Containers

CULines အဆင့် ၉၅ မှ အဆင့် ၂၂ သို့ ရောက်ရှိ

CULines အဆင့် ၉၅ မှ အဆင့် ၂၂ သို့ ရောက်ရှိ


တရုတ်နိုင်ငံမှ China United Lines (CULines) က ရှယ်ယာများ ရောင်းချပြီး အရင်းအနှီး ရယူရန် ဟောင်ကောင်စတော့အိပ်ချိန်းတွင် စာရင်းဝင်မည် ဖြစ်သည်။ ယခုအခါ ရှယ်ယာအများစုကို တရုတ်အစိုးရက ပိုင်ဆိုင်ထားသည်။

ရရှိလာသော ရှယ်ယာရောင်းရငွေဖြင့် သင်္ဘောစီးရေ တိုးချဲ့မည်ဟု ဆိုသည်။

ထို့ပြင် ကုန်လှောင်ရုံများ၊ ကွန်တိန်နာလွင်ပြင်များလည်း ဝယ်ယူရန် အစီအစဉ် ရှိသည်။

လောဂျစ္စတစ်ဝန်ဆောင်မှုများ တိုးချဲ့မည်။ တစ်ချိန်တည်းမှာပင် ဝန်ဆောင်မှုကွန်ရက်ကို တိုးချဲ့မည် ဖြစ်သည်။

CULines ၏ လူအများထံ ကနဦးရှယ်ယာ ရောင်းချခြင်းတွင် China International Capital Corporation နှင့် Citi တို့က ပူးတွဲကြီးကြပ်ကြမည်။

ဆိပ်ကမ်းတွင် ကွန်တိန်နာ ကိစ္စအဝဝတို့ကို ဆောင်ရွက်သည့် Non Vessel Owning Common Carrier (NVOCC ) အဖြစ်ဖြင့် လုပ်ငန်းစတင်ခဲ့သော CULines သည် သင်္ဘောများ ချာတာငှားပြီး အာရှတစ်ဝိုက်တွင် ပြေးဆွဲခြင်းကို လုပ်ငန်းချဲ့ထွင်လုပ်ကိုင်သည်။ လုပ်ငန်းကို ဆက်လက်တိုးချဲ့ခဲ့ရာ တစ်ပတ်ရစ်သင်္ဘော နှစ်စီးကို ဝယ်ယူပြီး အားဖြည့်ခဲ့သည်။
၂၀၂၁ တွင် ကွန်တိန်နာပို့ဆောင်ခများ မြင့်တက်နေသည့်အခါ ပစိဖိတ်သမုဒ္ဒရာ ဖြတ်သန်းသည့် ကုန်သွယ်ရေကြောင်း ခရီးစဉ်များနှင့် အာရှ-ဥရောပ ကုန်သွယ်ရေကြောင်းခရီးစဉ်များကို တိုးချဲ့ပြေးဆွဲသည်။

၂၀၂၀ အောက်တိုဘာလတွင် ကွန်တိန်နာသင်္ဘောလိုင်းများအကြား အဆင့် ၉၅ တွင် ရှိခဲ့ပြီး ယခုအခါ အဆင့် ၂၂ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သင်္ဘောစုစုပေါင်း ၃၄ စီးဖြင့် ပြေးဆွဲနေသည်။ သယ်ပို့နိုင်စွမ်းစုစုပေါင်း 83,103 teu ရှိသည်။

CULines သည် ၂၀၂၁ နိုဝင်ဘာလတွင် လက်ရှိ တရုတ်နိုင်ငံသား စီးအီးအို Raymond Chen နှင့်အတူ ပူးတွဲစီးအီးအိုအဖြစ် Hapag-Lloyd သင်္ဘောလိုင်းမှ အလုပ်အမှုဆောင်ဟောင်း Lars Christiansen ကို ခန့်အပ်ခဲ့သည်။

တရုတ်နိုင်ငံပိုင်လုပ်ငန်းတွင် နိုင်ငံခြားသားများ အလုပ်ခန့်လေ့ မရှိသည့်အပြင် ထိပ်ပိုင်းရာထူးကို အနောက်နိုင်ငံသားအား ပေးအပ်လေ့ မရှိသဖြင့် နိုင်ငံတကာသို့ ချဲ့ထွင်ရန်အတွက် ထူးခြားသော ခြေလှမ်း ဖြစ်သည်။


CULines က 1,900 teu မှ 2,400 teu အထိ သင်္ဘော အသစ် ၈ စီးကို မှာကြားထားပြီးဖြစ်ရာ ၂၀၂၂ ဇွန်လမှ ၂၀၂၃ ဒီဇင်ဘာလအထိ ကာလအတွင်း ရရှိမည်။

China United Lines (CULines) က CSSC Huangpu Wenchong Shipbuilding သင်္ဘောကျင်းတွင် ၂၀၂၂ ဖေဖော်ဝါရီလတွင် 2,700 teu ကွန်တိန်နာ သင်္ဘောအသစ် ၂ စီး မှာကြားထားသည်။

CULines က တတိယအကြိမ် မှာကြားခြင်း ဖြစ်သည်။ ယခင်က ၂၀၂၁ ဇန်နဝါရီလနှင့် မတ်လတို့တွင် 1,900 teu ကွန်တိန်နာသင်္ဘောအသစ် ၄ စီးကို မှာကြားခဲ့သည်။

Yangzijiang Shipbuilding သင်္ဘောကျင်းတွင် 2,400 teu ကွန်တိန်နာ သင်္ဘောအသစ် ၂ စီး မှာကြားထားသည်။

CULines ၏ သင်္ဘောအုပ်စုတွင် အငယ်စားနှင့် အလတ်စား သင်္ဘောများ ပါဝင်ပြီး သယ်ပို့နိုင်စွမ်း 5,300 teu အောက်တွင်သာ ရှိသော သင်္ဘောများ ဖြစ်သည်။ သို့ဖြစ်ရာ အရွယ်ကြီးသော သင်္ဘောများ လက်မခံနိုင်သည့် ဆိပ်ကမ်းများသို့လည်း ပြေးဆွဲနိုင်သည့် အားသာချက် ရှိသည်။ ပင်လယ်ခရီးတိုများနှင့် ပင်လယ်ရေနက်ခရီးရှည် ကုန်သွယ်ရေကြောင်း ၂ မျိုးစလုံး ပြေးဆွဲနိုင်သည်။

ဈေးကွက်တွင် ဖြစ်ပေါ်သော အခြေအနေများအရ သင်္ဘောချာတာအငှား သဘောတူ စာချုပ်ပါ အချက်အလက်များကို ပြောင်းလဲရန်အတွက် ချာတာငှားသည့် Quanzhou Ansheng Shipping ကုမ္ပဏီနှင့် သဘောတူညီချက်များ ရယူထားရန် အစီအစဉ်ရှိသည်ဟု ကုမ္ပဏီက ပြောကြားသည်။

CULines က လောဂျစ္စတစ်ကဏ္ဍတွင် ကွန်တိန်နာလွင်ပြင် ၃ ခု၊ သိုလှောင်ရုံ ၇ ခု ကို တရုတ်ပြည် ရှန်ဟိုင်းနှင့် နန်ရှာ ဆိပ်ကမ်းမြို့များတွင်လည်းပောင်း၊ အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ်မြို့တွင် လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးနှင့် ဟိုင်ဖောင် မြို့များတွင်လည်းကောင်း ထိုင်းနိုင်ငံ လန်ချာဘန်းနှင့် ဘန်ကောက် မြို့များတွင်လည်းကောင်း လုပ်ကိုင်ရန် အစီအစဉ် ရှိသည်။

လော့စ်အိန်ဂျယ်လိစ်မြို့တွင် နောက်တွဲယာဉ် ထရပ်ကားလုပ်ငန်းတစ်ခုကို ဝယ်ယူရန် ရည်ရွာ်ချက် ရှိသည်။

၂၀၂၁ ပထမ ၉ လတွင် ကုမ္ပဏီ အသားတင်အမြတ် အမေရိကန်ဒေါ်လာ ၁၈၂.၂ သန်း ရရှိခဲ့သည်။

 

 

 
Read times
Rate this item
(0 votes)