ကုန်ပစ္စည်းပါ ကုန်သေတ္တာအများစုသည် ရောင်းသူ နှင့် ဝယ်သူအကြား ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက်မှ စတင်နိုင်ပြီး
များသောအားဖြင့် ရောင်းသူသည် ကုန်ပစ္စည်းထုတ်လုပ်သူ သို့မဟုတ် သင်္ဘောတင်ပို့သူ သို့မဟုတ် ပို့ကုန်တင်ပို့သူလဲ ဖြစ်ပါသည်။ဝယ်သူသည် ကုန်ပစ္စည်းလက်ခံသူ သို့မဟုတ် သွင်းကုန်တင်သွင်းသူ ဖြစ်ပါသည်။ ရောင်းသူ နှင့် ဝယ်သူနှစ်ဦးအကြား သဘောတူညီချက်ရရှိသည့်အခါ ကုန်ပစ္စည်းကို သယ်ယူပို့ဆောင်ရန်အတွက် ကုန်သေတ္တာကို အသုံးပြုကာ သင်္ဘောတင်ပို့မှုအဆင့်သို့ ရောက်ရှိလာသည်။ ကုန်တင်ပို့သူသည် ကုန်သေတ္တာအတွင်းသို့ ထည့်သွင်းထားသည့် ကုန်ပစ္စည်း နှင့် သက်ဆိုင်သည့် အသေးစိတ်အချက်အလက်ကို အဓိကသိရှိသူဖြစ်သည်။
ကုန်သေတ္တာ သယ်ယူပို့ဆောင်မှုလုပ်ငန်းကို ပိုမိုတိုးတက်စေရန်အတွက် ဆုံမှတ် သို့မဟုတ် ဆက်ကြောင်းတစ်ခုချင်းစီတွင် ထိရောက်သော သတင်းအချက်အလက် စီးဆင်းမှုသည် မရှိမဖြစ်သောလိုအပ်ချက် ဖြစ်သည်။ ဥပမာအားဖြင့် ကုန်သေတ္တာအတွင်း ကုန်ပစ္စည်း ထည့်သွင်းထားသည့် အစီအစဉ် (container load plan) သည် အတွင်းတွင်ပါဝင်သည့် ကုန်ပစ္စည်းများ၏အချက်အလက်ကို ဖော်ပြရသည်။
ကုန်သေတ္တာအတွင်း ကုန်ပစ္စည်း ထည့်သွင်းထားသည့် အစီအစဉ် (loading plan) သည် ကုန်သေတ္တာကိုနောက်ဆုံး ပို့ဆောင်ရမည့်နေရာတွင် ကုန်တင်ပို့သူ သို့မဟုတ် ကုန်လက်ခံသူ သို့မဟုတ် ၎င်းတို့၏ ကိုယ်စားလှယ်များက အတွင်းပါပစ္စည်းများကို မျက်မြင်စစ်ဆေးပြီး စာရွက်စာတမ်းများအရ မှန်ကန်ကြောင်း အတည်ပြုရမည် ဖြစ်သည့်အတွက် အရေးကြီးသော သတင်းအချက်အလက်ဖြစ်သည်။ကုန်သေတ္တာကို ချိတ်ပိတ်ပြီးသည့်အခါ ကုန်သေတ္တာအတွင်းပါကုန်ပစ္စည်းများနှင့် ပါတ်သက်သည့် သတင်းအချက်အလက်ကို ကုန်လက်ခံသူမှရယူပြီး ဖွင့်လှစ်သည့် အချိန်မတိုင်မီ အထိ အတည်ပြုနိုင်ခြင်းမရှိပါ။
ထို့အတွက် ကုန်တင်ပို့သူများသည် တင်ပို့မည့်ကုန်သေတ္တာ နှင့် သက်ဆိုင်သည့် အခြေခံ သတင်းအချက်အလက်များဖြစ်သော ကုန်တင်ပို့သူ (shipper)၊ ကုန်လက်ခံသူ (consignee)၊ ကုန်ပစ္စည်းလက်ခံရယူမည့်နေရာ (place of delivery)၊ ကုန်ပစ္စည်းအမျိုးအစား သတ်မှတ်ဖော်ပြချက် (cargo descriptions) စသည့် တိကျ၍ ပြည့်စုံသော အချက်အလက်များကို ပံ့ပိုးပေးခြင်းအားဖြင့် သတင်းအချက်အလက် စီးဆင်းမှုတွင် အရေးပါသော အခန်းမှ ပါဝင်ဆောင်ရွက်နေကြသည်။
နိုင်ငံတကာသို့သယ်ယူပို့ဆောင်သော ကုန်သေတ္တာအများစုသည် ဆိပ်ကမ်းတစ်ခုမက ဖြတ်သန်းသွားလာရသဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် ကုန်သေတ္တာသယ်ယူပို့ဆောင်ရေးကွန်ယက်တွင် သတင်းအချက်အလက်များ ဖလှယ်ရေး နှင့် နောက်ဆုံးသတင်း အချက်အလက်ကို ရရှိရေးမှာ ခက်ခဲလာပါသည်။ထိရောက်သော ကုန်သေတ္တာသယ်ယူပို့ဆောင်မှုသည် သယ်ယူပို့ဆောင်မှု လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများအကြား ယုံကြည်စိတ်ချရသော သတင်းအချက်အလက်ပေါ်တွင် မူတည်နေသည်။သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်သူများ နှင့် ကုန်သေတ္တာ ဆိပ်ကမ်းတံတားစသည့် ဆက်စပ်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်သေတ္တာ သယ်ယူပို့ဆောင်မှု လုပ်ငန်းစဉ်တွင် ထိရောက်သော သတင်းအချက် အလက်စီးဆင်းမှုကို ရရှိစေနိုင်ပါသည်။
Source ; Yone Shin