Containers

MSC က Maersk ထံမှ ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာလိုင်း သရဖူ ရယူ

MSC ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာလိုင်း သရဖူ ဆောင်းလိုက်ပါတယ်။

ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာလိုင်း သရဖူကို
A.P. Moller-Maersk A/S စွန့်လွှတ်လိုက်ရတယ်။
သရဖူကို MSC လို့ အတိုကောက်အားဖြင့် လူသိများတဲ့ ကွန်တိန်နာလိုင်း
Mediterranean Shipping Co. က သရဖူ ဆောင်းလိုက်ပါတယ်။

Alphaliner မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ကွန်တိန်နာ သယ်ယူနိုင်စွမ်း စုစုပေါင်း ပမာဏမှာ ဒိန်းမတ်သင်္ဘောလိုင်း MSC က ပိုများသွားတာ ဖြစ်ပါတယ်။
ပုံမှန်ပေ၂၀ ကွန်တိန်နာတစ်လုံးနဲ့ ညီမျှသော ပမာဏအရ MSC က 4,284,728 TEU (20-foot container Equivalent Unit) ရှိသွားပြီ ဖြစ်တဲ့အတွက် Maersk ထက် 1,888 ပိုများပါတယ်။

ဒါပေမဲ့ Maersk က ကုမ္ပဏီ သင်္ဘောအများစုဖြင့် ပြေးဆွဲနေတာ ဖြစ်ပြီး ချာတာငှားထားတာ ၄၂% ပါဝင်ပါတယ်။ MSC မှာ ချာတာငှားထားတာ ၆၅% ခန့် ရှိပါတယ်။


Maersk က ကွန်တိန်နာသင်္ဘောနယ်ပယ်ထဲမှာ စတင်ခုတ်မောင်းတာ ၁၉၇၅ ခုနှစ်မှာ ဖြစ်ပြီး ဆယ်စုနှစ်များ အတန်ကြာအောင် ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာလိုင်း သရဖူကို ဆောင်းထားခဲ့ပါတယ်။
Maersk က ကွန်တိန်နာ အကြီးစား စံချိန်သစ်တွေ တည်ဆောက်ဖို့ မှာယူလေ့ရှိပါတယ်။
သင်္ဘောအသစ်အဆန်းတွေလည်း မှာယူလေ့ရှိပါတယ်။ လတ်တလောမှာ မက်သနောနဲ့ ခုတ်မောင်းတဲ့ သင်္ဘော မှာကြားထားပါတယ်။

Maersk ရဲ့ စီအီးအို Soren Skou က မကြာသေးခင်က ပြောကြားခဲ့တာမှာ အကြီးမားဆုံး နံပါတ်ဝမ်း ဖြစ်ဖို့က အရေးမကြီးကြောင်း၊ Maersk ကွန်တိန်နာသင်္ဘောလိုင်းအဖြစ်မှ လော့ဂျစ္စတစ်ကုမ္ပဏီအဖြစ်သို့ ကူးပြောင်းပြီ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အမြတ်မာဂျင် ပိုကြီးတဲ့ မြေပြင်အခြေပြု လောဂျစ္စတစ်ကို ချဲ့ထွင်နေကြောင်းလည်း အသိပေးပြောကြားခဲ့ပါတယ်။
အကြီးမားဆုံး ကွန်တိန်နာလိုင်းဆိုတာနဲ့ ပတ်သက်လို့ ဒီဇင်ဘာလ ၂၂ ရက် ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက "အဲဒါက ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့အဖို့ အရေးပါတာက ကျွန်တော်တို့ထံ အလုပ်အပ်နှံသူတွေနဲ့ အတူ စီးပွားတက်ဖို့ပါပဲ" လို့ ပြောကြားပါတယ်။ ပြိုင်ဆိုင်ဖို့ထက် ရထားတဲ့ ဖောက်သည်တွေက Maersk ထံမှ လောဂျစ္စတစ် ဝန်ဆောင်မှုအမျိုးမျိုးကို ဝယ်သုံးကြအောင် ဆွဲဆောင်မှုအားကောင်းကောင်းဖြင့် လုပ်နိုင်ဖို့အတွက် ကုန်တွင်းပို့ဆောင်ရေးကို ချဲ့ထွင်နေတာသာ ဖြစ်တယ်လို့ သူက ပြောပြပါတယ်။

အကယ်စင်စစ် MSC နဲ့ Maersk တို့က ပြိုင်ဆိုင်နေကြတာ မဟုတ်ဘဲ ပူးပေါင်းလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ MSC ရဲ့ လက်ရှိ စီအီးအို Soren Toft က ယခင်တုန်းက Maersk မှာ Chief Operating Officer အ‌ဖြစ် ၂၀၁၃ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့ပြီး ၂၀၂၀ ဒီဇင်ဘာမှာ MSC ထံ စီးအီးအိုအဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။ သင်္ဘောကုန်တင်နေရာ ဝေမျှသုံးစွဲခြင်း စီးပွားဖက်အဖြစ် Maersk နဲ့ MSC တို့ နီးနီးကပ်ကပ် လက်တွဲထားကြပါတယ်။ ဘလောက်ချိန်းအခြေပြု ပလက်ဖောင်းတစ်ခုကိုလည်း အတူသုံးစွဲကြပါတယ်။

Read times
Rate this item
(0 votes)