အရွယ်အစား မကြီးမားသည့် ကွန်တိန်နာသင်္ဘောများ အဖျက်ခံရဖွယ်ရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကွန်တိန်နာ ပို့ဆောင်မှုတွင် ပို့ဆောင်လိုသောပမာဏထက် ပို့ဆောင်ပေးနိုင်တဲ့ ပမာဏက အများကြီး ပိုလျှံလာနေတဲ့အတွက် သင်္ဘောများကို ဖျက်ပစ်ခြင်းဖြင့် ပို့ဆောင်ပေးနိုင်တဲ့ ပမာဏကုိ လျှော့ချပြီး ထိန်းညှိကြရမှာ ဖြစ်ပါတယ်။ သင်္ဘောဟောင်း သင်္ဘောအိုများကို သင်္ဘောဖျက်တဲ့ သင်္ဘောကျင်းများထံ ပေးပို့ကြမှာ ဖြစ်ပါတယ်။
အရွယ်အစား မကြီးမားတဲ့ သင်္ဘောအဟောင်းများ အဖျက်ခံရဖို့ ဖြစ်နိုင်ချေ များကြောင်း ရေကြောင်းအတိုင်ပင်ခံလုပ်ငန်း Alphaliner က ပြောကြားပါတယ်။
လတ်တလောနှစ်များမှာ Ultra Large Container Vessel ULCV များကို အသစ်မှာကြားတာ များပြားခဲ့ပြီး အရွယ်အစားငယ်တဲ့ ကွန်တိန်နာသင်္ဘော အသစ်မှာကြားတာ မရှိသလောက် နည်းပါးခဲ့တာကြောင့် ကွန်တိန်နာသင်္ဘောလုပ်ငန်းကဏ္ဍမှာ ‘top heavy’ ထိပ်ပိုင်း လေးလံနေပါတယ်။
ကွန်တိန်နာသင်္ဘောတွေ ဖျက်ပစ်တဲ့အထဲမှာ 12,000 နှင့် 24,000 teu ကြား အရွယ်အစား ကွန်တိန်နာသင်္ဘော တစ်စီးမှ မပါနိုင်ဘူးလို့ Alphaliner က ပြောကြားပါတယ်။ ၎င်းအရွယ်အစား သင်္ဘောများက သက်တမ်းနုနေသေးတာကြောင့် ဖျက်ပစ်တဲ့သင်္ဘော စာရင်းထဲ ပါနိုင်ခြေ မရှိဘူးလို့ ဆိုပါတယ်။
.
သင်္ဘောကျင်းများမှာ အသစ်မှာကြားထားတဲ့ ကွန်တိန်နာသင်္ဘောများရဲ့ သယ်ပို့နိုင်စွမ်း စုစုပေါင်းက teu ၇.၃ သန်း ရှိပါတယ်။ လက်ရှိပြေးဆွဲနေတဲ့ ကွန်တိန်နာသင်္ဘောများ အားလုံးအတွက် စုစုပေါင်း သယ်ပို့နိုင်စွမ်းရဲ့ ၂၈% ဖြစ်ပါတယ်။
မှာကြားထားတဲ့ ကွန်တိန်နာသင်္ဘောအသစ်များအနက် အချို့အဝက်ကို ရရှိလာမယ့် ၂၀၂၃ မှာ teu ၂.၃ သန်း တိုးမှာ ဖြစ်ပြီး ၂၀၂၄ မှာ teu ၂.၈ သန်း တိုးမှာ ဖြစ်ပါတယ်။
.
ယခုနှစ်အတွင်း ဖျက်ပစ်တဲ့ ကွန်တိန်နာသင်္ဘော မရှိသလောက် နည်းပါတယ်။ မရှိပါလို့ ပြောနိုင်ပါတယ်။ သယ်ပို့လိုတဲ့ ကွန်တိန်နာ ပမာဏ များပြားခဲ့ခြင်း၊ ဆိပ်ကမ်းများမှာ ကွန်တိန်နာသင်္ဘောများ ပြည့်ကျပ်ကြန့်ကြာနေခဲ့ခြင်း၊ ကွန်တိန်နာပို့ဆောင်ခများ အလွန်အကျွံ မြင့်တက်ခဲ့ခြင်းတို့ ပေါင်းဆုံခဲ့လို့ ရတတ်သမျှ ကွန်တိန်နာသင်္ဘော အကုန်လုံးကို သုံးစွဲခဲ့ကြရပါတယ်။
ယခုအခါ ကုန်သွယ်ရေကြောင်းလမ်းကြောင်း အများအပြားတို့မှာ ကွန်တိန်နာသင်္ဘော လိုအပ်မှု လျော့နည်းနေပါတယ်။ အနားပေး ရပ်နားထားရတဲ့ ကွန်တိန်နာသင်္ဘောများ အရေအတွက် သိသိသာသာ တိုးနေပါတယ်။
ဈေးကွက်ထဲ အရွယ်အစား ကြီးမားတဲ့ ကွန်တိန်နာသင်္ဘောအသစ်များ ထပ်မံရောက်ရှိလာနေပါတယ်။ ဈေးကွက်ထဲ ကွန်တိန်နာသင်္ဘော ပိုလျှံမှု ပိုများလာနေပါတယ်လို့ Alphaliner က ပြောကြားပါတယ်။
.
“လိုအပ်သည်ထက် ပိုလျှံနေခြင်းကို လျော့ကျအောင် လုပ်ကိုင်ဖို့အတွက် ပို့ဆောင်နိုင်စွမ်း ပမာဏကို လျှော့ချရန်မှာ ကွန်တိန်နာသင်္ဘောများကို ဖျက်ပစ်ခြင်းသည် အဓိက နည်းလမ်းဖြစ်လိမ့်မည်” လို့ Alphaliner က သုံးသပ်ပါတယ်။
Alphaliner ဒေတာအရ ကမ္ဘာ့ကွန်တိန်နာသင်္ဘော အရေအတွက်မှာ စီးရေ ၅,၆၂၇ ရှိနေပြီး စုစုပေါင်း သယ်ပို့နိုင်စွမ်း ပမာဏမှာ teu ၂၅.၅ သန်း ဖြစ်ပါတယ်။ ပျမ်းမျှသက်တမ်းမှာ ၁၃.၅ နှစ်ဖြစ်ပါတယ်။
"ပျမ်းမျှသက်တမ်း ၁၄ နှစ်အောက်သာရှိသော ရေယာဉ်စုကို မည်မျှအထိ ထိရောက်စွာ ဖျက်ပစ်နိုင်မည် ဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။” လို့ Alphaliner က ဆိုပါတယ်။
သက်တမ်းရင့် ကွန်တိန်နာသင်္ဘော အများစုမှာ အရွယ်အစား အငယ်ဆုံးသင်္ဘောများ ဖြစ်ကြပြီး ခေါက်တိုပြေးဆွဲသည့် ၅၀၀ မှ ၉၉၉ TEU အတွင်းရှိတဲ့ feeder သင်္ဘောအငယ်စားများ၏ ပျမ်းမျှသက်တမ်းမှာ ၁၇ နှစ် ဖြစ်ပါတယ်။ သက်တမ်း ၂၀ နှင့်အထက် သင်္ဘော ၂၃၉ စီး ပါဝင်ပါတယ်။
.
၅၃၀၀ မှ ၇၄၉၉ teu သင်္ဘောများရဲ့ ပျမ်းမျှသက်တမ်းမှာ ၁၆ နှစ်ဖြစ်ပါတယ်။ သက်တမ်း ၂၀ နှင့်အထက် သင်္ဘော ၁၁၅ စီး ပါဝင်ပါတယ်။
အရွယ်အစား အားလုံးမှာ သက်တမ်း ၂၅ နှစ်နှင့်အထက် ကွန်တိန်နာသင်္ဘောများရဲ့ သယ်ပို့နိုင်စွမ်း စုစုပေါင်းမှာ ၆၅၅,၁၄၉ teu ရှိပါတယ်။ သက်တမ်း ၂၀ နှစ်နှင့်အထက် ကွန်တိန်နာသင်္ဘောများရဲ့ သယ်ပို့နိုင်စွမ်း စုစုပေါင်းမှာ teu ၂.၅ သန်း ရှိပါတယ်။
၂.၅ သန်း teu အကုန်လုံး ဖျက်ပစ်တယ်ဆိုရင်လည်း ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တို့မှာ အသစ်တိုးလာမယ့် ကွန်တိန်နာ သင်္ဘော အသစ်များရဲ့ teu စုစုပေါင်းက ပိုများနေပါတယ်။ ကွန်တိန်နာ သင်္ဘောများရဲ့ ပို့ဆောင်နိုင်စွမ်းက ပိုလျှံနေဦးမှာ ဖြစ်ပါတယ်။
Source gcaptain
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U