Containers

ခေါက်ကွန်တိန်နာ

ရေကြောင်းကွန်တိန်နာ တီထွင်သုံးစွဲခဲ့ပြီး ကာလရှည်ကြာတည်တံ့နေဆဲ ဖြစ်သည်။

နောက်တစ်ဆင့်တက်ပြီး ခေါက်ကွန်တိန်နာများ သုံးစွဲသင့်သည့် အချိန်အခါကို ရောက်နေသည်။
သို့သော် အပြောင်းအလဲတစ်ခု ကူးပြောင်းဖို့ နောက်ပြန်ဆွဲနေသည့်အချက်များ မလွဲမသွေ ရှိစမြဲ ဖြစ်သည်။

ဆိပ်ကမ်းများတွင် စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ထားသော သတ္တုကုန်သေတ္တာများ စုပုံနေသည်။ ကုန်စည်ထည့်ထားသည့် ကွန်တိန်နာများနှင့် ဗလာကျင်းနေသည့် ကွန်တိန်နာအလွတ်များ နှစ်မျိုးစလုံးဖြင့် နေရာပြည့်ကျပ်နေစေသည်။
ဆိပ်ကမ်းမှာ နေရာကျပ်သည့်အပြင် ကွန်တိန်နာအလွတ်များကို လိုအပ်နေသည့် ဆိပ်ကမ်းများဆီသို့ ပိုလျှံစုပုံနေသည့် ဆိပ်ကမ်းများထံမှ ရွှေ့ပြောင်းရန်အတွက် သယ်ယူပို့ဆောင်ရာ၌လည်း အလွတ်က ကုန်ပါသည့်ကွန်တိန်နာ နည်းတူ ထပ်တူထပ်မျှ နေရာယူသည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ခ စရိတ်စကများ များပြားသည်။

ထိုအချက်ကို ဖြေရှင်းပေးထားသည့် ခေါက်ကွန်တိန်နာများ တီထွင်ထုတ်လုပ်ထားသော်လည်း သုံးစွဲမှု နည်းပါးနေသည်။ ခေါက်ကွန်တိန်နာကို ခေါက်သိမ်းထားလျှင် မူလအရွယ်အစား၏ လေးပုံတစ်ပုံသာ နေရာယူသည်။

ယခုနှစ်တွင် ပေ ၂၀ ကွန်တိန်နာနှင့် ညီမျှသော ပမာဏယူနစ်( 20-foot equivalent unit TEU) အရ ၈၆၂ သန်းကို ကမ္ဘာ့ဆိပ်ကမ်းများတွင် သယ်ယူပို့ဆောင်ခဲ့ကြရာတွင် ၂၇% နီးပါးသည် ကွန်တိန်နာ အလွတ်များ ဖြစ်လိမ့်မည်ဟု ရေကြောင်းအတိုင်ပင်ခံလုပ်ငန်း Drewry က ခန့်မှန်းထားသည်။
၎င်းကွန်တိန်နာအလွတ်များကို လိုအပ်နေသည့် ဆိပ်ကမ်းများဆီသို့ ပြောင်းရွှေ့ရန် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံကုန်ကျမည်ဟု Boston Consulting Group က တွက်ချက်ထားပါသည်။
ကွန်တိန်နာအလွတ်များကို ပို့ဆောင်ရွှေ့ပြောင်းရသည့်အတွက် ပို့ဆောင်ခ ပေးရသည်မှာ ကွန်တိန်နာအလွတ်ထဲ ရှိနေသည့် လေအတွက် ပေးနေသည်နှင့် အတူတူပင် ဖြစ်နေသည်။ အကယ်၍ ခေါက်သိမ်းနိုင်သည့် ကွန်တိန်နာ ဆိုပါက ကွန်တိန်နာအလွတ် သယ်ပို့ခကိုသာ ပေးရမည်ဟု 4Fold ဟု လူသိများသော Holland Container Innovations Nederland BV ၏ စီအီးအို Hans Broekhuis က ပြောကြားသည်။

၂၀၁၃ ခုနှစ်တွင် ပေ ၄၀ သတ္တုကုန်သေတ္တာများကို ခေါက်ကွန်တိန်နာများအဖြစ် 4Fold က ထုတ်လုပ်ခဲ့ပြီး Container Safety Convention and International Organization for Standardization ထံမှ သင်္ဘောလိုင်းများ အတွက် လိုအပ်သည့် စံချိန်စံညွှန်းများ ပြည့်မီကြောင်း လက်မှတ်ကို ရရှိခဲ့ပါသည်။

Delft ဟု အမည်ပေးထားသော ခေါက်ကွန်တိန်နာများကို သင်္ဘောလိုင်း ၁၅ခုကျော်တို့က ကမ္ဘာတစ်လွှားရှိ ဆိပ်ကမ်း ၆၀ တို့တွင် သုံးစွဲခဲ့ကြသည်။ Delft ခေါက်တိန်နာကို ခေါက်သိမ်းလိုက်ပါက မူလအရွယ်အစား၏ လေးပုံတစ်ပုံသာ ရှိတော့သည့် အရွယ်အစား ဖြစ်သွားသည်။ ကွန်တိန်နာအလွတ်များ သယ်ပို့ရန်နှင့် ထားသိုရန် နေရာယူခြင်း သိသိသာသာ လျော့နည်းသွားစေသည်။
ကုန်တွင်း သယ်ယူပို့ဆောင်မှုတွင် ခေါက်ကွန်တိန်နာသည် သယ်ပို့ခ ၅၇% သက်သာစေနိုင်သည်။ ဝယ်ဈေး များခြင်းနှင့် နှစ်စဉ် ပြုပြင်ထိန်းသိမ်းစရိတ် ရှိသော်လည်း သယ်ပို့စရိတ်သက်သာသဖြင့် တွက်ခြေကိုက်သည်ဟု Singapore University of Social Sciences မှ နည်းပြဆရာ Shao Hung Goh က ပြုလုပ်ခဲ့သော သုတေသနအရ သိရသည်။

အလားအလာမျှော်လင့်ချက် ရှိသော်လည်း ပုံစံသစ်ကို ပြောင်းလဲသုံးစွဲရန် ကုန်ကျစရိတ် မြင့်မားနေသည်။ သို့ဖြစ်ရာ ခေါက်ကွန်တိန်နာများ ပြောင်းလဲသုံးစွဲဖို့ နောက်တွန့်နေကြသည်။ အသုံးများသည့် ပင်မရေစီးကြောင်းထဲ ရောက်မလာသေးပေ။

ရေကြောင်းကွန်တိန်နာများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်က International Maritime Association မှ သတ်မှတ်ပြဌာန်းပေးခဲ့သည့်အတိုင်း မပြောင်းမလဲ ဆက်လက်တည်တံ့နေသည်။ သို့ဖြစ်ရာ သိသာသော အပြောင်းအလဲကိုပြုမည့် ခေါက်ကွန်တိန်နာများ သုံးစွဲမှု အရှိန်တက်လာဖို့မှာ ကြိုးပမ်းအားထုတ်ဖို့ လိုမည် ဖြစ်ပါသည်။

Read times
Rate this item
(0 votes)