Containers

၃နှစ်အတွင်း ကွန်တိန်နာသင်္ဘောအသစ် အစီး ၃၀၀ ကျော် ထပ်တိုးမည်

၃နှစ်အတွင်း ကွန်တိန်နာသင်္ဘောအသစ် အစီး ၃၀၀ ကျော် ထပ်တိုးမည်

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

မကြုံစဖူး ကွန်တိန်နာသင်္ဘောသစ်များ တပြုံတမ ရောက်ရှိလာတော့မည်ဖြစ်သည်။ ကွန်တိန်နာ သင်္ဘောအသစ်များ တိုးလာခြင်းသည် လာမည့် မတ်လတွင် အရှိန်စတက်မည်။ ဒုတိယနှစ်ဝက်တွင် အရှိန်အဟုန် ပိုများမည်။ ထို့နောက် ၂၀၂၄ ခုနှစ် တစ်နှစ်တာတွင်လည်း ဆက်လက်၍ များပြားနေဦးမည်ဖြစ်ရာ ၂၀၂၅ ခုနှစ်အထိ ဖြစ်သည်။ 

 

ကွန်တိန်နာသင်္ဘောအသစ်များ ဈေးကွက်ထဲ ပြေးဆွဲခြင်းကြောင့် ကွန်တိန်နာ ပို့ဆောင်ရန် လိုအပ်သောပမာဏထက် ပို့ဆောင်ပေးနိုင်သည့် ပမာဏက အလျှံပယ် ပိုလျှံနေမည်ဟု ခန့်မှန်းထားကြသည်။

“မတ်လလယ်လောက်မှာ အပြောင်းအလဲက သိသာထင်ရှားလာမှာပါ” ဟု Alphaliner ဆန်းစစ်သူ Stefan Verberckmoes က ပြောကြားသည်။

ကွန်တိန်နာ ပို့ဆောင်ရန် လိုအပ်သောပမာဏ ကျဆင်းနေချိန်မှာ ကွန်တိန်နာသင်္ဘောအသစ် လှိုင်းလုံးကြီးများ စတင် ရောက်လာမည် ဖြစ်သည်။

"ဝယ်လိုအားကျုံ့နေတဲ့အချိန် သင်္ဘောအသစ် လှိုင်းလုံးကြီးက ရောက်လာတယ်"ဟု ၎င်းက မှတ်ချက်ပြုသည်။

 

ကွန်တိန်နာသင်္ဘော အသစ်များ ပေးအပ်မှုများသည် ၂၀၂၃ ဒုတိယ ၃လပတ်တွင် စုစုပေါင်း

teu  717,900  ရှိမည်ဖြစ်ပြီး လက်ရှိ ၃လပတ်ထက် ၆၂% မြင့်တက်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် တတိယ ၃လပတ်တွင် စုစုပေါင်း  teu 764,800 အထိ ရှိမည်ဟု Maritime Strategies International (MSI) က ခန့်မှန်းထားသည်။

 

၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်တွင် ကွန်တိန်နာသင်္ဘောအသစ် အမှာစာ ပမာဏ စုစုပေါင်းသည် teu 7.69 သန်း ရှိသည်။ လက်ရှိပြေးဆွဲနေသော ကွန်တိန်နာသင်္ဘောများ စုစုပေါင်း teu ၏ ၃၀% နှင့် ညီမျှသည်။

၎င်း teu 7.69 သန်း တွင်

ယခုနှစ် ၂၀၂၃ မှာ teu 2.48 သန်း (၃၂%)

၂၀၂၄ မှာ teu 2.95 သန်း(၃၈%)

၂၀၂၅ မှာ teu 2.26 သန်း(၃၀%)

ကွန်တိန်နာသင်္ဘောအသစ်များကို ပိုင်ရှင်များထံ လွှဲပြောင်းအပ်နှံမည် ဖြစ်သည်။

 

photo_2023-02-25_08-05-36.jpg

 

 

photo_2023-02-25_08-05-29.jpg

 

 

photo_2023-02-25_08-05-12.jpg

 

Alphaliner သည် ထိပ်တန်းကွန်တိန်နာလိုင်း ၁၁ ခုမှ ပင်မ ကုန်သွယ်မှုရေကြောင်းလမ်းများတွင် ဖြန့်ကျက်ချထားမည့် သင်္ဘောအသစ်များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခဲ့သည်။

၎င်းပမာဏသည် ၎င်းကွန်တိန်နာသင်္ဘောလိုင်းများက ဝန်ဆောင်မှုပေးသော အမေရိကန်နှင့် ဉ‌ရောပရှိ သွင်းကုန်လုပ်ငန်းရှင်များအတွက် အထူးအရေးပါသည်။

ပင်မ ကုန်သွယ်မှုရေကြောင်းလမ်းများအတွက် ၂၀၂၃ ခုနှစ်၏ ကျန်ရှိသည့်လများတွင် ကွန်တိန်နာသင်္ဘောအသစ် ၈၉ စီး တိုးမည်။ ၂၀၂၄ တွင် ၁၃၀ စီး ထပ်တိုးမည်။ ၂၀၂၅ တွင် ၉၆ စီး ထပ်တိုးမည်။ ၃ နှစ်တာကာလတွင် စုစုပေါင်း ၃၁၅ စီး တိုးမည်။

 

ပင်မ မဟုတ်သော ကုန်သွယ်မှုရေကြောင်းလမ်းများ၊ အာရှတွင်း ခရီးစဉ်များ၊ feeder ကွန်တိန်နာများ စသည်တို့ အားလုံးအတွက် ၎င်းကွန်တိန်နာသင်္ဘောလိုင်း ၁၁ ခုတို့သည် ၃ နှစ်တာကာလတွင် ၄၉၉ စီး တိုးမည်။

 

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း Mediterranean Shipping Co. (MSC) သည် ၂၀၂၅ ခုနှစ်အထိ ရရှိလာမည့် ကွန်တိန်နာသင်္ဘောအသစ်များကို  ပင်မ ကုန်သွယ်မှုရေကြောင်းလမ်းများတွင်  အများဆုံး ထည့်သွင်း သုံးစွဲမည်ဖြစ်သည်။  ယခုနှစ်တွင်  ရရှိမည့် ကွန်တိန်နာသင်္ဘောအသစ် ၃၃ စီး အပါအဝင် ၉၂ စီးအထိ သုံးစွဲမည်ဖြစ်သည်။

 

ပင်မ ကုန်သွယ်မှုရေကြောင်းလမ်းများတွင် ကွန်တိန်နာသင်္ဘောအသစ်များ ဒုတိယအများဆုံး ထည့်သွင်းသုံးစွဲမည့် လိုင်းမှာ CMA CGM ဖြစ်သည်။ ၃၈ စီး ထည့်သွင်းသုံးစွဲမည်ဖြစ်ပြီး အားလုံးနီးပါး နောက်နှစ်မှာ ရရှိမည်။

 

Alphaliner က အသစ်တည်ဆောက်သည့် ကွန်တိန်နာသင်္ဘောများကို အရွယ်အစားအရ အတန်းအစား ၃ မျိုး ခွဲခြားပြီး ဆန်းစစ်ထားသည်။

23,000-24,000 TEU အရွယ်အစားကို “Megamax” ဟု သတ်မှတ်ထားပြီး အာရှ-ဥရောပ ကုန်သွယ်မှုတွင် သုံးစွဲမည်။

13,000-15,000 TEU အရွယ်အစားကို “Neopanamax”ဟု သတ်မှတ်သည်။ ပနားမားတူးမြောင်း ဖြတ်သန်းနိုင်သော အရွယ်အစား ဖြစ်သည်။

ပင်မ ကုန်သွယ်မှုရေကြောင်းလမ်းများတွင် ပြေးဆွဲမည့် အခြားကွန်တိန်နာသင်္ဘောများအတန်းအစားတွင် 7,000 TEU နှင့်အထက် အရွယ်အစားရှိသည့် ကွန်တိန်နာသင်္ဘောအသစ်များ ပါဝင်သည်။

 Neopanamax အတန်းအစားသည် အမေရိကန်ခရီးစဉ်များတွင် သုံးစွဲမည် ဖြစ်သည်။

Neopanamax သည် အကြီးမားဆုံး အတန်းအစားအုပ်စု ဖြစ်သည်။ ပင်မ ကုန်သွယ်မှုရေကြောင်းလမ်းများအတွက် ကွန်တိန်နာသင်္ဘော အသစ်များ၏ ၆၀% သည် Neopanamax အတန်းအစားဖြစ်သည်။

Megamax သည် ၂၃% နှင့် ပင်မ ကုန်သွယ်မှုရေကြောင်းလမ်းများတွင် ပြေးဆွဲမည့် အခြားကွန်တိန်နာသင်္ဘောများ အတန်းအစားသည် ၁၇% ရှိသည်။

 

MSC သည် Neopanamax အတန်းအစား ကွန်တိန်နာသင်္ဘောအသစ်များကို အများဆုံး မှာကြားထားသည်။ MSC မှာကြားထားသည့် ကွန်တိန်နာသင်္ဘောအသစ်များတွင် ၆၂% သည် Neopanamax များ ဖြစ်သည်။

CMA CGM ၏ အမှာစာများတွင် Neopanamax ၅၈% ပါဝင်သည်။

 

 ကွန်တိန်နာသင်္ဘောအသစ်များ ရရှိမည့် အချိန်အရကြည့်လျှင် ကွန်တိန်နာသင်္ဘော အသစ်များ၏ ၆၀% ရှိသော Megamax များကို ယခုနှစ်တွင် ရရှိမည် ဖြစ်ပြီး အာရှ-ဥရောပ ကုန်သွယ်မှုရေကြောင်းလမ်းများတွင် ကွန်တိန်နာသင်္ဘောများ ပိုလျှံသွားနိုင်သည်။ 

 

"အာရှ-ဥရောပကုန်သွယ်မှုတွင် ကွန်တိန်နာများ ပို့ဆောင်ပေးရန် လိုအပ်ချက် ပမာဏ လျော့ကျနေချိန်မှာ Megamax ကွန်တိန်နာအသစ်များ အလုံးအရင်းဖြင့် ဝင်ရောက်လာကြမည်" ဟု Alphaliner က မှတ်ချက်ပြုသည်။ 

 

"Megamax အသစ်တည်ဆောက်မှုများ၏လက်နက်တစ်ခု" သည် "ဝယ်လိုအားအားနည်းနေချိန်တွင်ပူးပေါင်းရန်စီစဉ်ထားကြောင်း Alphaliner မှသတိပေးခဲ့သည်။

ပစိဖိတ်ဖြတ်သန်းခရီးစဉ်များ ပြေးဆွဲသည့် Matson ၏ စီအီးအို Matt Cox က ပစိဖိတ်ဖြတ်သန်းသည့် ကုန်သွယ်မှုတွင် ကွန်တိန်နာသင်္ဘောလိုင်းများသည် ပို့ဆောင်ပေးနိုင်စွမ်းကို လျှော့ချပြီး ချိန်ညှိကြမည်ဟု ဆိုသည်။ 

 

"မှာကြားထားတဲ့ ကွန်တိန်နာသင်္ဘောတွေ များပြားနေတယ်။ အဲဒီကွန်တိန်နာသင်္ဘောအသစ်တွေကို တည်ဆောက်ပြီးစီးပြီး လွှဲပြောင်းပေးအပ်မယ်။ တချို့က နောက်ကျလိမ့်မယ်။ ကွန်တိန်နာသင်္ဘောအိုတွေကို သင်္ဘောဖျက်တဲ့ သင်္ဘောကျင်းတွေဆီ ပေးပို့တာ များပြားမယ်။ ချာတာငှားရမ်းထားတဲ့ ကွန်တိန်နာသင်္ဘောတွေကို ချာတာသက်တမ်းပြည့်တဲ့အခါ ဆက်မငှားတော့ဘဲ ပိုင်ရှင်ထံ ပြန်အပ်ကြမယ်။ ကမ္ဘာ့ကွန်တိန်နာသင်္ဘောကဏ္ဍမှာ ၅၀% ခန့်ဟာ ချာတာငှားပြီး ပြေးဆွဲနေကြတာတွေ ဖြစ်ပါတယ်။ အရွယ်အစား လျှော့ချပြီး ဈေးကွက်လိုအပ်ချက်နှင့် လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိတာကို တွေ့မြင်ကြရာမှာ တချို့ကွန်တိန်နာသင်္ဘောတွေကို ရပ်နားထားလိုက်တာတွေလည်း ရှိမယ်" ဟု ၎င်းက ပြောကြားသည်။

 

Alphaliner ဒေတာအရ ထိပ်တန်းကွန်တိန်ာနာသင်္ဘောလိုင်း ၁၁ ခု၏ ချာတာအငှားဖြင့် ပြေးဆွဲနေသော ကွန်တိန်နာသင်္ဘောများ၏ TEU စုစုပေါင်းသည် ၄.၆ သန်း ရှိသည်။ ကမ္ဘာ့ကွန်တိန်နာသင်္ဘောများ စုစုပေါင်း TEU ၏ ၇၆% ရှိသည်။ 

 

 

 

အခြားရှုထောင့်တစ်ခုမှ ကြည့်လျှင် ကွန်တိန်နာသင်္ဘောများကို အသစ်များဖြင့် အစားထိုးပေးဖို့ လိုအပ်နေသည်။ ကိုဗစ်အကြိုကာလတွင် ကွန်တိန်နာသင်္ဘောကဏ္ဍ စီးပွားရေး အခြေအနေ မကောင်းကြသဖြင့် သင်္ဘောအသစ်များ မှာကြားနိုင်ခြင်း နည်းပါးခဲ့သည်။ ယခုအခါ ကွန်တိန်နာသင်္ဘောများတွင် သက်တမ်း အိုနေပြီဖြစ်သည့် သင်္ဘောများ ရှိနေသည်။ VesselsValue အရ ကမ္ဘာ့ကွန်တိန်နာသင်္ဘောများ၏ ပျမ်းမျှသက်တမ်းသည် ယခုအခါ ၁၄.၆ နှစ်ဖြစ်သည်။

အသစ်တည်ဆောက်သည့် ကွန်တိန်နာသင်္ဘောများသည် လောင်စာသုံးစွဲမှု သက်သာသည်။ ထို့ပြင် ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းသော လောင်စာအမျိုးအစားများဖြင့် ခုတ်မောင်းနိုင်မည် ဖြစ်သည်။ နောက်တစ်ချိန် အသက်ဝင်လာမည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းများနှင့် ကိုက်ညီသည်။ 

Source freigthwave

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)