Wednesday, 22 November 2023 04:44
ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ နိုင်ငံပေါင်း (၄၀) ကျော်သို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၃၇၅) သန်း ရရှိခဲ့သည်ဟု ငါးလုပ်ငန်းဦးစီးဌာန (နေပြည်တော်) ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းက ပြောကြားခဲ့ကြောင်း ရတနာပုံသတင်းစာပါ ဖော်ပြချက်အရ သိရသည်။
ဧပြီလမှ အောက်တိုဘာလထိ (၇) လတာကာလအတွင်း နိုင်ငံပေါင်း (၄၀) ကျော်သို့ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် ရေထွက်ကုန်ပစ္စည်း တန်ချိန်စုစုပေါင်း (၂၄၁,၀၀၀) ကျော် တင်ပို့ခဲ့သည်။
ထိုသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် လေကြောင်းမှ ရေထွက်ကုန်ပစ္စည်း တန်ချိန် (၁၂၀,၀၀၀) နှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တန်ချိန် (၁၂၁,၀၀၀) ကျော် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။
Advertisement
Click Here >Hong Kong Enterprise
“ မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းတွေကို ပုံမှန်ကုန်သွယ်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကနေ ပြည်ပနိုင်ငံတွေကို တင်ပို့နေပြီး သက်ဆိုင်ရာ နိုင်ငံတွေက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ရောဂါပိုးမွှားတွေ ကင်းရှင်းစေဖို့၊ ပြည်တွင်းက ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့မှု လုပ်ငန်းစဉ်တွေကို စနစ်တကျ စီစဉ် ဆောင်ရွက်နေပါတယ်။ ” ဟု ညွှန်ကြားရေးမှုးက ပြောသည်။
မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများအပါအဝင် ရေခြားမြေခြား နိုင်ငံတချို့ကို တင်ပို့နေပြီး တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းများ ငါး၊ ပုစွန်၊ ကဏန်းစသည့် ရေထွက်ကုန်များ ပုံမှန် တင်ပို့လျက် ရှိသည်။
ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် ပုံမှန်တင်ပို့မှုများ စဉ်ဆက်မပြတ် ရှိစေရေးနှင့် ဈေးကွက်အနေအထားပေါ် မူတည်ကာ ပို့ကုန်မလျော့ကျစေရေး၊ ဝယ်ယူနေသည့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ လိုအပ်ချက်များ ပြည့်မီရေးကို ဌာနနှင့် ပို့ကုန်လုပ်ငန်းရှင်များ ပူပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။