CMA CGM နှင့် CSSC ဒေါ်လာ ၃ ဘီလီယံကျော် တန်ဖိုးအကြီးမားဆုံး ကွန်တိန်နာအမှာစာ လက်မှတ်ရေးထိုး
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံမှ China State Shipbuilding Corp. (CSSC) နှင့် ပြင်သစ်နိုင်ငံမှ သင်္ဘောလိုင်း CMA CGM တို့သည် စုစုပေါင်း ယွမ် ၂၁ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၀၆ ဘီလီယံ) တန်ဖိုးရှိ ကွန်တိန်နာသင်္ဘော ၁၆ စင်း အမှာစာအတွက် ဧပြီလ ၆ ရက်တွင် ပေကျင်းမြို့တော်မှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
.
CSSC လက်အောက်ရှိ China Shipbuilding Trading Co., Ltd. (CSTC) ၏အဆိုအရ အဆိုပါသဘောတူညီချက်သည် တရုတ်သင်္ဘောတည်ဆောက်ရေးလုပ်ငန်း သမိုင်းတစ်လျှောက်တွင် တစ်ကြိမ်တည်းမှာ မှာယူမှုတန်ဖိုး အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
.
အမှာစာတွင် မီသနော methanol နှင့် လောင်စာဆီ နှစ်မျိုးသုံး အင်ဂျင် သုံးထားသည့် ကွန်တိန်နာ သင်္ဘော ၁၂ စီးနှင့် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG)နှင့် လောင်စာဆီ နှစ်မျိုးသုံး အင်ဂျင် သုံးထားသည့် ကွန်တိန်နာ သင်္ဘော ၄ စီးတို့ ပါဝင်သည်။
.
မီသနော ကွန်တိန်နာသင်္ဘောများသည် TEU 15,000 တင်ဆောင်နိုင်သည့် အရွယ်အစား ဖြစ်ပြီး LNG ကွန်တိန်နာသင်္ဘောများသည် TEU 23,000 တင်ဆောင်နိုင်သည့် အရွယ်အစား ဖြစ်သည်။
မီသနော ကွန်တိန်နာတင်သင်္ဘောများအတွက် တရုတ်နိုင်ငံအဖို့ ပထမဆုံးရရှိသည့် အမှာစာ ဖြစ်သည်။
.
မီသနော ကွန်တိန်နာသင်္ဘောများသည် အလျား ၃၃၆ မီတာ၊ အကျယ် ၅၁ မီတာ ရှိပြီး ကုန်အလေးချိန် တန် ၁၆၅,၀၀၀ အထိ သယ်ဆောင်နိုင်သည်။ ၎င်းကွန်တိန်နာသင်္ဘောများကို CSSC ၏ ရှန်ဟိုင်းမြို့ရှိ သင်္ဘောကျင်းနှင့် ဒါလျံမြို့ရှိ သင်္ဘောကျင်းများတွင် တည်ဆောက်ပေးမည် ဖြစ်သည်။
.
LNG ကွန်တိန်နာသင်္ဘောများသည် အလျား ၃၉၉.၉ မီတာ၊ အကျယ် ၆၁.၃ မီတာ ရှိပြီး ကုန်အလေးချိန် တန် ၂၂၀,၀၀၀ အထိ သယ်ဆောင်နိုင်သည်။
.
၎င်းကွန်တိန်နာသင်္ဘောများ လွှဲပြောင်းပေးအပ်မည့် အချိန်ကာလကို ကြေညာချက်တွင် မဖော်ပြထားပေ။
ပြင်သစ်သင်္ဘောကုမ္ပဏီ CMA CGM အတွက် တည်ဆောက်ပေးခဲ့သည့်
LNG စွမ်းအင်သုံး 23,000 TEU ကွန်တိန်နာသင်္ဘောတစ်စီး။
CMA CGM သည် ယခင် ၁၀ နှစ်တာအတွင်း CSSC ထံမှာ သင်္ဘောစီးရေ ၇၀ ကျော် မှာကြားခဲ့သည်။ TEU 23,000 အရွယ်အစားရှိ ကမ္ဘ့ာပထမဆုံး LNG ကွန်တိန်နာသင်္ဘောကိုလည်း CSSC ထံ မှာကြားခဲ့သည်။
.
ပြင်သစ်သမ္မတ Emmanuel Macron နှင့် ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen တို့ ၏ နိုင်ငံတော်ခရီးစဉ်အတွင်း ပြင်သစ်ကုမ္ပဏီများမှ သဘောတူညီမှုများ ဆက်တိုက်ရရှိခဲ့ခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အဆိုပါ အမှာစာကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
South China Morning Post က ပြင်သစ်နှင့် တရုတ်တို့သည် ၎င်းတို့၏ စီးပွားရေး ဆက်ဆံမှုအား ၂၀၂၂ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်သို့ ရောက်ရှိလာခဲ့ကြောင်း သတင်းဆောင်းပါး ဖော်ပြသည်။
.
အဆိုပါ နိုင်ငံတော်ခရီးစဉ်တွင် ကွန်တိန်နာသင်္ဘောများ အမှာစာ အပါအဝင် သဘောတူစာချုပ် အကြီးစား ၂၀ ခန့် လက်မှတ်ရေးထိုးခဲ့ကြသည်။
ပြင်သစ်မှ Airbus က တရုတ်နိုင်ငံရှိ ၎င်း၏ အပြီးသတ်တပ်ဆင်ရေးစက်ရုံတွင် တပ်ဆင်ရေးလိုင်း တစ်လိုင်း ထပ်တိုးရန် သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့သည်။
Source maritime executive
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U