Maersk နှင့် CIMC ဒေါ်လာ ၉၈၇ သန်းတန် ကွန်တိန်နာလုပ်ငန်း အရောင်းအဝယ် ဖျက်သိမ်း
ကမ္ဘာလုံးဆိုင်ရာ သင်္ဘောကွန်တိန်နာ ထုတ်လုပ်ရောင်းချသူများဖြစ်ကြတဲ့ China International Marine Containers နှင့် Maersk Container Industry တို့က လုပ်ငန်းနှစ်ခု ပေါင်းစည်းခြင်း အစီအစဉ်ကို စွန့်လွှတ်လိုက်ကြောင်း ကြာသပတေးနေ့ (ဩဂုတ် ၂၅)မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
မကျော်လွှားနိုင်ငံ စည်းမျဉ်းစည်းကမ်းစိန်ခေါ်မှုများကြောင့် နောက်ဆုတ်လိုက်ကြကြောင်း ပြောကြားပါတယ်။
စက်တင်ဘာလတွင် China International Marine Containers (CIMC) က ဒိန်းမတ်သင်္ဘောကုမ္ပဏီ AP Moeller - Maersk ရဲ့ အအေးခန်း ကွန်တိန်နာ ထုတ်လုပ်ရေးလုပ်ငန်းခွဲMaersk Container Industry (MCI)ကို ကန်ဒေါ်လာ ၉၈၇ ဒသမ ၃ သန်းဖြင့် ဝယ်ယူရန် သဘောတူညီခဲ့ကြပါတယ်။
အဆိုပါ အရောင်းအဝယ် သဘောတူညီချက်က ကမ္ဘာ့အအေးခန်း ကွန်တိန်နာ ထုတ်လုပ်ရေး လုပ်ငန်း ၄ ခု ရှိနေတဲ့အနက် ၂ ခု လုပ်ငန်း တသ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်တာဖြစ်လို့ အဆုံးသတ်မှာ လုပ်ငန်း ၃ ခုသာ ကျန်ရှိပြီး ဈေးကွက်ကို ကြီးစိုးလွှမ်းမိုးလိုက်မယ့်အရေး ပေါ်ပေါက်လာနိုင်တယ်လို့ အမေရိကန် တရားရေးဌာနက ထောက်ပြခဲ့ပါတယ်။ ကမ္ဘာ့အအေးပေး ပစ္စည်းပေးသွင်း ကွင်းဆက်ကို ပိုမို စုစည်းေနလိမ့်မယ်လို့ ဆိုပါတယ်။
China International Marine Containers (CIMC) လက်ထဲ Maersk ရဲ့ အအေးခန်း ကွန်တိန်နာ ထုတ်လုပ်ရေးလုပ်ငန်းခွဲ ရောက်ရှိပြဣးချိန်မှာ ဈေးကွက်ဝေစု ၉၀% ကို CIMC ရရှိထားမှာ ဖြစ်ပါတယ်။
CIMC က နိုင်ငံပိုင်လုပ်ငန်းဖြစ်နေပြီး တရုတ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် တရုတ်အစိုးရလက်အောက်မှာ ဈေးကွက်ဝေစု ၉၀% ရောက်ရှိနေပါလိမ့်မယ်။
ဈေးကွက်ဝေစု ၉၀% ရရှိထားတဲ့အခါ လက်ဝါးကြီးအုပ် ခြယ်လှယ်နိုင်ပြီဖြစ်လို့ ဈေးနှုန်းများ မြှင့်တက်ခြင်း၊ အရည်အသွေးလျှော့ချခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။
Maersk Container Industry ရဲ့သီးခြားရပ်တည်ပြိုင်ဆိုင်မှု၊ ဆန်းသစ်တီထွင်မှုတို့ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
အပြိုင် မလုပ်ဘဲ အချင်းချင်းညှိ၍ အမြတ်ထွက်ရန် ကြံစည်သဘောတူသည့် စီးပွားရေးလုပ်ငန်းများ ကာတယ်ဖွဲ့ခြင်းကို စိစစ်တဲ့ဌာန ဖြစ်တဲ့ ဂျာမနီနိုင်ငံ ပြည်ထောင်စု ကာတယ် ဌာန Germany's Federal Cartel Office ကလည်း MCI ကို CIMC က ဝယ်ယူပြီး CIMC မှာ ပေါင်းစည်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုများကို ဆန်းစစ်နေကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Maersk က ကွန်တိန်နာ ပို့ဆောင်ရေး အပါအဝင်ဖြစ်တဲ့ လော့ဂျစ္စတစ်ကဏ္ဍ ဝန်ဆောင်မှုကို ကူးပြောင်းလုပ်ကိုင်နေတဲ့အတွက် ကုန်ထုတ်လုပ်ရေးကဏ္ဍမှ အအေးခန်းကွန်တိန်နာလုပ်ငန်းခွဲကို ရောင်းချပြီး အရင်းအနှီး ပြန်ဖော်ယူတာ ဖြစ်ပါတယ်။ ယခု အရောင်းအဝယ် ရုပ်သိမ်းလိုက်ကြရတဲ့အတွက် အအေးခန်းကွန်တိန်နာ ထုတ်လုပ်ရေးကို ဆက်လက်လုပ်ကိုင်မယ်လို့ ကြေညာပါတယ်။
MCI ကို ၁၉၉၁ မှာ Maersk က ထူထောင်ခဲ့ပြီး တရုတ်ပြည်နှင့် ဒိန်းမတ်တို့မှာ လုပ်ကိုင်လျက် ရှိပါတယ်။ ၂ နိုင်ငံမှာ ဝန်ထမ်းဦးရေ စုစုပေါင်း ၂,၃၀၀ ရှိပါတယ်။
Source Reuters
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U