MSC ကွန်တိန်နာတင်သင်္ဘော သင်္ဘောဖျက်သည့် သင်္ဘောကျင်းထံ ပေးပို့
TO GET INSTANT UPDATE
Join Telegram Channel
MSC သည် လေးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ကွန်တိန်နာတင်သင်္ဘောတစ်စီးကို သင်္ဘောဖျက်သည့် သင်္ဘောကျင်းထံ ပေးပို့လိုက်သည်။
ရေကြောင်းကွန်တိန်နာ ပို့ဆောင်မှု နည်းပါးနေချိန်တွင် ကွန်တိန်နာတင်သင်္ဘောကဏ္ဍအတွင်း သင်္ဘောများကို သင်္ဘောဖျက်သည့် သင်္ဘောကျင်းထံ ရောင်းချခြင်းများ ဆက်လက်ဖြစ်ပေါ်နေသည်။
အိန္ဒိယနိုင်ငံမှ သင်္ဘောဖျက်သည့် သင်္ဘောကျင်း Alang ထံ ကွန်တိန်နာသင်္ဘော MSC Floriana ကို ကန်ဒေါ်လာ ၄.၅၆ သန်းဖြင့် ရောင်းချခဲ့သည်။
သင်္ဘောအလေးချိန် Light Displacement Tonnage (LDT)တစ်တန် ကန်ဒေါ်လာ ၅၂၀ ဖြင့် ရောင်းချခြင်း ဖြစ်သည်။
1,911 teu အရွယ်အစား ကွန်တိန်နာသင်္ဘော MSC Floriana ကို ၁၉၈၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။
MSC သည် MSC Floriana ကို ၁၉၉၄ ခုနှစ် စက်တင်ဘာလတွင် ကန်ဒေါ်လာ ၂၅ သန်းဖြင့် ဝယ်ယူခဲ့သည်။ ထို့နောက် ချာတာပြန်ငှားရန် သဘောတူညီချက်ဖြင့် Niki Shipping သို့ ရောင်းချခဲ့သည်။ ရောင်းဈေးနှုန်း ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ချေ။
ကွန်တိန်နာ ရေကြောင်းပို့ဆောင်ခများ ခေါင်ခိုက်အောင် မြင့်မားနေသည့်ကာလ ၂၀၂၁ နိုဝင်ဘာလတွင် MSC Floriana ကို ပြန်ဝယ်ယူခဲ့သည်။ ဝယ်ဈေးကို ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ချေ။
ယခုအခါ ကွန်တိန်နာ ရေကြောင်းပို့ဆောင်ခများ ဈေးကျနေချိန်တွင် MSC Floriana ကို အပြီးအပိုင် အနားပေးလိုက်ခြင်း ဖြစ်သည်။
MSC က သင်္ဘောဖျက်ရန် ယခင်က နောက်ဆုံးရောင်းချခဲ့သည့် ကွန်တိန်နာသင်္ဘောမှာ MSC Mirella ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် 2,553 teu အရွယ်အစားရှိ MSC Mirella ကို ၂၀၁၉ ခုနှစ်တွင် သင်္ဘောဖျက်သည့် သင်္ဘောကျင်းသို့ ရောင်းချခဲ့သည်။
Linerlytica အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီ လဆန်းနောက်ပိုင်း သင်္ဘောဖျက်ရန် ရောင်းချခဲ့ကြသည့် ကွန်တိန်နာသင်္ဘော ၁၃ စီး ရှိသွားပြီ ဖြစ်သည်။ စုစုပေါင်း 18,553 teu ရှိသည်။
ယခင်နှစ်က တစ်နှစ်လုံးမှ ကွန်တိန်နာသင်္ဘော ၇ စီးသာ ရှိခဲ့ပြီး စုစုပေါင်း 5,815 teu ရှိသည်။
ယခုနှစ် တစ်လသာသာ အချိန်ကာလအတွင်း သင်္ဘောဖျက်ရန် ရောင်းချခဲ့သည့် ကွန်တိန်နာသင်္ဘောလိုင်းများတွင် Maersk, Evergreen, Straits Orient, Shreyas, Wan Hai တို့ ပါဝင်သည်။
၂၀၂၃ ဇန်နဝါရီလသည် ၂၀၂၀ ဇူလိုင်နောက်ပိုင်း သင်္ဘောဖျက်ရန် ရောင်းချသည့် ပမာဏ အများဆုံး ဖြစ်သည်။
ရောင်းချသည့် ကွန်တိန်နာသင်္ဘောအို အားလုံးသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် တည်ဆောက်ပြီးစီးခဲ့သည့် ကွန်တိန်နာသင်္ဘောများ ဖြစ်သည်။
ဖျက်မည့်သင်္ဘောများ အဓိကဝယ်လက် ဖြစ်သည့် ဒူဘိုင်းအခြေစိုက် Global Marketing Systems က ဖျက်ဖို့ ရောင်းသည့် သင်္ဘောများမှာ ခရီးတို ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲသည့် feeder container အပိုင်းကဏ္ဍမှ ဖြစ်သည်ဟု ပြောကြားသည်။ panamax အရွယ်အစား မဆိုစလောက် အရေအတွက်သာ ပါဝင်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပါကစ္စတန်တို့တွင် ဗဟိုဘဏ်မှာ ကန်ဒေါ်လာ ပြတ်လပ်နေသဖြင့် ပြည်ပမှ ဝယ်ယူခြင်းများအတွက် ကန်ဒေါ်လာဖြင့် ပေးချေနိုင်ခြင်း မရှိချေ။ သို့ဖြစ်ရာ သင်္ဘောဖျက် သင်္ဘောကျင်းများသည် ဖျက်စရာသင်္ဘော ဝယ်ဖြို အခက်ကြုံနေကြသည်။ သို့ဖြစ်ရာ အိန္ဒိယမှ သင်္ဘောဖျက်သင်္ဘောကျင်းများထံသို့ ဖျက်မည့်သင်္ဘောများကို ရောင်းချကြသည်။
Drewry မှ ကွန်တိန်နာ သုတေသန အကြီးတန်း မန်နေဂျာ Simon Heaney က ယခုနှစ်တွင် 600,000 teu အထိ ကွန်တိန်နာသင်္ဘောများ ဖျက်ကြလိမ့်မည်ဟု ခန့်မှန်းထားသည်။
Source loadstar
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U