COSCO က ထိပ်ဆုံးရောက်ဖို့ ဒေါ်လာ ၅ ဘီလီယံ လောင်းကြေးထပ်
တရုတ်နိုင်ငံမှ နိုင်ငံပိုင် သင်္ဘောကုမ္ပဏီကြီး COSCO Group သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ရေကြောင်းပို့ဆောင်ရေး သင်္ဘောကုမ္ပဏီဖြစ်လာရန် အသစ်တဖန် ကြိုးပမ်းမှုအဖြစ် ၎င်း၏ သင်္ဘောအုပ်စုကို တိုးချဲ့ရန် ကန်ဒေါ်လာ ၄.၉ ဘီလီယံ သုံးစွဲမည်ဖြစ်သည်။
COSCO Group သည် ကန်ဒေါ်လာ ၄.၉ ဘီလီယံ ကို ၂၀၂၃ မှ ၂၀၂၅ အထိ ကာလအတွင်း သုံးစွဲသွားမည်ဖြစ်သည်။ ကွန်တိန်နာ သင်္ဘော ၃၂ စီး ထပ်ဖြည့်ထည့်မည်။ COSCO Shipping Holdings ၏ သယ်ပို့နိုင်သည့် စုစုပေါင်းပမာဏတွင် TEU ၅၈၀,၀၀၀ ဝန်းကျင် ထပ်တိုးမည် ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၂၀% ဝန်းကျင် တိုးမည် ဖြစ်သည်။
COSCO သည် ဇွန်လကုန်တွင် ၎င်း၏ ကွန်တိန်နာသင်္ဘောအုပ်စုတွင် ကွန်တိန်နာသင်္ဘော ၅၁၂ စီး ရှိပြီး TEU ၂.၉၂ သန်း ပို့ဆောင်နိုင်စွမ်း ရှိသည်။
..
COSCO သည် တရုတ်နိုင်ငံ၏ ပထမနှင့် ဒုတိယအကြီးဆုံး သင်္ဘောကုမ္ပဏီတို့ကို ၂၀၁၆ ခုနှစ်တွင် ပေါင်းစည်းမှုမှ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ နိုင်ငံပိုင်လုပ်ငန်းများ၏ ပြိုင်ဆိုင်မှုအား မြှင့်တင်ရန်အတွက် အရွယ်အစား ကြီးမားစေရန် ပေါင်းစည်းဖို့ တရုတ်အစိုးရမှ အမိန့်ပေးညွှန်ကြားခဲ့ခြင်းဖြစ်သည်။
..
၂၀၁၈ ခုနှစ်တွင် COSCO သည် OOIL ဟုလည်းလူသိများသော ဟောင်ကောင်အခြေစိုက် သင်္ဘောတင် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း Orient Overseas International Ltd. ကို သိမ်းပိုက်ခဲ့ပြီး လုပ်ငန်းစု၏ ဈေးကွက်ဝေစုကို အဆင့် ၆ မှ တတိယနေရာသို့ ရောက်ရှိစေခဲ့သည်။
.
COSCO ၏ ထိုစဉ်က အကြီးအကဲသည် ကုမ္ပဏီ၏ အရွယ်အစားကို ပိုမိုချဲ့ထွင်ရန်နှင့် ကုမ္ပဏီ၏ ကမ္ဘာ့ဈေးကွက်ဝေစုထဲသို့ ပေါင်းထည့်ရန် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ကွန်တိန်နာသင်္ဘောကဏ္ဍတွင် ဦးဆောင်သူနေရာသို့ ရောက်ရှိရန် ရည်မှန်းချက် ထားရှိသည်။
သို့သော် တိုးချဲ့သည့် အစီအစဉ် အဆင်မပြေခဲ့ချေ။
ထိုစဉ်အချိန်က ကွန်တိန်နာသင်္ဘောကဏ္ဍတွင် ပို့ဆောင်လိုသည့် ကုန်စည်ပမာဏက နည်းနေပြီး ကွန်တိန်နာသင်္ဘောများ ပို့ဆောင်ပေးနိုင်သည့် ပမာဏက အလျှံပယ် ဖြစ်နေသည်။
သင်္ဘောပေါ်မှာ ကွန်တိန်နာ ပြည့်ဖို့ အောက်ကြေးများဖြင့် ကုန်စည်များ လက်ခံပို့ဆောင်ပေးနေကြရသည်။
COSCO Group သည်လည်း အများနည်းတူ အကြီးအကျယ် အရှံးပေါ်နေခဲ့သည်။ သင်္ဘောစီးရေ လျှော့ချရသည်။ ဝန်ထမ်းအင်အား လျှော့ချရသည်။
ကိုဗစ်ကာလ ပို့ဆောင်ခနှုန်းထားများ အဆမတန် မြင့်တက်ခဲ့သဖြင့် COSCO Group မားမားမတ်မတ် ပြန်ဖြစ်လာခဲ့သည်။ ယမန်နှစ်တွင် ပြင်သစ် ကွန်တိန်နာသင်္ဘောလိုင်း CMA CGM ထက် သာလွန်သွားခဲ့ပြီး ကမ္ဘာ့ စတုတ္ထ အကြီးမားဆုံး ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်လာသည်။ COSCO Shipping Holdings ၏ အသားတင်အမြတ်သည် ၂၀၂၀ ခုနှစ်၏ ၉ ဆ ရရှိ ခဲ့ပါသည်။ သို့ဖြစ်ရာ ကွန်တိန်နာသင်္ဘောကဏ္ဍတွင် ဦးဆောင်သူနေရာသို့ ရောက်ရှိရန် ရည်မှန်းချက်ကို ပြန်လည်အသက်သွင်းလိုက်ခြင်း ဖြစ်ပါသည်။
Source Asia nikkei
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U