Containers

ကမ္ဘာ့ထိပ်တန်းအကြီးဆုံး ကုန်သေတ္တာတင်သင်္ဘော (၁၀) စီး

ကမ္ဘာ့ကုန်စည်ကူးသန်းရောင်းဝယ်ရေး၏ (၉၀)ရာခိုင်နှုန်းခန့်မှာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးဖြင့် အသုံးပြုနေကြပြီး လက်ရှိကမ္ဘာ့ရေပြင်တစ်လွှားတွင် ကုန်သွယ်သင်္ဘော (၅၀၀၀၀)ကျော် သွားလာပြေးဆွဲနေလျက်ရှိသည်။ ၎င်းတို့အနက် ကုန်သေတ္တာတင်သင်္ဘော (Container ship) များမှာလည်း အရေးပါသည့်အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်နေသည်။

ကုန်သေတ္တာတင်သင်္ဘောဆိုသည်မှာ ကုန်တင်သင်္ဘောများပင်ဖြစ်ပြီး Intermodal container (or) ISO onshore container များအတွင်းထည့်သွင်းထားသည့် ကုန်စည်ပစ္စည်းများကို သယ်ဆောင်ကြခြင်းဖြစ်သည်။ ကုန်သေတ္တာတင်သင်္ဘောများကို ၎င်းတို့၏ ကုန်ပစ္စည်းတင်ဆောင်နိုင်မှု ပမာဏအပေါ်မူတည်၍ အတန်းအစား(၇)မျိုးခွဲခြားထားပြီး ငယ်စဉ်ကြီးလိုက်အစဉ်အရ -

 

(၁) OOCL Hong Kong

-----------------------------

 

 

လက်ရှိအချိန်ထိ တည်ဆောက်ခဲ့ပြီးသည့် ကုန်သေတ္တာတင်သင်္ဘောများအနက် အကြီးဆုံးသင်္ဘောဖြစ်သည်။ ဆမ်ဆောင်းအကြီးစားစက်မှုလုပ်ငန်း၏ Geoje သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မေလတွင် စတင်ပြေးဆွဲခဲ့သည်။ သင်္ဘောအလျား ၃၉၉ ဒသမ ၈၇ မီတာ၊ ဗြက် ၅၈ ဒသမ ၈ မီတာနှင့် အနက် ၃၂ ဒသမ ၅ မီတာရှိပြီး ကုန်သယ်ဆောင်နိုင်မှုပမာဏမှာ ၂၁၄၁၃ TEU ဖြစ်သည်။ Orient Overseas Container Line မှ အရှေ့အာရှနှင့် ဥရောပမြောက်ပိုင်းသို့ ပြေးဆွဲနေသော ဟောင်ကောင်အလံတင်သင်္ဘောဖြစ်သည်။

 

(၂) COSCO Shipping Universe

----------------------------------------

 

 

ဒုတိယအကြီးဆုံး ကုန်သေတ္တာတင်သင်္ဘောကြီးဖြစ်ပြီး အလျားမီတာ ၄၀၀၊ ဗြက် ၅၈ ဒသမ ၆ မီတာရှိသည်။ကုန်သယ်ဆောင်နိုင်မှုပမာဏမှာ ၂၁၂၃၇ TEU ဖြစ်ပြီး တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်တင်သင်္ဘောဖြစ်သည်။၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်းမှ တည်ဆောက်ကာ COSCO (China Ocean Shipping Company Limited) သို့လွှဲပြောင်းပေးခဲ့သည်။ဟောင်ကောင်အလံတင်သင်္ဘောဖြစ်ကာ တရုတ်နိုင်ငံကမ်းရိုးတန်းမှ ဥရောပနှင့်အာဖရိကသို့ တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းပြေးဆွဲလျက်ရှိသည်။

 

(၃) CMACGM Antoine De Saint Exupery

-------------------------------------------------

 

 

 

ပြင်သစ်စာရေးဆရာ၊ ကဗျာဆရာနှင့်လေသူရဲ Antoine De Saint Exupery ၏အမည်ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်သည်။ပြင်သစ်အလံတင် ကုန်သေတ္တာတင်သင်္ဘောများအနက် အကြီးဆုံး သင်္ဘောဖြစ်သည်။သင်္ဘောအလျားမီတာ ၄၀၀၊ ဗြက် ၅၉ မီတာရှိပြီး ကုန်သယ်နိုင်မှုပမာဏမှာ ၂၀၉၅၄ TEU ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ Hanjin Heavy Industries and Construction ကတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင်ရေချကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပြေးှဆွဲခဲ့သည်။အာရှနှင့် ဥရောပမြောက်ပိုင်းသို့ပြေးဆွဲသော အရှည်ဆုံးရေကြောင်းလမ်းဖြစ်သည့် French Asia Line-1 တွင်ပြေးဆွဲလျက်ရှိသည်။

 

(၄) Madrid Maersk

---------------------------

 

 

 

သင်္ဘောမှာ Maersk Triple E-Class ကုန်သေတ္တာတင်သင်္ဘော ဒုတိယမျိုးဆက် (၁၁)စင်းအနက် ပထမဆုံးသင်္ဘောဖြစ်သည်။ Daewoo Shipbuilding and Marine Engineering မှတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောအလျား ၃၉၉ မီတာ၊ ဗြက် ၅၈ ဒသမ ၈ မီတာရှိပြီး ကုန်သယ်ယူနိုင်မှုပမာဏ ၂၀၅၆၈ TEU ရှိသည်။ ဒိန်းမတ်ကုန်သေတ္တာတင်သင်္ဘောလိုင်း Maresk Line မှပိုင်ဆိုင်ပြီး A P Moller-Maersk Group တွင်ပြေးဆွဲလျက်ရှိသည်။

 

(၅) Ever Golden

--------------------

 

ဂျပန်နိုင်ငံ၊ Saijo သင်္ဘောကျင်းတွင် Imabari Shipbuilding Co.,Ltd မှ ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အလျားမီတာ ၄၀၀ ရှည်လျားပြီး ဗြက် ၅၈ ဒသမ ၈ မီတာကျယ်ဝန်းသည်။ ကုန်သယ်ယူနိုင်မှုပမာဏမှာ ၂၀၂၅၀ TEU ဖြစ်သည်။ထိုင်ဝမ်ကုန်တင်သင်္ဘောလိုင်း Evergreen တွင်ပြေးဆွဲလျက်ရှိသည်။ ပနားမားအလံတင် သင်္ဘောဖြစ်သည်။

 

(၆) MOL Truth

----------------- 

 

 

ဂျပန်နိုင်ငံ၊ Imabari Shipbuilding Co.,Ltd မှ Saijo သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့သည့် နောက်ထပ်ဧရာမကုန်သေတ္တာတင်သင်္ဘောကြီး ဖြစ်သည်။ဂျပန်နိုင်ငံ၊ Ocean Network Express (ONE) Group မှပြေးဆွဲနေသည့် ပနားမားအလံတင်သင်္ဘောဖြစ်သည်။ အလျားမီတာ ၄၀၀ ရှည်လျားပြီး ဗြက် ၅၈ ဒသမ ၅ မီတာကျယ်ကာ ကုန်သယ်ယူနိုင်မှုပမာဏ ၂၀၁၈၂ TEU ရှိသည်။

 

(၇) MOL Triump

-------------------------

 

ဂျပန်သင်္ဘောလုပ်ငန်း Mitsui O.S.K Lines အတွက် တောင်ကိုရီးယားနိုင်ငံ၊ Geoje သင်္ဘောကျင်းတွင် Samsung Heavy Industries မှ တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ် မတ်လတွင် ရေချခဲ့သည့် အဆိုပါသင်္ဘောကြီးမှာ အလျားမီတာ ၄၀၀ ရှည်လျားပြီး ဗြက် ၅၉ မီတာကျယ်သည်။ ကုန်သယ်ယူနိုင်မှုပမာဏမှာ ၂၀၁၇၀ TEU ရှိသည်။ မာရှယ်ကွျှန်းစု အလံတင်သင်္ဘောဖြစ်သည်။

 

(၈) COSCO Shipping Taurus

-----------------------------------------

 

 

China Ocean Shipping Company Limited ပိုင်သင်္ဘောကြီးဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် Waigaogiao Shipbuilding မှတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောအလျားမှာ ၃၉၉ ဒသမ ၈ မီတာရှည်လျားပြီး ဗြက် ၅၈ ဒသမ ၇ မီတာကျယ်သည်။ ကုန်သယ်ယူနိုင်မှုပမာဏမှာ ၂၀၁၁၉ TEU ဖြစ်သည်။ ဟောင်ကောင်အလံတင် သင်္ဘောဖြစ်သည်။

 

(၉) MV Barzan

-----------------------

 

 ၂၀၁၅ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၊ Mopko သင်္ဘောကျင်းတွင် Hyundai Heavy Industries မှတည်ဆောက်ခဲ့သည့် သင်္ဘောဖြစ်သည်။ United Arab Shipping Company (UACC) မှပိုင်ဆိုင်ပြီး ဂျာမန်အခြေစိုက် Hapag-Lloyd မှငှားရမ်းပြေးဆွဲလျက်ရှိသည်။ သင်္ဘောအလျား မီတာ ၄၀၀ ရှည်လျားပြီး ဗြက် ၅၈ ဒသမ ၆ မီတာ ကျယ်ပြန့်သည်။ ကုန်သယ်ဆောင်နိုင်မှုပမာဏမှာ ၁၉၈၀၀ TEU ရှိသည်။ မော်တ်တာအလံတင်သင်္ဘောဖြစ်သည်။

 

(၁၀) MSC Diana

-------------------------

 

Mediterranean Shipping Company မှပိုင်ဆိုင်ပြီး သင်္ဘောမှာ အလျား ၃၉၉ ဒသမ ၉ မီတာနှင့် ဗြက် ၅၈ ဒသမ ၈ မီတာရှိသည်။ ကုန်သယ်ယူနိုင်မှုပမာဏမှာ ၁၉၄၆၂ TEU ဖြစ်သည်။၂၀၁၆ ခုနှစ်တွင် Samsung Shipbuilding and Heavy Industries မှတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လိုက်ဘေးရီးယားအလံတင်သင်္ဘောဖြစ်သည်။

 

 

Source : Marine Insight

Myanmar Logistics Guide

Read times
Rate this item
(0 votes)