ကုမ္ပဏီပိုင်သင်္ဘော မထားရှိသည့် ONE က ကုမ္ပဏီပိုင်သင်္ဘော ထားရှိတော့မည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကမ္ဘာ့သတ္တမအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်း ONE -Ocean Network Express မှာ ငွေပိုငွေလျှံ များပြားနေတာကို အနာဂတ်တိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်လျက်ရှိသည်။
စင်းလုံးငှား ချာတာ ကွန်တိန်နာသင်္ဘောများကိုသာ နှစ်ပေါင်းအတန်ကြာ မှီခိုနေရပြီးနောက် ကွန်တိန်နာသင်္ဘောအော်ပရေတာ Ocean Network Express သည် ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘော အသစ်များဖြင့် ပြေးဆွဲမည် ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းသည့်အပြင် လောင်စာဆီကို ထိရောက်စွာ သုဲးစွဲနိုင်သည့် ကွန်တိန်နာသင်္ဘောအသစ်များဖြင့် ပြေးဆွဲမည် ဖြစ်ရာ ပိုမိုစိမ်းလန်းပြီး ယှဉ်ပြိုင်နိုင်စွမ်း ပိုမြင့်မားသော ရေယာဉ်စု ဖြစ်လာမည် ဖြစ်သည်။
၎င်း ရေယာဉ်စုကို ထူထောင်ရန်အတွက် COVID-19 ခေတ် ဝင်ငွေသောက်သောက်လဲ ရရှိခဲ့စဉ်က အမြတ်များကို ထုတ်ယူသုံးစွဲသွားမည်။
"ကျွန်တော်တို့ရဲ့ သင်္ဘောစာရင်းမှာ သင်္ဘောတစ်စီးမှ မပိုင်ခဲ့ပါဘူး။ အခု ကုမ္ပဏီပိုင်သင်္ဘောတွေ စတင်ထားရှိဖို့ ရည်ရွယ်ပါတယ်" ဟု ONE စီအီးအို Jeremy Nixon က ပြောကြားသည်။
လက်ရှိတွင် ONE သည် အသုံးပြုသည့် ကွန်တိန်နာသင်္ဘောများအနက် ၈၀% ဝန်းကျင်သည် ရေရှည်အငှားစာချုပ်များဖြင့် ချာတာငှာရမ်း ပြေးဆွဲနေပြီး ကျန်သင်္ဘောများသည် ကာလတိုအငှားစာချုပ်များဖြင့် ငှားရမ်းပြေးဆွဲလျက် ရှိသည်။
ဂျပန်သင်္ဘောလိုင်းကြီးများ ပူးပေါင်းထူထောင်ထားသော စင်ကာပူအခြေစိုက် ONE ကွန်တိန်နာသင်္ဘောလိုင်းကို ၂၀၁၇ ခုနှစ်တွင် Nippon Yusen, Mitsui O.S.K. Lines, Kawasaki Kisen တို့က ဖက်စပ်လုပ်ငန်းအဖြစ် စတင်တည်ထောင်ခဲ့သည်။ Nippon Yusen မှ အမှုဆောင်အရာရှိ Jeremy Nixon က ONE ထူထောင်ခဲ့စဉ်ကစ၍ ယခုအထိ စီအီးအို တာဝန်ကို ထမ်းဆောင်နေသည်။
ONE သည် တင်ဆောင်နိုင်သည့် TEU စုစုပေါင်းအရ ကမ္ဘာ့သတ္တမအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်းဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် ဝေစု ၆% ရရှိထားသည်ဟု ပြင်သစ်မှ ပင်လယ်ရေကြောင်းဆိုင်ရာ အချက်အလက်များ ထုတ်ပြန်သည့် Alphaliner က ဆိုသည်။
ONE သည် အာရှ-ပစိဖိတ်ဒေသတွင် အဓိကကျသော ကွန်တိန်နာသင်္ဘောလိုင်း တစ်ခုဖြစ်ပြီး ဒေသတွင်း၌ ၎င်း၏ ပုံမှန်ပို့ေဆာင်မှုများ၏ ၄၀% ကျော်ကို ဝန်ဆောင်မှုများ ပေးအပ်နေသည်။
အာရှနှင့် မြောက်အမေရိက ခရီးစဉ်များတွင် ၁၀ ရာခိုင်နှုန်းကျော်ကို ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည်။
ONE ၏ ပြိုင်ဘက် ကွန်တိန်နာသင်္ဘောလိုင်းများမှာ တရုတ်မှ COSCO Group နှင့် ထိုင်ဝမ်မှ Evergreen Line တို့ ဖြစ်ပါသည်။
Click Here > Empire Chemicals
ONE သည် အနာဂတ် လုပ်ငန်းကြီးထွားရေးအတွက် ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများ ပိုင်ဆိုင်ထားခြင်းသည် အခရာကျသည်ဟု ရှုမြင်သဖြင့် ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများ စတင်ထားရှိရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။
၂၀၂၅ နှင့် ၂၀၂၆ တို့တွင် တည်ဆောက်ပြီးစီးမည့် ကွန်တိန်နာသင်္ဘော အသစ် ၁၀ စီး အမှာစာ ချကြောင်း ONE က ထုတ်ပြန်ကြေညာခဲ့သည်ကို Myanmar Logistics Guide တွင် ဖော်ပြခဲ့ပါသည်။
လေခွင်းနံရံတပ်ဆင်ထားသည့် အကြီးစား ကွန်တိန်နာသင်္ဘော အသစ် ၁၀ စင်း ONE အမှာစာချ
https://www.logisticsguide.com.mm/en/industry-news/container/227052-one.html
သင်္ဘောကျင်း အမှာစာ၏ စုစုပေါင်းတန်ဖိုးမှာ ယန်း ၁၀၀ မှ ၂၀၀ ဘီလီယံ( ကန်ဒေါ်လာ သန်း ၇၆၀ မှ ၁.၅ ဘီလီယံ)အထိ ရှိမည်ဟု ခန့်မှန်းထားသည်။ အဆိုပါသင်္ဘောများသည် မီသနော သို့မဟုတ် အမိုနှီးယားကို လောင်စာအဖြစ် အသုံးပြုမည် ဖြစ်သည်။
ယခင် ၂၀၂၂ မေလတွင်လည်း ကွန်တိန်နာသင်္ဘော အသစ် ၁၀ စီး အမှာစာ ချခဲ့သည်။
အမှစာ နှစ်ရပ် စုစုပေါင်း ကွန်တိန်နာသင်္ဘော အသစ် အစီး ၂၀ တို့သည် ONE ၏ ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများ ဖြစ်လာကြမည်။
ONE သည် ၂၀၃၀ ဘဏ္ဍာနှစ်တွင် အနည်းဆုံး ကန်ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီး အများစုမှာ ကုမ္ပဏီပိုင် သင်္ဘောများ ထားရှိရေးနှင့် ဆက်စပ်ကုန်ကျစရိတ်များအတွက် သုံးစွဲမည်ဖြစ်သည်။
ကွန်တိန်နာသင်္ဘောအသစ်များသည် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျော့နည်းစေရေးကို ပထမဦးစားပေး သတ်မှတ်ထားသည်။ သင်္ဘောများ ဝယ်ယူလျှင်လည်း သဘာဝပတ်ဝန်းကျင်နှင့် မိတ်ဖက်ကျသည့် သင်္ဘောအမျိုးအစားကိုသာ ဝယ်ယူမည် ဖြစ်သည်။
ONE သည် ချာတာအငှားသင်္ဘောများကို ကုမ္ပဏီပိုင်သင်္ဘောအဖြစ်သို့ ပြောင်းလဲသည့် အစီအစဉ်ကိုလည်း ဆောင်ရွက်သည်။
ကမ္ဘာ့ထိပ်တန်း ကွန်တိန်နာသင်္ဘောငှားရမ်းသူ Seaspan ၏ မိခင်လုပ်ငန်း Atlas ကို ယခုနှစ် ၂၀၂၃ ပထမနှစ်ဝက်အတွင်း အပြီးသတ်ဝယ်ယူရန် စီစဉ်ထားသော ကုမ္ပဏီစုတွင် ONE ပါဝင်သည်။
၎င်းကုမ္ပဏီစုသည် Atlas တွင် သုံးပုံ နှစ်ပုံကျော်ကို ပိုင်ဆိုင်ထားပြီး ရာနှုန်းပြည့် ပိုင်ဆိုင်အောင် ကန်ဒေါ်လာ ၁.၆ ဘီလီယံ သုံးစွဲကာ ဝယ်ယူမည် ဖြစ်သည်။
ONE သည် Seaspan ၏ သင်္ဘောများ အများဆုံးငှားရမ်းသူ ဖြစ်သည်။ သို့ဖြစ်ရာ Seaspan ၏ မိခင်လုပ်ငန်း Atlas ကို ဝယ်ယူပြီးသောအခါ Seaspan နှင့် နောက်နောင် ချုပ်ဆိုမည့် အငှားစာချုပ်များကို လိုတိုးပိုလျှော့ လိုအပ်သလို ပြောင်းလဲနိုင်မည် ဖြစ်သည်။
ONE က ယခုလို ရင်းနှီးမြှုပ်နှံမှုများ ကြီးကြီးမားမား ပြုနေနိုင်သည်မှာ ကိုဗစ်ကာလတွင် အမြတ်အစွန်းများ စံချိန်တင် ရရှိခဲ့သောကြောင့် ဖြစ်သည်။ ၂၀၂၂ မတ်လတွင်ကုန်ဆုံးသည့် ဘဏ္ဍာနှစ်တွင် အသားတင်အမြတ် ကန်ဒေါ်လာ ၁၆.၇ ဘီလီယံ ရရှိခဲ့သည်။
ယခုဘဏ္ဍာနှစ်တွင် အသားတင်အမြတ် ကန်ဒေါ်လာ ၁၄.၇ ဘီလီယံ ရရှိမည်ဟု ခန့်မှန်းထားသည်။
လွန်ခဲ့သည့် ၂ နှစ်က ကုမ္ပဏီတွင် ငွေသား ယန်း ၂၄၀ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၂ မတ်လကုန်တွင် ယန်း ၁.၉ ထရီလီယံ ရှိသည်အထိ မြင့်တက်ခဲ့ပါသည်။
ကုမ္ပဏီပိုင်သင်္ဘာများ ထားရှိခြင်းသည် အငှားချာတာဈေးနှုန်းများ အတက်အကျ မတည်ငြိမ်ခြင်းကြောင့် ထိခိုက်မှု လျော့နည်းပြီး တည်တည်ငြိမ်ငြိမ် ဖြစ်နေစေသည်။ သင်္ဘောအသစ်များ မှာကြားခြင်းသည် နောင်တစ်ချိန် အသက်ဝင်လာတော့မည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမည့် သင်္ဘောများကို ရရှိစေသည်။ လောင်စာဆီ အစားသက်သာသည့် သင်္ဘောများကို ရရှိမည်ဖြစ်သည်။
ထို့ပြင် ONE သည် Nippon Yusen, Mitsui O.S.K ကို သင်္ဘောအငှားအတွက် အားကိုးနေရခြင်းမှ လွတ်ကင်းစေမည် ဖြစ်သည်။ "ကျွန်တော်တို့ ကွန်တိန်နာသင်္ဘောများ စင်းလုံးငှားရန် ကုမ္ပဏီ ရှယ်ယာရှင် သင်္ဘောလိုင်းတွေကို ရှေ့လျှောက် အားကိုးဖို့ မဖြစ်နိုင်တော့ဘူး" ဟု Nixon က ပြောကြားသည်။
"အနာဂတ်မှာ၊ သူတို့ [ရှယ်ယာရှင်ကုမ္ပဏီသုံးခု] က ONE အတွက် ဘယ်သင်္ဘောကိုမှ ဝယ်မှာ မဟုတ်ဘူး၊ နောက်ထပ်သင်္ဘောတွေကို စင်းလုံးငှားတော့မှာ မဟုတ်ဘူး"ဟု သူက ပြောသည်။
Source asia nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U