Containers

ကွန်တိန်နာသင်္ဘော လုပ်ငန်းကဏ္ဍ နိမ့်တုံမြင့်တုံ

ကွန်တိန်နာသင်္ဘော လုပ်ငန်းကဏ္ဍ နိမ့်တုံမြင့်တုံ

 

ကွန်တိန်နာသင်္ဘော လုပ်ငန်းကဏ္ဍ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးသည့်နောက် လာမယ့်နှစ်တွင် အမြတ်ရရှိမှုများ လျော့ကျလိမ့်မည်ဟု ဆန်စစ်သူများက ခန့်မှန်းထားကြသည်။

 

သုံးနှစ်တာ ကာလအတွင်းတွင် ကွန်တိန်နာ သင်္ဘောလုပ်ငန်းကဏ္ဍသည် ယခင်နှစ်ပေါင်း ၆၀ ကာလအတွင်း ရရှိခဲ့သည့် စုစုပေါင်း ဝင်ငွေပမာဏကို ရရှိမည်ဟု လေ့လာဆန်းစစ်သူတို့က ဆိုသည်။ 

 ကပ်ရောဂါ ပထမလှိုင်းအပြီးတွင် ဝယ်လိုအား များလာခြင်းကြောင့် ပို့ဆောင်လိုသည့် ကွန်တိန်နာပမာဏ ရုတ်တရက် များပြားသွားသည်။ ကွန်တိန်နာ ပို့ဆောင်ခ ဈေးနှုန်းများ မြင့်တက်ကုန်သည်။

 အရှုံးပြနေခဲ့သော ကွန်တိန်နာ သင်္ဘောလုပ်ငန်းကဏ္ဍတွင် ကွန်တိန်နာသင်္ဘောလုပ်ငန်းစုများသည်  မကြုံစဖူး အလွန်များပြားသည့်  အမြတ်အစွန်းများကို  ရရှိခဲ့ကြသည်။

ကွန်တိန်နာသင်္ဘောလုပ်ငန်းစုများ ဖြစ်ကြသည့် Mediterranean Shipping Company (MSC)နှင့် AP Møller Maersk မှအစ CMA CGM နှင့် Hapag-Lloyd တို့အထိ   'တစ်သက်တာတွင် တစ်ကြိမ်သာ' ကြုံရသော 'စျေးကွက်စန်းထခြင်း'ကို ကြုံတွေ့ခဲ့ကြသည်။

 

သင်္ဘောလုပ်ငန်းသုတေသနအဖွဲ့ Drewry သည် ကွန်တိန်နာသင်္ဘောများကို ပထမဆုံးတည်ဆောက်ခဲ့သည့် ကွန်တိန်နာ ခေတ်ဦးကာလ ၁၉၅၀ ပြည့်လွန်နှစ်များ မှ  ၂၀၂၀ ခုနှစ်အထိ ကာလရှည်ကြာအတွင်း ကွန်တိန်နာ သင်္ဘောလုပ်ငန်းကဏ္ဍ ရရှိခဲ့သော အမြတ်ပမာဏ စုစုပေါင်းနှင့် ညီမျှသော ပမာဏကို ၂၀၂၁ မှ ၂၀၁၃ ခုနှစ်အထိ ၃ နှစ်တာကာလအတွင်း ရရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။

 

 "လွန်ခဲ့တဲ့ ၂ နှစ်အတွင်း သူတို့ ရခဲ့တဲ့ ငွေပမာဏက များလွန်းလို့  မူးမေ့လဲသွားနိုင်လောက်တယ်" ဟု Drewry မှ အကြီးတန်းမန်နေဂျာ Simon Heaney က မှတ်ချက်ပြုသည်။

 

ကွန်တိန်နာ သင်္ဘောလုပ်ငန်းကဏ္ဍသည် စက်ဝန်း၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးယခုအခါ အကျဘက်ကို စတင်နေပြီ ဖြစ်သည်။

 

ကမ္ဘာတစ်ဝှမ်းတွင် ဆိပ်ကမ်းပိတ်ကျပ်မှုသည် မြင့်မားနေဆဲဖြစ်ပြီး ပို့ဆောင်ခများ ဈေးတက်စေကာ အမြတ်အစွန်းများ ရဖို့ အထောက်အကူဖြစ်စေသည်။

 

သို့သော်လည်း ကွန်တိန်နာများဖြင့် ကုန်စည်ပို့ဆောင်မှု ဈေးနှုန်းများမှာ သုံးပုံတစ်ပုံခန့် ကျဆင်းသွားပြီး အမြတ်အစွန်းရရှိမှုသည် လာမည့်နှစ်တွင် ကျဆင်းမည်ဟု လေ့လာသုံးသပ်သူများက ယူဆထားကြသည်။

အနောက်နိုင်ငံအများအပြားတွင် မိုးထိအောင် မြင့်တက်နေသော ကုန်ဈေးနှုန်းများနှင့်  စီးပွားရေး ဆုတ်ယုတ်မှုဖို့  ဖြစ်နိုင်ခြေ မြင့်မားနေသဖြင့် စားသုံးသူတို့ စိုးရိမ်ပူပန်နေကြသည်။ သို့ဖြစ်ရာ ဝယ်လိုအားများ အားပျော့နေသည်။ သို့ဖြစ်ရာ ကွန်တိန်နာဖြင့် ကုန်စည် ပို့ဆောင်မှုများ လျော့ကျသည်။ 

 

ကွန်တိန်နာသင်္ဘောကုမ္ပဏီများသည် ဂလိုဘယ်လိုက်ဇေးရှင်း၏ အဓိကကျသော နေရာတွင် ရှိနေသည်။ 

 

ဖိနပ်မှ စားသောက်ကုန်အထိ ကုန်ပစ္စည်းများ သမုဒ္ဒရာကို ဖြတ်၍ သယ်ယူပို့‌ေဆာင်‌ေပး‌‌ေနသည်။ အထူးသဖြင့် အာရှရှိ ထုတ်လုပ်သူများထံမှ ဥရောပနှင့် အမေရိကန်ရှိ စားသုံးသူများထံသုိ့ ပို့ဆောင်ပေးနေသည်။

၂၀၂၀ ခုနှစ်တွင် Covid-19 ၏ ပထမလှိုင်းအပြီးတွင် အထူးသဖြင့်အွန်လိုင်း ဝယ်ယူမှုများ လွန်စွာများပြားခဲ့သည်။ ကွန်တိန်နာသင်္ဘောအုပ်စုများနှင့် လူသုံးကုန်ပစ္စည်းကုမ္ပဏီများက အံ့အားသင့်ရလောက်အောင် များပြားနေခဲ့သည်။ 

 

ကွန်တိန်နာပို့ဆောင်ရေးကဏ္ဍ တစ်ခုလုံးအနေဖြင့်  ၂၀၁၉ ခုနှစ်တွင် ကန်ဒေါ်လာ ၇ ဘီလီယံမျှသာ ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ကန်ဒေါ်လာ ၂၆ ဘီလီယံ ရရှိခဲ့သည်ဟု Drewry က ခန့်မှန်းသည်။

၂၀၂၁ ခုနှစ်တွင် ကုမ္ပဏီများသည် ၎င်းတို့လိုအပ်သော ကုန်ပစ္စည်းများရရှိရန် ယခင်ကထက် ပိုမိုမြင့်မားသောနှုန်းထားများကို ပေးခဲ့ကြသည်။ ကွန်တိန်နာပို့ဆောင်ရေးကဏ္ဍ တစ်ခုလုံးအနေဖြင့်လုပ်ငန်းလည်ပတ်မှုအမြတ်ငွေသည် ဒေါ်လာ ၂၁၀ ဘီလီယံအထိ ခုန်တက်သွားသည်။

ယခုနှစ်တွင် ဒေါ်လာ ၂၇၀ ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။

 

Maersk အမှုဆောင်အရာရှိချုပ် Søren Skou က "အခုလို သဘောသဘာဝရှိတဲ့ ကပ်ရောဂါမျိုး ထပ်မကြုံကြရတော့ဘူးလို့ ကျွန်တော် တကယ် မျှော်လင့်ပါတယ်။ ကျွန်တော့တစ်သက် ထပ်မကြုံရတော့ဘူးလို့ မျှော်လင့်ပါတယ်။ ဆိုးဆိုးဝါးဝါး ကာလတစ်ခုပါပဲ။ အဲဒီကာလကို ကျွန်တော်တို့ရဲ့ စီးပွားရေး ပိုကောင်းအောင် အသုံးပြုခဲ့ပါတယ်။ ကျွန်တော်တို့ ပုံမှန်ပိုဖြစ်တဲ့လောကတစ်ခုကို မျှော်မှန်းပါတယ်" ဟု ပြောကြားသည်။

၂၀၂၀ တွင် ကွန်တိန်နာသင်္ဘောလိုင်း အများအကြားတို့ အရှုံးပြနေခဲ့ကြသည်။ ဉပမာအားဖြင့် Hapag-Lloyd သည် ကိုဗစ်အကြိုကာလတွင် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၇ သန်း နေ့စဉ် ရှုံးနေခဲ့ဖူးသည်။

ယခုအခါ အားလုံးနီးပါး အမြတ်ရနေကြပြီ ဖြစ်သည်။ အခြေအနေ တောင့်တောင့်တင်းတင်း ဖြစ်နေကြပြီ ဖြစ်သည်။

 

ကြီး၃ကြီး ဖြစ်သည့် MSC, Maersk, CMA CGM တို့သည် မတန်တဆ များပြားနေသည့် အမြတ်များဖြင့် လော့ဂျစ္စတစ်နယ်ပယ်ထဲ ရင်းနှီးမြှုပ်နှံကြသည်။ ပစ္စည်းပို့ဆောင်ရေးကို စက်ရုံမှ အစပြုပြီး ဝယ်ယူသူ အိမ်ပေါက်ဝတွင် အဆုံးသတ်သည်အထိ ပစ္စည်းပို့ဆောင်ရေးကို အစမှ အဆုံးအထိ တစ်လျှောက်လုံးကို ဝန်ဆောင်မှုများ ပေးအပ်ဖို့ ရည်မှန်းထားကြသည်။ 

လော့ဂျစ္စတစ်ကဏ္ဍမှ ဝင်ငွေသည် ပြီးခဲ့သည့် ၂ နှစ်တာအတွင်း ၂ ဆ တိုးသော်လည်း ကွန်တိန်နာ ပို့ဆောင်ရေးကဏ္ဍမှ ရသည့် ဝင်ငွေ၏ ငါးပုံ တစ်ပုံခန့်သာ ရှိသည်။

 

ကွန်တိန်နာသင်္ဘော ကုမ္ပဏီများမှ အစုရှယ်ယာရှင်များသည် မကြုံစဖူး များပြားသည့် အမြတ်ဝေစုများ ရရှိကြသည်။

အစုရှယ်ယာရှင်များသည်  ၁၀ နှစ်တာ အကျပ်အတည်း ကာလကို ကွန်တိန်နာသင်္ဘော ကုမ္ပဏီ ဖြတ်ကျော်နိုင်ရန် ၎င်းတို့၏ ငွေကြေးများကို ကုမ္ပဏီတွင် ထည့်ပေးထားခဲ့ကြသည်။ ယခုအချိန်တွင် ၎င်းတို့အတွက် ဆုလာဘ်များ ရရှိခဲ့သည်။

ကွန်တိန်နာသင်္ဘောလိုင်းကြီးများသည်  စံချိန်သစ်တင် ဝင်ငွေများဖြင့် သင်္ဘောအသစ်များ ဖြည့်တင်းရန်အတွက်လည်း ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ တစ်ပတ်ရစ်သင်္ဘောများလည်း ဝယ်ယူခဲ့ကြသည်။

 

သင်္ဘောအသစ်များ သင်္ဘောကျင်းမှာ တည်ဆောက်ရသည်မှာ  ပုံမှန်အားဖြင့် နှစ်နှစ်မှ သုံးနှစ်အထိ အချိန်ယူရသည်။

သင်္ဘောအသစ် ရရှိချိန်တွင်  အလွန်ကွဲပြားခြားနားသော ကမ္ဘာ့စီးပွားရေးအခြေအနေများ ဖြစ်နေနိုင်သည်။ နောင်တရမိစေမည့် အခြေအနေ ဖြစ်နေနိုင်သည်။

လက်ရှိပြေးဆွဲနေသော ကွန်တိန်နာသင်္ဘောများ အားလုံး၏ သယ်ပို့နိုင်စွမ်း ပမာဏစုစုပေါင်းနှင့် မှာကြားထားသော ကွန်တိန်နာသင်္ဘော အသစ်များ အားလုံး၏ သယ်ပို့နိုင်စွမ်း ပမာဏစုစုပေါင်းတို့ကို အချိုးချကြည့်သည့်အခါ ၂၀၂၀ ခုန‌ှစ်တွင် ၈ ရာခိုင်နှုန်းမျှသာ ရှိခဲ့သည်။ ယခုအခါ ၂၈ ရာခိုင်နှုန်း ရှိနေပြီ ဖြစ်သည်။

"ယခုနှစ်မှာ သင်္ဘောအသစ်တွေ ဖြည့်တင်းဖို့ မှာကြားခဲ့တာအတွက် ကွန်တိန်နာသင်္ဘောလိုင်းတွေ နောင်တရကြရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်" ဟု Simon Heaney က ပြောကြားသည်။

 

"တကယ်လို့ စီးပွားပျက်ကပ် ရောက်လာပြီး ကွန်တိန်နာတွေ ပို့ဆောင်ပေးစေလို့တဲ့ ပမာဏ ကျဆင်းသွားတာက ကျွန်တော်တို့ ကြိုတင်ခန့်မှန်းထားတာထက် ပိုမြန်နေတယ်ဆိုရင် ဆိပ်ကမ်းတွေမှာ သင်္ဘောတွေ ပြည့်ကျပ်နေလို့  စောင့်ဆိုင်းနေရတဲ့အတွက် ကွန်တိန်နာသင်္ဘောတွေ မအားမလပ် ဖြစ်နေရတဲ့ကြာချိန်တွေ လျော့သွားမယ်။ သယ်ပို့နိုင်စွမ်း ပမာဏ များလာမယ်။ အဲဒီအချိန်မှာ သင်္ဘောကျင်းတွေထံမှ ပေးအပ်တဲ့ ကွန်တိန်နာသင်္ဘောအသစ်တွေ ထပ်တိုးနေတယ်။ သယ်ပို့နိုင်စွမ်း ပမာဏက တိုးလာနေချိန်မှာ ပို့ဆောင်ပေးစေလို့တဲ့ ပမာဏက ကျဆင်းနေတော့ သယ်ပို့နိုင်စွမ်း ပမာဏတွေ အကြီးအကျယ် ပိုလျှံနေလိမ့်မယ်" ဟု သူက ပြောသည်။ ထိုအဖြစ်ကို လာမယ့်နှစ်မှာ ကြုံနိုင်သည်ဟု သူက ခန့်မှန်းထားသည်။

Maersk အမှုဆောင်အရာရှိချုပ် Søren Skou က  ဥရောပတွင် မရောင်းရသည့် ပစ္စည်းလက်ကျန်များ များပြားနေပြီး သွင်းကုန်တင်သွင်းကြသည့် ရေချိန်သည် ကိုဗစ်အကြိုကာလ ရေချိန်သို့ ပြန်လည်ကျဆင်းကြောင်း ပြောကြားခဲ့သည်။

 

အပြည့်အစုံ ဖတ်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ။

သင်္ဘောကုမ္ပဏီ Maersk က ဝယ်လိုအား ကျဆင်းပြီး ဂိုဒေါင်များတွင် ပစ္စည်းပြည့်နေကြောင်း ပြောကြား

 

 

 

Søren Skou က Maersk အကျနာမည်မဟုတ်ဟု ယုံကြည်စိတ်ချထားသည်။

 

"Maersk အတွက် အကျနာမှာကို ကျွန်တော် မမြင်ပါ။  ဝယ်လိုအား အများကြီးကျသွားရင် သယ်ပို့နိုင်စွမ်း ပမာဏကို  ချိန်ညှိရပါလိမ့်မယ်" ဟု ပြောကြားသည်။

"စီးပွားရေး နှေးကွေးတဲ့အခြေအနေ အချိန်အခါမှာ ကျွန်တော်တို့ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ သိပါတယ်။ ကမ္ဘာ့ကွန်တိန်နာ ပို့ဆောင်မှုအတွက်  သင်္ဘောအရေအတွက် မည်မျှရှိသလဲ ဆိုတာက အကြောင်းမဟုတ်ပါဘူး။ ပို့ဆောင်လိုတဲ့ ပမာဏအရ သယ်ပို့နိုင်စွမ်းကို ဘယ်လို ဖြန့်ကျက်ပြီး အသုံးပြုသလဲ ဆိုတာကသာ အရေးပါ ပါတယ်" ဟု သူက ရှင်းပြသည်။

ရေရှည်ကန်ထရိုက်များ စာချုပ်ချုပ်သည့် ဖောက်သည်များ ပိုများနေသည်။ စာချုပ်သက်တမ်းကာလတစ်လျှောက် စာချုပ်ခဲ့စဉ်က သဘောတူခဲ့ငည့် အမြင့်ဈေးနှုန်းများဖြင့် Maersk က ဆက်လက်ရရှိနေမည်။ ထို့ပြင် ‌ကွန်တိန်နာသင်္ဘောလုပ်ငန်းကဏ္ဍမှာ လျော့သွားသည့် ဝင်ငွေကို လော့ဂျစ္စတစ် လုပ်ငန်းကဏ္ဍထံမှ ရသောဝင်ငွေဖြင့် ထေမိနိုင်သည်ဟု သူက ပြောပြသည်။

 

ထို့ပြင် ကွန်တိန်နာသင်္ဘောလိုင်းများတွင် ဈေးမပျက်အောင် ထိန်းပေးသည့် နည်းလမ်းများလည်း ရှိနေသည်။

သင်္ဘောအသစ်များ တိုးလာသဖြင့် ပို့ဆောင်နိုင်စွမ်း ပမာဏက ပို့ဆောင်ပေးရမည့် ကုန်စည်ပမာဏထက် ပိုလျှံနေသည့်အခါ သက်တမ်းရင့် ကွန်တိန်နာသင်္ဘောအိုများကို သင်္ဘောဖျက် လုပ်ငန်းထံ ရောင်းချပြီး ပို့ဆောင်နိုင်စွမ်း ပမာဏကို အပြီးအပိုင် လျှော့ချပေးနိုင်သည်။ 

 

နောက်တစ်နည်းမှာ ယာယီလျှော့ချပေးခြင်းဖြစ်သည်။ စီစဉ်ထားသည့် ခရီးစဉ်တစ်ခုကို ဖျက်သိမ်းပစ်လိုက်ပြီး ခေါက်ရေ တစ်ခေါက်စာ လျှော့ပေးလိုက်သည်။ ထိုအခါ ပို့ဆောင်နိုင်စွမ်း ပမာဏ တစ်ခေါက်စာ လျှော့ပေးလိုက်သည်။

'blank sailing' 'void sailing' ဟု ခေါ်ဝေါ်ကြသည်။ ခရီးစဉ် တစ်ခုလုံး ရုပ်သိမ်းလိုက်ခြင်း၊ ခရီးစဉ်မှ ဆိပ်ကမ်း တစ်ခုကို မဝင်တော့ခြင်းတို့ဖြင့် ပို့ဆောင်နိုင်စွမ်းပမာဏကို လျှော့ချပေးလိုက်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သက်တမ်းရင့်သင်္ဘောများ သင်္ဘောဖျက်သည့်ထံ ပေးပို့ခြင်း မရှိခဲ့ချေ။ ရှိရှိသမျှ ကွန်တိန်နာသင်္ဘောများ အားလုံးဖြင့် ပြေးဆွဲခဲ့ကြရသည်အထိ ပို့ဆောင်ပေးရမည့်ကွန်တိန်နာများက များပြားနေခဲ့သည်။

 

ယခုအခါ ကွန်တိန်နာပို့ဆောင်ရေးကဏ္ဍသည် ပုံမှန်အခြေအနေဆီသို့ တဖြည်းဖြည်းချင်း ပြန်ပြောင်းလဲနေသည်။

 

လာမည့်နှစ်တွင် ၀င်ငွေသည် လျော့ကျဖွယ်ရှိသော်လည်း ကပ်ရောဂါအကြိုကာလထက် သာလွန်နေမည်ဟု ခန့်မှန်းထားကြသည်။

ကုန်စည်ပို့ဆောင်မှု ဈေးနှုန်းများနှင့် ပမာဏများ ကျဆင်းနေသော်လည်း ပို့ဆောင်ရေးကွင်းဆက်တွင် ကြန့်ကြာမှုများ ဆက်ရှိနေဦးဖြစ်သဖြင့် ကွန်တိန်နာသင်္ဘောများ ဝင်ငွေ ရဖို့ ဖြစ်နေစေမည်။

Source Finicial Times 

#MyanmarLogisticsGuide 

 Telegram Channel https://t.me/Guid4U

Read times
Rate this item
(0 votes)