၂၀၂၁ မှာ Hapag-Lloyd အမြတ် ဒေါ်လာ ၁၀ ဘီလျံ ရရှိခဲ့
၂၀၂၁ အတွက် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာကို Hapag-Lloyd က ထုတ်ပြန်ခဲ့ရာမှာ ကွန်တိန်နာ တန်ဆာခများ မတန်တဆ မြင့်မားနေတာကြောင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၆.၄ ဘီလျံ ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ ကွန်တိန်နာ တန်ဆာခ နှုန်းထားက ပျမ်းမျှအားဖြင့် ၂၀၂၀ ခုနှစ်မှာ အမေရိကန်ဒေါ်လာ 1,115/TEU ရှိခဲ့ပြီး ၂၀၂၁ မှာ အမေရိကန်ဒေါ်လာ 2,003/TEU ရှိတဲ့အထိ မြင့်တက်နေခဲ့ပါတယ်။
ဂျာမန် ကွန်တိန်နာသင်္ဘောလိုင်း Hapag-Lloyd အနေဖြင့် အာရှမှ ပို့ကုန်ပမာဏ မြင့်မားတဲ့အတွက် အကျိုးဖြစ်ထွန်းခဲ့တယ်လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။
Hapag-Lloyd မှာ တင်ရှိနေတဲ့ အသားတင်ကြွေးမြီများ အားလုံးကို ၂၀၂၁ မှာ ပေးဆပ်ခဲ့ပါတယ်။
ကုမ္ပဏီရဲ့ ကွန်တိန်နာ ထုထည်ပမာဏကို ၂၀၂၀ ခုနှစ်ထက် ၂၀၂၁ မှာ TEU တစ်သန်း တိုးခဲ့ပါတယ်။ TEU ၁၁.၉ သန်း ပို့ဆောင်ပေးခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေးအတွက် စရိတ်စကများလည်း မြင့်တက်ခဲ့ပြီး ဘန်ကာဈေးနှုန်းများ မြင့်မားနေပါတယ်။ Hapag-Lloyd က ငှားရမ်းပြီး ပြေးဆွဲတဲ့ စင်းလုံးငှား ချာတာဈေးနှုန်းများလည်း မြင့်တက်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ဟာ Hapag-Lloyd အတွက် အောင်မြင်တဲ့နှစ်အဖြစ် စီအီးအို Rolf Habben Jansen က မှတ်ချက်ပြုပါတယ်။ ခေတ်မီသင်္ဘောများ၊ ကွန်တိန်နာအသစ်များမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုများ ပြုခဲ့ကြောင်း ၎င်းက ပြောကြားပါတယ်။
container-news.com