၏ တည်ငြိမ်မှုအပေါ် သက်ရောက်မှု ရှိနေသည့်အခါ)

 

• သင်္ဘော သောင်တင်နေသည့်အခါ ရေပေါ်သို့ တက်လာစေရန်အတွက် ကုန်ပစ္စည်း အလေးချိန်ကို တစ်နည်းနည်းဖြင့် လျော့နည်းအောင် ပြုလုပ်ခြင်း (စွန့်ပစ်ခြင်း)

 

• လက်ရှိအနေအထားကို ကယ်တင်နိုင်ရန်အတွက် အနီးဆုံးဆိပ်ကမ်းမှ လာရောက် အကူအညီ ပေးရန် ဘေးအန္တရာယ် ကျရောက်နေကြောင်း အချက်ပေးခြင်း (distress call)

 

• သင်္ဘောကို အရေးပေါ် ပြင်ဆင်သည့်အခါ ကုန်ပစ္စည်းအချို့ ပျက်စီးဆုံရှုံးမှု ဖြစ်ပေါ်ခြင်း

 

အထက်ပါ အရေးပေါ်ကိစ္စများကို ဆောင်ရွက်သည့်အခါ ကုန်ပစ္စည်းအချို့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လာသည့် အတွက် သင်္ဘောပိုင်ရှင်မှ General Average အဖြစ် ကြေငြာပါသည်။

 

 

 General-Average-TPIC.png

 

 

General Average သည် ရေကြောင်းဥပဒေတွင် မူတစ်ရပ်ဖြစ်ပြီး အဆိုပါဥပဒေအရ ခရီးစဉ်တွင် ပါဝင်သည့် အဖွဲ့အစည်း (ကုန်ပိုင်ရှင်များ) အားလုံးသည် ထိုသို့စွန့်လွှတ်မှု (sacrifice) အတွက် ဆုံးရှုံးမှုအပေါ် အချိုးကျ ထည့်ဝင်ရန် သင်္ဘောပိုင်ရှင်မှ တောင်းဆိုခွင့်ရှိပါသည်။ မြေပြင်ပေါ်သို့ ချောမွေ့စွာ ရောက်ရှိသည့် ကုန်ပစ္စည်းများ၏ ပိုင်ရှင်များသည် သင်္ဘောအန္တရာယ် ကင်းရှင်းရန် ဆောင်ရွက်ရသဖြင့် ထိခိုက်ဆုံးရှုံးမှုကို ခံစားရသော သင်္ဘောပိုင်ရှင်၊ ကုန်ပိုင်ရှင်များ အတွက် ဆုံးရှုံးမှု၏ သတ်မှတ်ရာခိုင်နှုန်း (အချိုးကျထည့်ဝင်ငွေ) ကို ပေးဆောင်ကြရပါသည်။

 

ဥပမာအားဖြင့် ကုန်ပိုင်ရှင်ဦးရေ (၁၀၀) မှ တင်ပို့လိုက်သည့် ကုန်သေတ္တာအလုံးရေ (၁၀၀) ပါသည့် သင်္ဘောတစ်စီးပေါ်တွင် ကုန်သေတ္တာ (၁) လုံး မီးစွဲလောင်ပြီး ကျန်ကုန်သေတ္တာ (၉) လုံးကို မီးကူးသည်ဟု ဆိုကြပါစို့။ ထိုအခါ သင်္ဘောပေါ်ရှိ ကျန်ကုန်သေတ္တာ အလုံး (၉၀) နှင့် သင်္ဘောသားများ ဘေးအန္တရာယ်ကင်းရှင်းရေအတွက် မီးစွဲလောင်သည့် ကုန်သေတ္တာ (၁၀) လုံးကို ရေထဲသို့ ပစ်ချလိုက်ရပါသည်။

 

ထို့ကြောင့် ဆုံးရှုံးမှုနှင့် သက်ဆိုင်သည့် ဝန်ထုပ်ဝန်ပိုးကို ကုန်ပစ္စည်း အဆုံးရှုံး ခံလိုက်ရသည့် ကုန်ပိုင်ရှင် (၁၀) ဦး မှသာ ကျခံရခြင်း မဟုတ်ပဲ တင်ဆောင်သည့် ကုန်ပိုင်ရှင် (၁၀၀) ဦး စလုံးက အချိုးကျ ကျခံရခြင်း ဖြစ်ပါသည်။

 

Source : Shipping and Logistics

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)