တိုင်ဝမ် ကြီး၃ကြီးက 3PL များ ဝယ်ယူမည် မဟုတ်ဟု ပြောကြား
တိုင်ဝမ်မှ သင်္ဘောလိုင်း အော်ပရေတာကြီးများ ဖြစ်ကြတဲ့ Evergreen, Yang Ming နှင့် Wan Hai တို့က ၎င်းတို့ရဲ့ အခရာကျတဲ့ လုပ်ငန်းဖြစ်တဲ့ ကွန်တိန်နာသင်္ဘောပြေးဆွဲခြင်းကိုသာ စူးစိုက်ထားကြောင်း၊ MSC, Maersk နှင့် CMA CGM တို့ကဲ့သို့ နယ်ပယ်ချဲ့ထွင်ရန် 3PL (Third-party logistics) များကို ဝယ်ယူလုပ်ကိုင်မည် မဟုတ်ကြောင်း ပြောကြားပါတယ်။
Evergreen နှင့် Yang Ming တိူ့က လေ့လာဆန်းစစ်သူများ၊ စာနယ်ဇင်းသမားများနှင့် လစဉ်ပုံမှန် တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် လောဂျစ္စတစ်ကုမ္ပဏီများကို ဝယ်ယူလုပ်ကိုင်မှာ မဟုတ်ကြောင်း ဖြေကြားခဲ့ပါတယ်။
ဒီဇင်ဘာလမှာ MSC က ဘရာဇီး လောဂျစ္စတစ် ကုမ္ပဏီ Log-in Logistica ကိုလည်းကောင်း၊ Maersk က ဟောင်ကောင်အခြေစိုက် LF Logistics ကိုလည်းကောင်း၊ CMA CGM က အမေရိကန် လောဂျစ္စတစ်ကုမ္ပဏီ Ingram Micro CLS ကို လည်းကောင်း ဝယ်ယူခဲ့ကြပါတယ်။
MSC က အာဖရိက လောဂျစ္စတစ်နယ်ပယ်ထဲ ဝင်ရောက်ဖို့ အမေရိကန်ေဒါ်လာ ၆ ဘီလျံဖြင့် Bolloré Logistics’ ရဲ့ African ports division ကို ဝယ်ယူပါတယ်။ ဂါနာ၊ နိုင်ဂျီးရီးယား၊ ကင်မရွန်းနှင့် တိုဂိုတို့မှာ ကွန်တိန်နာ ဆိပ်ခံတွေ ဝယ်ယူခဲ့ပါတယ်။ စုစုပေါင်း ကွန်တိန်နာဆိပ်ခံ ၁၆ ခု ဝယ်ယူထားပါတယ်။
ကုန်တွင်းပိုင်း၊ ရေကြောင်း၊ လေကြောင်းတို့ကို တစ်ကမ္ဘာလုံး ပေါင်းစပ်လုပ်ကိုင်တဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်လာဖို့ ဦးတည်ထားတဲ့ Maersk ရဲ့ မဟာဗျူဟာကို Evergreen က အတုယူပြီး လိုက်လုပ်မှာ မဟုတ်ကြောင့် Evergreen အကြီးအကဲ Eric Hsieh က ပြောကြားပါတယ်။
"ကျွန်တော်တို့မှာ ကိုယ်ပိုင် လောဂျစ္စတစ် ကုမ္ပဏီ Evergreen Logistics Corp ရှိထားပြီးသား ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကို ကမ္ဘာတစ်လွှား တိုးချဲ့ သွားမှာပါ။ တခြား လောဂျစ္စတစ်လုပ်ငန်းတေဠ ဝယ်ယူဖို့ အစီအစဉ် မရှိပါဘူး"
Yang Ming ရဲ့ အထွေထွေ မန်နေဂျာ Du Shu-chin က ကုမ္ပဏီတစ်ခုနှင့်တစ်ခု အစီအစဉ် ကွာခြားကြောင်း၊ Maersk ရဲ့ မဟာဗျူဟာကို ဈေးကွက်က စောင့်ကြည့်လိမ့်မယ်လို့ ပြောကြားပါတယ်။
"သင်္ဘောကုမ္ပဏီတွေရဲ့ ကဏ္ဍတွေ မတူကြဘူး။ လောဂျစ္စတစ်လုပ်ငန်းကဏ္ဍနဲ့ သင်္ဘောလိုင်းကဏ္ဍတို့အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းတဲ့ ဆက်နွှယ်မှုတစ်ရပ် ရှိနေပါတယ်။ လောဂျစ္စတစ်လုပ်ငန်းကို အသည်းအသန် ဖွံ့ဖြိုးအောင်လုပ်ဖို့ လိုသလားဆိုတာ ကျွန်တော်တို့ မဖြစ်မနေ ဂရုတစိုက်ဖြင့် သုံးသပ်ရပါမယ်။ Yang Ming မှာ ကောင်းမွန်တဲ့ နိုင်ငံတကာ လောဂျစ္စတစ် ဝန်ဆောင်မှု ရှိထားပြီးသားဖြစ်ပါတယ်။ အဲဒီလုပ်ငန်းကို ဆက်လက်တိုးချဲ့သွားပါမယ်" လို့ ၎င်းက ပြောကြားပါတယ်။
Wan Hai က 3PL ကုမ္ပဏီများ ဝယ်ယူဖို့ ရည်ရွယ်ထားခြင်း မရှိကြောင်းပြောကြားပါတယ်။
ယမန်နှစ်တွင် အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းမှာ သင်္ဘောများ ပြည့်ကျပ်တာကြောင့် ကွန်တိန်နာ ပို့ဆောင်ရေးနှုန်းထားများ စံချိန်တင်မြင့်တက်ခဲ့တာကြောင့် Wan Hai ဝင်ငွေ အမေရိကန်ဒေါ်လာ ၈.၂၃ ဘီလျံအထိ မြင့်မားခဲ့ပါတယ်။
Wan Hai ရဲ့ အာရှဆိပ်ကမ်းများအကြား ပြေးဆွဲတဲ့ဆီမှ ဝင်ငွေကတော့ လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။ အာရှကုန်သွယ်ရေးကြောင်းလမ်းမှာ လုပ်ကိုင်တဲ့ အော်ပရေတာတွေ ပိုများခဲ့လို့ ဖြစ်ပါတယ်။