Export & Import

Tuesday, 23 October 2018 17:48

ခြောက်လအတွင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၈ ဘီလျံကျော်ရှိခဲ့

၂ဝ၁၈ (ဧပြီမှ စက်တင်ဘာ) ကြားကာလ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၈ ဘီလျံကျော်ရှိခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အချက်အလက်များတွင် ဖော်ပြထားသည်။ ထိုပမာဏသည် ယခင်ဘဏ္ဍာနှစ် ကာလတူ ခြောက်လတာ ကုန်သွယ်မှုပမာဏထက် အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံကျော်ဖြစ်ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ ဘီလျံကျော် ဖြစ်သည်။ ထို့အတွက် ကုန်သွယ်မှုလိုငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိခဲ့သည်။ ကုန်သွယ်မှုလိုငွေသည် ပြီးခဲ့သည့်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ လျော့ကျခဲ့သည်။ ကုန်သွယ်မှုကိုကြည့်လျှင် ပို့ကုန်ကဏ္ဍတွင် စက်မှုကုန်ချောပစ္စည်းအုပ်စုသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ဘီလျံကျော်ဖြင့် အများဆုံးရရှိခဲ့ပြီး တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုများသည် ကာလတူထက် ပို့ကုန်ဝင်ငွေ ပိုမိုရရှိခဲ့သည်။ လယ်ယာထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် အခြားပစ္စည်းများသည် ကာလတူထက် ပို့ကုန်ဝင်ငွေလျော့နည်းခဲ့သည်။ စက်မှုကုန်ချောပစ္စည်းအုပ်စုတွင် ပါဝင်သော CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်ဖြင့် အများဆုံး ပို့ကုန်ဖြစ်ခဲ့ပြီး ၄င်းနောက်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံဖြင့် ဒုတိယအများဆုံးပို့ကုန် ဖြစ်ခဲ့သည်။ တိရိစ္ဆာန်ထွက်ပစ္စည်းအုပ်စုတွင် ပါဝင်သော ကျွဲ၊ နွားတင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၁၆ဝ ကျော်ရရှိခဲ့သည်။ သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများသည် ကာလတူထက် ပိုမိုတင်သွင်းမှုရှိခဲ့သည်။ ''ကုန်သွယ်မှုလိုငွေ ဘာလို့ရှိနေလဲဆိုတော့ နိုင်ငံဟာ တည်ဆောက်နေဆဲကာလဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ ကုန်စည်ပစ္စည်း ဝင်လာတယ်၊ ရည်ရွယ်ချက်ကတော့ ပို့ကုန် ပိုမိုတင်ဖို့ပဲ၊ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုပစ္စည်းတွေ ပိုဝင်လာမယ်ဆိုရင် လိုငွေက ရှိနေဦးမှာပဲ'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းလုပ်ငန်းများအတွက်ရည်ရွယ်၍ ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်း၊ အသုံးအဆောင်ပစ္စည်းများကို တင်ပို့/တင်သွင်း ခွင့်ပြုခြင်း၊ လက်လီ/လက်ကားရောင်းချမှုလုပ်ငန်းတွင် နိုင်ငံခြားသားများအား ရာနှုန်းပြည့်ခွင့်ပြုခြင်းတို့ကို ၂ဝ၁၈ အတွင်း ခွင့်ပြုခဲ့သည်။ credit : myanmar time

Friday, 19 October 2018 07:50

ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ရရှိထားသူများ အကျိုးခံစားခွင့်များ

ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ရရှိထားသူများ အကျိုးခံစားခွင့်များ ရရှိနိုင်ပါတယ်။ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ရရှိထားသူများသည် ပင်လယ်ရေကြောင်း နှင့် နယ်စပ်ဒေသများမှ တစ်ဆင့်ပုံမှန် ကုန်သွယ်မှု (Conventional Trade) စနစ်ဖြင့်သော် လည်းကောင်း ၊ နယ်စပ်ဒေသများမှ တစ်ဆင့် (Border Trade) စနစ်ဖြင့်သော်လည်းကောင်း သတ်မှတ်လုပ်ထုံးလုပ်နည်းများ နှင့်အညီ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိသည်။ နိုင်ငံတော်မှ အခါအားလျော်စွာ ပိတ်ပင်ထားသော ပစ္စည်းများမှအပ ကျန်သည့် ပစ္စည်းများကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်ပသို့ တင်ပို့ရောင်းချခွင့်ရှိသည်။ ပြည်ပမှ တင်သွင်းခွင့်မပြုရန် အခါအားလျော်စွာ သတ်မှတ်ထားသည့် ပစ္စည်းများမှအပ ကျန်ပစ္စည်းများကို ပြည်ပသို့ပို့ကုန်များ တင်ပို့ရောင်းချခြင်းဖြင့်ရရှိသည့် နိုင်ငံခြားငွေဖြင့် ဖြစ်စေ ၊ အခြား တရားဝင်ရရှိပြီး သတ်မှတ်သည့် အခွန်အခများ ပေးဆောင်ပြီးသည့်ငွေဖြင့် ဖြစ်စေ၊ နယ်စပ်ကုန်သွယ်မှုအတွက် နယ်စပ်စခန်းတိုင်း တွင် သတ်မှတ်ထားသည့် ငွေကြေးအမျိုးအစားဖြင့် ဖြစ်စေ သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ သွင်းကုန်များ တင်သွင်းခွင့်ရှိသည်။ ပြည်ပမှ တင်သွင်းသောပစ္စည်းများ နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ သီးခြားကန့်သတ်ထားသော ကုန်ပစ္စည်းများအား သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်ပစ္စည်းများကို ပြည်တွင်း၌ ကြိုက်နှစ်သက်ရာ အစီအစဉ် ဖြင့် ဖြန့်ဖြူးရောင်းချခွင့်ရှိသည်။ Source : ကုန်သွယ်မှု့ကွန်ယက်

Saturday, 13 October 2018 07:22

တရုတ်က အမေရိကန်နှင့် ကုန်သွယ်ရာ၌ စက်တင်ဘာလတွင် ဒေါ်လာ ၃၄ ဘီလီယံကျော် စံချိန်တင်ပိုငွေပြ

ကုန်သွယ်ရေးစစ်ပွဲဟုတင်စားကြသည့် ပို့ကုန်အများ အခွန်တိုးမြှင့်ကောက်ခံနေရသည့်ကြားမှ တရုတ်သည် အမေရိကန်နှင့် ကုန်သွယ်ရာတွင် စက်တင်ဘာလအတွင်း ပိုငွေ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံကျော် စံချိန်တင် ပိုငွေပြခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်မှ အမေရိကန်သို့ ပို့ကုန်သည် စက်တင်ဘာတွင် ဒေါ်လာ ၄၆ ဒသမ ၇ ဘီလီယံ ရှိခဲ့ပြီး တရုတ်သို့ အမေရိကန်မှ သွင်းကုန်သည် ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံဘိုး ရှိခဲ့ကြောင်း သိရသည်။ တရုတ်၏နည်းပညာဆိုင်ရာ မူဝါဒကို အပြစ်ဖို့လျက် အမေရိကန်က တရုတ်သွင်းကုန်များကို အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံနေသည့်ကြားမှ တရုတ်သွင်းကုန်များ အားကောင်းနေခြင်းဖြစ်သည်။ "အမေရိကန်ရဲ့ အခွန်တိုးကောက်မှုကို လွန်ခဲ့တဲ့လက ပို့ကုန်တွေက ဆက်လက်ဖီဆန်ခဲ့ပေမယ့် ပြည်တွင်း ဝယ်လိုအား အေးစက်နေတာကို သွင်းကုန်တွေ ခံစားနေရတယ်"ဟု လန်ဒန်အခြေစိုက် စီးပွားရေးသုသေတနဌာနမှ စီးပွားရေးပညာရှင် ဂျူလီယန် အီဗန်စ် ပရစ်ချတ်ကပြောဆိုသည်။ အမေရိကန်နှင့်ကုန်သွယ်ရာတွင် ကုန်သွယ်ရေးပိုငွေပြမှုသည် စက်တင်ဘာတွင် ဒုတိယမြောက် စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။ တရုတ်၏ စက်တင်ဘာလ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်တင်ပို့မှုသည် လွန်ခဲ့သည့်နှစ်ထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၂၂၆ ဒသမ ၇ ဘီလီယံ ရှိခဲ့ရာ သြဂုတ်လထွက် ၁၂ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်သည်။ သွင်းကုန်လည်း ၁၄ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၁၉၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တစ်လအတွင်း ၂၀ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်တင်ပို့မှုသည် ပြည်တွင်းဝယ်လိုအား အေးစက်လာခြင်းအပေါ်လည်း အခြေပြုသည်။ နိုင်ငံတော်က ဦးဆောင်နေသည့် ရိုဘော့နှင့် အခြားနည်းပညာဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာစီမံကိန်းများပမာဏကို လျှော့ချရန် ဖိအားပေးမှုများအား တရုတ်ခေါင်းဆောင်များက ငြင်းပယ်ခဲ့သည်။ Source : Myanmar Time

Friday, 12 October 2018 08:11

တရုတ်နိုင်ငံ ပို့ကုန်၊သွင်းကုန်အပေါ်အခွန်ကောက်ခံမှု

တရုတ်နိုင်ငံသည် အထည်အလိပ် ထုတ်ကုန်များနှင့် သတ္တုများအပေါ် သွင်းကုန် အခွန်ကောက်ခံခြင်းအား နိုဝင်ဘာလ၁ ရက် နေ့မှ စကာ ၁၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၈ ဒ သမ ၄ ရာခိုင်နှုန်းသို့ လျှော့ချသွားမည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံသည် အမေရိကန်အပါအဝင် ကုန်သွယ်ဘက်နိုင်ငံကြီးများနှင့် တင်းမာမှု မြင့်တက်နေချိန်အတွင်း သွင်းကုန်များကို တိုးမြှင့်ရန် လိုအပ်သည်များ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဇူလိုင်လအစောပိုင်းတွင် တရုတ်နိုင်ငံသည် အဝတ်အစား၊ အလှကုန်၊ အိမ်သုံးပစ္စည်း များ၊ အားကစားပစ္စည်းများအတွက် သွင်း ကုန်အခွန် လျှော့ချပေးခဲ့ပါတယ်။ သစ်နှင့် စက္ကူ၊ သတ္တု၊ ကျောက်မျက်ရတနာ သွင်းကုန်များအတွက် အခွန်ကိုလည်း ၆ ဒသမ ၆ ရာခိုင်နှုန်းမှာ ၅ ဒသမ ၄ ရာခိုင်နှုန်း သို့ လျှော့ချပေးလိုက်ကြောင်း ဝန်ကြီးဌာန၏ ကြေညာချက်ထဲတွင် ဖော်ပြထားခဲ့ပါတယ်။ ကုန်စည်အမျိုးပေါင်း ၁၅ဝဝ ကျော်အ တွက်ပျမ်းမျှ တင်သွင်းခန်ကို ၁ဝ ဒသမ ၅ ရာခိုင်နှုန်းမှ ၇ ဒသမ ၈ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ကြောင်းလည်း အဆိုပါ ကြေ ညာချက်တွင် ဖော်ပြထားခဲ့ပါတယ်။ မြင့်တက်လာသော အမေရိကန်နှင့်ကုန် သွယ်ရေးစစ်ပွဲကို ဆက်လက် တိုက်ပွဲဝင်ရန် အတွက် စက်ပစ္စည်း၊ အီလက်ထရောနစ် ပစ္စည်း၊ အဝတ်အထည်များအတွက် သွင်း ကုန် အခွန်ကို နိုဝင်ဘာလ ၁ရက်နေ့မှ စကာ လျှော့ချသွားည့် အစီအစဉ်များကို တရုတ် အစိုးရအဖွဲ့က ကြေညာထားခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်တွင် ၉ဒသမ၈ ရာခိုင်နှုန်းရှိ သော သွင်းကုန်အခွန်များကို ၂ဝ၁၈ ခုနှစ် တွင် ၇ဒသမ၅ ရာခိုင်နှုန်းသို့ လျှော့ချသွား မည် ဖြစ်ကြောင်း အစိုးရအဖွဲ့က ပြောပြချက်အရ သိခဲ့ရပါတယ်။ Source : MYANMAR BUSINESS TODAY

Friday, 05 October 2018 07:44

ငွေလဲနှုန်းတည်ငြိမ်မှသာ ပို့ကုန်၊သွင်းကုန် လုပ်ငန်းများကို ရှေ့ဆက်ဆောက်ရွက်

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များက ငွေလဲနှုန်းတည်ငြိမ်မှုကို စောင့်ကြည့်နေသည်။ပွင့်လင်းရာသီ ရောက်ရှိလာသော်လည်း ကန်ဒေါ်လာ နှင့် ကျပ်ငွေလဲနှုန်းတည် ငြိမ်မည့်အချိန်ကို စောင့်ကြည့်ပြီးမှ လုပ်ငန်းများမြှင့်တင်ဆောင်ရွက်မည်ဟု ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်အချို့ကပြောခဲ့ပါတယ်။ လက်ရှိတွင် ဒေါ်လာတန်ဖိုး နေ့စဉ်ဆက်တိုက်ကျဆင်းနေခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်ရန်ခက်ခဲကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တွဲဖက်အတွင်းရေးမှူး ဦးလူမော်မြင့်မောင်မှ ပြောခဲ့ပါတယ်။ ‘‘ဘယ်နေရာရောက်မှ တည်ငြိမ်မယ်ဆိုတာလောလောဆယ် မှန်းဆလို့ခက်နေတယ်။ အချိန်တစ်ခုကိုတော့ စောင့်ရမယ်ထင်တယ်’’ ဟု ပြည်ပသို့ ဆန်တင်ပို့ နေသည့် စီးပွားရေးလုပ်ငန်းရှင် ဦးလူမော်မြင့်မောင်က ပြောခဲ့ပါတယ်။ ဒေါ်လာတန်ဖိုး ဆက်တိုက်ကျဆင်းနေခြင်းကြောင့် ပြည်ပမှလူသုံးကုန်ပစ္စည်းများ တင်သွင်းရန် အခြေအနေကို စောင့်ကြည့်နေရသည်ဟု မြ၀တီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ သွင်းကုန်လုပ်ငန်းရှင် တစ်ဦးကပြောခဲ့ပါတယ်။ ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းက ပြည်ပပို့ကုန်လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည် ဆိုသော်လည်း ပြည်တွင်းမှ ကုန်ပစ္စည်းများ ပြန်လည်ဝယ်ယူချိန်တွင် မူလဈေးထက်မြင့်တက်ခဲ့ပါတယ်။ လက်ရှိတွင် ဒေါ်လာဈေး ပြန်လည်ကျဆင်းလာခြင်း ကြောင့် ဈေးမြင့်ချိန်ဒေါ်လာဈေး ဖြင့်ရောင်းချထားသူများသည် ငွေလဲနှုန်းအရှုံး စတင်ကြုံတွေ့ရသည်ဟု မြန်မာနိုင်ငံပဲမျိုးစုံ နှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူးဦးမင်းကိုဦးကပြောခဲ့ပါတယ်။ ‘‘ကျွန်တော်တို့က ငွေလဲနှုန်းကိုတည်ငြိမ်တဲ့ဈေးနှုန်းတစ်ခု ဖြစ် စေချင်တယ်’’ ဟု ဦးမင်းကိုဦးက ပြောခဲ့ပါတယ်။ ပြည်ပပို့ကုန်လုပ်ငန်းရှင်တစ်ဦးသည် ဒေါ်လာတန်ဖိုး ကျပ် ၁,၅၅၀ ဖြင့်တွက်ပြီး ကုန်ပစ္စည်းတင်ပို့ပြီးချိန်တွင် ဒေါ်လာတန်ဖိုး ကျပ်၁,၅၀၀ သို့ပြန်လည် ကျဆင်းလျှင် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်က ငွေတန်ဖိုးတစ်ဒေါ်လာလျှင် ကျပ် ၅၀ ဆုံးရှုံးရသည်ဟု ၎င်းကဆိုခဲ့ပါတယ်။အိန္ဒိယနိုင်ငံမှ ၀ယ်လိုအား နည်းချိန်တွင် ငွေလဲနှုန်းမတည်ငြိမ်ခြင်းက ပြည်ပသို့ ပဲမျိုးစုံတင် ပို့နေသည့် စီးပွားရေးလုပ်ငန်းရှင်များကို အခက်အခဲဖြစ်စေသည်ဟု ဘုရင့်နောင်ပဲကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးကပြောခဲ့ပါတယ်။ ပြည်တွင်း ငွေကြေးဈေး ကွက်တွင် ဒေါ်လာတန်ဖိုးသည်အောက်တိုဘာ ၃ ရက်တွင် တစ်ဒေါ်လာ ၁,၅၁၅ ကျပ်သို့ကျဆင်းလာသည်။ ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုး ၁,၆၄၂ ကျပ်အထိ မြင့်တက်ပြီးနောက် နှစ်ပတ်အတွင်း ၈ ရာခိုင်နှုန်းကျော် ပြန်လည်ကျဆင်းခြင်းလဲဖြစ်ပါတယ်။ ‘‘ဒေါ်လာဈေးကျတာ သွင်း ကုန်သမားတွေအတွက် ကောင်း တာပေါ့’’ ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။ မြန်မာနိုင်ငံတွင် စက်သုံးဆီ၊ စားအုန်းဆီအပါအ၀င် လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးဆေးဝါးများကို ပြည်ပမှတင်သွင်းနေရခြင်းကြောင့် ယင်းကုန်ပစ္စည်းများ၏ ဈေးနှုန်းက ဒေါ်လာတန်ဖိုးအတက်အကျပေါ်မူတည်နေခြ့ပါတယ်။လက်ရှိတွင် အိမ်သုံးဆေးမျိုးစုံ ဈေးနှုန်းသည် ဒေါ်လာတန်ဖိုးမြင့်တက်ချိန်တွင် ဈေးထိန်းရောင်းခဲ့သော်လည်း ယခုအချိန်ဈေး နှုန်းလျှော့ချရန် ပြင်ဆင်နေသည်ဟု ၎င်းကဆိုခဲ့ပါတယ်။ Source : 7day daily

Wednesday, 03 October 2018 08:28

တလတာ ကာလအတွင်း တာချီလိတ်ကုန်သွယ်ရေးသတင်း

တာချီလိတ်ကုန်သွယ်ရေးမှ ယခင်တစ်ပတ်ပို့ကုန်ပစ္စည်းများအနေဖြင့်နာနတ်သီး၊ ဖရဲသီး၊ ထောပတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ လက်ဖက်ခြောက်၊ MANGANESE DIOXIDE၊ ပုလင်းခွံဟောင်း၊ ပလတ်စတစ်ဗူးခွံဟောင်းနှင့် ကတ်ထူစက္ကူတို့ တင်ပို့ခဲ့ပြီး သွင်းကုန်ပစ္စည်းများအနေဖြင့် ဘိလပ်မြေ၊ လယ်ထွန်စက်များ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ တွင်းထွက်(သတ္တုမှ အပ)ဆောက်လုပ်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ သုတ်ဆေး၊ ပေါလစ်များ၊ သားရေ၊ သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ သံနှင့်သံမဏိပစ္စည်းများ၊ ဆပ်ပြာ၊ ချုပ်ပြီးအ၀တ်အထည်များနှင့် အခြားပစ္စည်းများ တင်သွင်းခဲ့ကြောင်းသိရှိရပါတယ်။ တာချီလိတ်ကုန်သွယ်ရေးအနေဖြင့်ယခင်တပတ်တွင်ပို့ကုန်ပစ္စည်းများအနေဖြင့် နာနတ်သီး၊ ဖရဲသီး၊ ထောပတ်သီး၊ ကြက်သွန်ဖြူ၊ လက်ဖက်ခြောက်၊ ကော်ဖီစေ့နှင့် Manganese Dioxide တို့တင်ပို့ခဲ့ပြီး သွင်းကုန်ပစ္စည်းများအနေဖြင့် ဘိလပ်မြေ၊ လယ်ထွန်စက်များ၊ စက်နှင့်စက်ပစ္စည်းများ၊ တွင်းထွက်(သတ္တုမှအပ)ဆောင်လုပ်ရေးပစ္စည်းများ၊ အခြားပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ သံနှင့်သံမဏိပစ္စည်းများ၊ ဆပ်ပြာ၊ အခြားပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်းများတင်သွင်းခဲ့ကြောင်းသိရှိရပါတယ်။ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုတပတ်ပို့ကုန်ပစ္စည်းများအနေဖြင့် ရာဘာစေး၊ ကြက်သွန်ဖြူ၊ တစ်သျူးငှက်ပျော၊ ကော်ဖီစေ့၊ နာနတ်သီး၊ ကြက်သွန်နီ၊ ထောပတ်သီးနှင့် ဖရဲသီးတို့တင်ပို့ခဲ့ပြီး သွင်းကုန်ပစ္စည်းများအ နေဖြင့် ဘိလပ်မြေ၊ မော်တော်ယာဉ် နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ တွင်းထွက်(သတ္တုမှအပ)ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ သံနှင့်သံမဏိပစ္စည်းများ၊ တာယာနှင့်ကျွတ်မျညူဈ ဆပ်ပြာနှင့် အခြားလူသုံးကုန်ပစ္စည်းများ တင်သွင်းခဲ့ကြောင်းသိရှိရပါတယ်။ Source : တာချီလိတ်ကုန်သွယ်ရေးသတင်း

Wednesday, 03 October 2018 07:49

ကုန်သွယ်မှုကဏ္ဍမှ ပို့ကုန် အခွင့်အလမ်းတိုးတက်ရေး နှင့် အခွန်အခ

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဟာ ယာဉ်တစ်စီးကို မောင်းနှင် လျက်ရှိတဲ့ အင်ဂျင်သဖွယ် အရေးပါလျက်ရှိပါတယ်။ ဒီလိုအရေးပါလှတဲ့ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို ဦးစားပေး ဆောင်ရွက်ခဲ့တဲ့အတွက် နှစ်စဉ် ကုန်သွယ်မှုပမာဏများ တိုးတက်လာသကဲ့သို့ကုန်သွယ်မှုပမာဏ လိုငွေလျှော့ချနိုင်စေရေးအတွက် ပို့ကုန်ကဏ္ဍ တိုးမြှင့်တင်ပို့နိုင်ရေးကိုလည်း အစဉ်တစ်စိုက်တွန်းအားပေး ဆောင်ရွက်လျှက်ရှိပါတယ်။ နိုင်ငံတကာကုန်သွယ်မှုစနစ်များအရ Re-Export ၊ Transit Trade စသည့် နည်းလမ်းများဖြင့် ကုန်သွယ်မှု တိုးမြင့်စေရေး ဆောင်ရွက်လျက်ရှိရာ၊ မြန်မာနို င်ငံ အနေဖြင့်လည်း ပြည်ပကုန်သွယ်မှု တိုးတက်စေရေး အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်အတွက် ထိုက်သင့်သည့် အခွန်ဘဏ္ဍာများ တိုးတက်ရရှိစေရန်၊ ဆိပ်ကမ်းဝန်ဆောင်ခများ တိုးတက်ရရှိစေရန်၊ လုပ်ငန်းအစဉ် တစ်လျှောက် ဆက်စပ်တဲ့ လုပ်ငန်းရှင် နှင့် ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများရရှိကာ ဘက်စုံအကျိုး ဖြစ်ထွန်းစေရန် ရည်ရွယ်၍ နိုင်ငံတကာ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများ နှင့်အညီ Re-Export စနစ်အား စတင် ဆောင်ရွက်ခဲ့ပါတယ်။ Re-Export စနစ်ဖြင့်သကြားတင်သွင်းမှုအား ပြည်တွင်း ကြံစိုက်ပျိုးထုတ်လုပ်သည့်ကာလတွင် ကြံစိုက်ပျိုးထုတ်လုပ်သူများနှင့် သကြားကြိတ်ခွဲ ထုတ်လုပ်သူများ ဈေးနှုန်းအရ ထိခိုက်မှုမရှိစေရန် အတွက်၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင်ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။ ထို့နောက် ပြည်တွင်း ကြံစိုက်ပျိုး ထုတ်လုပ်သူများ၊ ပြည်တွင်း သကြားစက် လုပ်ငန်းများအား ထိခိုက်မှုမရှိစေရန်အစီအစဉ်များချမှတ်၍ Re-Export စနစ်ဖြင့် သကြား တင်သွင်း/တင်ပို့ခွင့်အား၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက် နေ့မှစ၍ ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ခေတ္တရပ်ဆိုင်းသည့် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အထိ စုစုပေါင်း သကြားတန်ချိန် (၄)သန်းခန့် Re-Export စနစ်ဖြင့် တင်ပို့တင်သွင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်ဧပြီ ၁ ရက်နေ့မှ သြဂုတ် ၁၇ ရက်နေ့ထိတွင် တန်ချိန် ၄ သိန်းကျော်၊တန်ဖိုးဒေါ်လာ ၂၆၈ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ ထိုသို့ တင်ပို့နိုင်ခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ မြင့်မားတိုးတက်လာမှုနဲ့အတူ နိုင်ငံတော်အတွက် သတ်မှတ်အခွန်အခများတိုးတက်ရရှိရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။Re-Export ကို ဆောင်ရွက်ရန် ခွင့်ပြုသည့်အတွက် ကုန်သွယ်မှု ပမာဏ တိုးလာစေသည့်အပြင် နိုင်ငံတော်အနေဖြင့် Re-Export (သကြား) ပေါ်တွင် စုစုပေါင်းအခွန်ငွေ ၄ ဒသမ ၅ ရာခိုင်နှုန်းရရှိပြီး Supply Chain တစ်လျှောက်အကျိုးသက်ရောက်မှုအနေဖြင့် ကုန်သည်လုပ်ငန်းရှင်များ အပြင် Transportation Services လုပ်ငန်းရှင်များကိုပါ ပိုမိုအကျိုးဖြစ်ထွန်း စေခဲ့ပါတယ်။ ကမ္ဘာပေါ်ရှိ သကြားထုတ်လုပ်နိုင်မှု၊ တင်ပို့ရောင်းချနိုင်မှု၊တင်သွင်းမှု အခြေအနေများကို လေ့လာကြည့်ရာတွင် သကြားအများဆုံး ထုတ်လုပ်သော နိုင်ငံများမှာ Foreign Agricultural Service (USDA) ၏ စာရင်း များအရ ဘရာဇီး ၊ အန္ဒိယ ၊ ဥရောပသမဂ၊္ဂထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဖြစ်ကြပါတယ်။ သကြားတင်ပို့သောကမ္ဘာ့ထိပ်တန်း နိုင်ငံများမှာ ဘရာဇီး၊ ထိုင်း ၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဥရောပသမဂ္ဂနိုင်ငံများဖြစ်ကြပြီး ၂၀၁၈ ခုနှစ် မေလအထိ ဘရာဇီးနိုင်ငံသည် တန်ချိန် ၂၃ ဒသမ ၆ သန်း၊ ထိုင်းနိုင်ငံသည် တန်ချိန် ၁၁သန်း၊ အိန္ဒိယနိုင်ငံသည် တန်ချိန် ၆ သန်း၊ သြစတြေးလျနိုင်ငံသည်တန်ချိန် ၃ ဒသမ၇ သန်း၊ ဥရောပသမဂ္ဂနိုင်ငံများမှ တန်ချိန် ၃ သန်းအသီးသီး တင်ပို့နိုင်ခဲ့ကြပါတယ်။ သကြားတင်သွင်းမှု အများဆုံးနိုင်ငံများကတော့ အင်ဒိုနီးရှား၊ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဖြစ်ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ပြီးလျှင် တရုတ်နိုင်ငံသည် ဒုတိယအများဆုံးသကြား လိုအပ်လျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံသည် သကြား ထုတ်လုပ်မှုတွင် ကမ္ဘာ့အများဆုံး ထုတ်လုပ်နိုင်သည့်နိုင်ငံများ စာရင်းတွင် ၅ နိုင်ငံမြောက်အဖြစ် ပါဝင် ကာ နှစ်စဉ်ပျမ်းမျှသကြားတန်ချိန် ၁၀ သန်းဝန်းကျင် ထုတ်လုပ်နိုင်သော်လည်း တရုတ်နိုင်ငံ၏ ပြည်တွင်း စားသုံးရန် လိုအပ်မှုသည် တစ်နှစ်လျှင် တန်ချိန်၁၆ သန်းခန့် ဖြစ်သည့်အတွက် ၆ သန်းခန့် လိုအပ်လျက် ရှိပါတယ်။ USDA တွင် ဖော်ပြပါရှိသော စာရင်းများ အရလည်း တရုတ်နိုင်ငံသည်၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မေလအထိတွင်နှစ်စဉ် ပျမ်းမျှသကြား တန်ချိန် ၄ သန်းကျော်မှ ၆ သန်းကျော်ထိတင်သွင်းရလျက်ရှိတာကို လည်း လေ့လာတွေ့ရှိရပါတယ်။ မိမိတို့ မြန်မာနိုင်ငံမှာ Re-export စနစ်ဖြင့် သကြားတင်သွင်း/တင်ပို့ခွင့် ပြုပေးခဲ့ခြင်း၏ အကျိုး/အပြစ်များကို ပြန်လည်လေ့လာဆန်းစစ်ကြည့်ပါက လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီလုပ်ငန်း ရှင်များအနေဖြင့် ပြည်ပနိုင်ငံများမှ သကြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ မှ ၄၈၀ ဖြင့် ၀ယ်ယူတင်သွင်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်ရောင်းချရာတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၅၀ မှ ၆၅၀ ရရှိသဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ မှ၁၅၀ ပိုမိုရရှိခဲ့ပါတယ်။အဆိုပါ ပိုမိုရရှိမှုများကို Re-export လုပ်ငန်းစဉ်တစ်လျှောက် သယ်ယူပို့ဆောင်သူ၊ အတင်အချ အလုပ်သမားများအပါအ၀င် အားလုံးခွဲဝေခံစားရရှိခဲ့ပြီး ၀င်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိခဲ့တာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် Re-export စနစ်ြဖင့်သကြားတင်သွင်းခြင်းအတွက် ပြည်တွင်းဆိပ်ကမ်းများဘက်မှ သကြားတစ်တန် တင်သွင်းတိုင်းနိုင်ငံခြားငွေ အမေရိက န်ဒေါ်လာ ၈ ဒေါ်လာ မြန်မာငွေအားဖြင့် ၁၁၀၀၀ ကျပ်ရရှိခြင်း၊ ဆိပ်ကမ်းရှင်းလင်းရေး ၀န်ဆောင်မှုနှင့်ဆိပ်ကမ်းမှ ရန်ကုန်သိုလှောင်ရုံအထိ သကြားတစ်တန်လျှင် မြန်မာငွေကျပ် ၁၃၀၀၀ ရရှိခြင်း၊ ပြည်ပတင်ပို့သည်အထိ ကုန် တင်ကုန်ချအဆင့်ဆင့် ပြုလုပ်ခြင်းများအတွက် အလုပ်သမားခ သကြားတစ်အိတ်လျှင်ပျမ်းမျှကျပ် ၅၀၀ ခန့်အထိရရှိခဲ့သည့်အတွက် တစ်တန်လျှင်ကျပ် ၁၀၀၀၀ ခန့်ရရှိခြင်း၊ သကြားယာယီ သိုလှောင်ခြင်းအတွက်တစ်တန်လျှင်ကျပ် ၁၂၀၀ မှကျပ် ၁၆၀၀ ထိ ရရှိခြင်း၊ မူဆယ်အထိသယ်ယူပို့ဆောင်ခ သကြားတစ်တန်လျှင် ကျပ် ၇၅၀၀၀ ခန့် ရရှိခြင်းစသည့် Supply Chain တစ်လျှောက်ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိခဲ့တာကို လေ့လာေ တွ့ရှိရပါတယ်။ နိုင်ငံတော်၏ အခွန်ဘဏ္ဍာရရှိမှု ဘက်တွင်လည်း Re-export စနစ်ဖြင့် သကြားအား ကုန်သွယ်ခွင့် ပြုခဲ့ခြင်းကြောင့် ယခင်ကအကောက်ခွန်သည် သုညဒသမ ၅ ရာခိုင်နှုန်း ၊ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ တင်သွင်းတင်ပို့ခဲ့သည့် Re-export သကြား တန်ချိန် ၄ သန်းအပေါ်တွင် နိုင်ငံတော်အနေဖြင့် အခွန်ခန့်မှန်းခြေကျပ် ၁၂၈ ဘီလီယံခန့် ရရှိခဲ့ပါတယ်။ သို့ရာတွင် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစ၍ သကြားတင်သွင်းသည့် အကောက်ခွန်နှုန်းထားအား သုည ဒသမ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့သည့်အတွက် နိုင်ငံတော်အတွက် အခွန် ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရရှိခဲ့ပါတယ်။ သို့ဖြစ်၍ Re-export စနစ်ဖြင့် သကြား တင်သွင်း/တင်ပို့ခြင်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် တင်သွင်းသည့် တန်ဖိုးအပေါ် အကောက်ခွန် ၃ ရာခိုင်နှုန်း၊ ကြိုတင်ဝင်ငွေခွန်၂ရာခိုင်နှုန်း အခွန်ရရှိခဲ့ပြီး သကြား တစ်တန် လျှင် အခွန်အနေဖြင့် အမေရိကန်ဒေါ်လာ ၂၂ဒသမ၅ ခန့် ရရှိခဲ့တာကို လေ့လာ တွေ့ရှိရပါတယ်။မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ သကြားများ တင်သွင်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်တင်ပို့မှု (Re-export) လုပ်ဆောင်နေခြင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သကြား ပြည်တွင်းဈေး များနှင့် ပြည်ပမှ တင်သွင်းသည့် ဈေးများကွာဟမှုကြောင့်ဖြစ်ပါတယ်။ လက်ရှိသကြား နိုင်ငံတကာပေါက်ဈေးမှာတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၅၀ ခန့်ရှိပြီး၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ သကြားထုတ်လုပ်မှု ကုန်ကျစရိတ် မှာ ထိုင်းနိုင်ငံထက်နှစ်ဆ၊ အိန္ဒိယနိုင်ငံထက် ၃၀ရာခိုင်နှုန်း ကြီးမားကြောင်း လေ့လာသိရှိရပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ပျမ်းမျှ ကြံသကြားတစ်တန် ထုတ်လုပ်မှုမှာ ယွမ် ၆၀၀၀ (အမေရိကန်ဒေါ်လာ ၉၅၂)မျှ ရှိပါတယ်။ သို့သော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပြည်တွင်းသကြားလုပ်ငန်းများကို အကာအကွယ်ပေးသည့်အနေဖြင့်ပြည်ပမှ သကြားတင်သွင်းမှုကို အဆင့်သုံးဆင့် ထားရှိဆောင်ရွက်ထားကာ၊ သကြားတင်သွင်းမှုကို အတားအဆီးများ ပြုလုပ်ထားရာတွင် ကိုတာသကြား (tariff rate quota) တင်သွင်းမှု၊ safeguard measure မထိသော်လည်း ကိုတာထက် ကျော်လွန်သည့် သကြားတင်သွင်းမှုနှင့် safeguard measure သက်ရောက်မှုခံရသည့် သကြားတင်သွင်းမှုဟူ၍ ရှိကြောင်း လေ့လာသိရှိရပါတယ်။မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းသကြားများကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့ခွင့်ပြုရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏စာရင်းအရ တရားဝင် တင်ပို့မှုသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်မက်ထရစ်တန် ၄၆၇၁ ရှိကြောင်း သိရှိရပါတယ်။ ထို့အပြင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် နယ်စပ်နေပြည်သူတစ်ဦးလျှင် တစ်နေ့ယွမ် ၈၀၀၀ ဖိုး သို့မဟုတ် သကြားကီလို ၅၀ ဝင်အိတ် ၄၀ အတိကို အကာက်ခွန်လွတ် ရောင်းဝယ်ခွင့်ပြုထားကြောင်း၊ ထို့အတွက်ကြောင့် မြန်မာနိုင်ငံက ကုန်သည်များသည်ပြည်ပမှသကြားများ တင်သွင်းပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံဘက် သို့ နယ်စပ်ကုန်သွယ်မှုအဖြစ် တင်သွင်းနေကြခြင်းဖြစ်ကြောင်း၊သကြားကို နယ်စပ်ကုန်သွယ်ရေး စနစ်အပြင် ကုန်ချင်း ဖလှယ်မှု စနစ် (Counter Trade System) ဖြင့် တင်ပို့နိုင်ရန်လည်း ညှိနှိုင်းလျက်ရှိပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက တင်သွင်းသောသကြားများ၏ ၇၀ ရာခိုင်နှုန်းမှာ စက်မှုလုပ်ငန်းသုံးအတွက် ဖြစ် ကြောင်းလည်း လေ့လာသိရှိရပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၎င်းင်း၏ပြည်တွင်း ထုတ်လုပ်သူများ၏ ကြံများကို အနည်းဆုံး ဈေးနှုန်း သတ်မှတ်၍ ၀ယ်ယူရာတွင် ကြံတစ်တန်လျှင် ၄၅၀ ယွမ်မှ ၅၀၀ယွမ်အထိ ဈေးသတ်မှတ်ဝယ်ယူနေကြောင်း သိရပါတယ်။ ကြံကို ကွမ်းရှီးယူ၊ ယူနန်ပြည်နယ်နှင့် ဟိုင်နန် ပြည်နယ်များတွင် အများဆုံးစိုက်ပျိုးပြီး ကြံတစ်တန်ကို အနိမ့်ဆုံးဈေးယွမ် ၄၅၀ မှ ၅၀၀ ( မြန်မာကျပ် ၉၄၅၀၀ မှ ၁၀၅၀၀၀ကျပ်) ပေး၍ ၀ယ်ယူလျက်ရှိကြောင်း၊ ဒါ့အပြင် ယူနန်ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံများမှ ကြံများကို နယ်စပ်မှတစ်ဆင့် ၀ယ်ယူလျက်ရှိ ရာ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင်တိုးချဲ့ စိုက်ပျိုး ထုတ်လုပ်ထားသော ကြံများအား ၀ယ်ယူခဲ့ပြီး မြန်မာနိုင်ငံဘက်က ၀ယ်ယူမှုမှာ (၇၀ ရာခိုင်နှုန်း) ရှိ၍ လာအိုနိုင်ငံဘက်ကကြံ ၀ယ်ယူမှုမှာ (၃၀ ရာခိုင်နှုန်း) ရှိကြောင်းေ လ့လာသိရပါတယ်။ ယင်းကြံများအပေါ်ကိုတာ သတ်မှတ်မှုမရှိဘဲ အခွန်(၁၅၀ ရာခိုင်နှုန်း) ကောက်ခံကြောင်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံနယ်စပ်ဒေသမှ ထွက်ရှိသော ကြံများအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သို့နယ်စပ်မှ တင်ပို့ခဲ့ရာ ကြံတန်ချိန် ၂၄၈၃၃၂ တန်တင်ပို့နိုင်ခဲ့ပြီး တစ်တန်လျှင်ပျမ်းမျှ ၉၂၈၁၂ ကျပ်မျှ ရရှိခဲ့ကြောင်းသိရှိရပါတယ်။ Source : ministry of commerce

Wednesday, 03 October 2018 04:14

ပို့ကုန်ပမာဏတိုးလာ၍ ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလီယံခန့် လျော့နည်း

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ပမာဏ တိုးမြင့်လာခြင်းကြောင့် ၂၀၁၈ ကြားကာလ ဘဏ္ဍာနှစ် ခြောက်လအတွင်း ကုန်သွယ်မှုလိုငွေက ပြီးခဲ့သည့်နှစ်ကာလတူထက် ကန်ဒေါ်လာ တစ်ဘီလီယံခန့် လျော့နည်းခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့ အပါအဝင် စက်မှုကုန်ချောထုတ်လုပ်မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ကျော် တိုးမြှင့်တင်ပို့နိုင်ခြင်း၊ ကျွဲ၊ နွားများအပါအဝင် တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုတိုးလာခြင်းတို့က ကုန်သွယ်မှုလိုငွေကို လျော့နည်း စေသည်ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောခဲ့ပါတယ်။ ဧပြီမှ စက်တင်ဘာ ၂၁ ရက် အထိ မြန်မာနိုင်ငံ၏ ပို့ကုန်ပမာဏသည် ကန်ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံကျော်ရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူထက် ၁ ဒသမ ၆ ဘီလီယံကျော် ပိုများခဲ့ပါတယ်။သို့သော် ခြောက်လအတွင်း ပဲမျိုးစုံ ပြည်ပတင်ပို့မှုအပါအဝင် လယ်ယာထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့မှုသည် ပြီးခဲ့သည့်နှစ်ကာလတူထက် ကန်ဒေါ်လာ ၁၉၄ သန်းကျော် လျော့နည်းသွားခဲ့ပါတယ်။ ပြည်တွင်း ငွေကြေးဈေးကွက်တွင် ကျပ်ငွေတန်ဖိုးမြင့်တက်လာစေရန် ပို့ကုန်ကဏ္ဍ တိုးမြှင့်ပြီး ကုန်သွယ်မှုလိုငွေ လျော့နည်းအောင် ဆောင်ရွက်ရန် စီးပွားရေးပညာရှင်များက အစိုးရကို အကြံပြုထားခဲ့ပါတယ်။သို့သော် မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်များသည် ကုန်ကြမ်း ပစ္စည်းသာ အများစုဖြစ်ပြီး ထပ်ဆင့်မြှင့်ပို့ကုန်ပမာဏ တိုးမြှင့်တင်ပို့နိုင်ရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သင့်သည် ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောခဲ့ပါတယ်။ Source : 7 day daily

Wednesday, 03 October 2018 03:57

ကားအစိတ်အပိုင်းများတင်သွင်းပြီး တပ်ဆင်ထုတ်လုပ်ရန် ပြည်တွင်း၊ပြည်ပကုမ္ပဏီ ၁၈ ခုကို MIC ခွင့်ပြုထား

ပြည်ပမှ အစိတ်အပိုင်းများ တင်သွင်းပြီး ကားပြန်လည်တပ်ဆင်ထုတ်လုပ်မည့်လုပ်ငန်း လုပ်ကိုင်ရန် (SKD) ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၁၈ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း ထုတ်လုပ် ရောင်းချသူများအ သင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားခဲ့ပါတယ်။ ဘယ်မောင်းများသာ တင် သွင်းခွင့်ပြုသည့် ၂၀၁၈ မော်တော်ယာဉ်မူဝါဒကြောင့် ဂျပန်ကားများကိုသာ နှစ်သက်သည့် မြန်မာနိုင်ငံသားများအတွက် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့်လုပ်ငန်း ပြောင်းလဲရန် တွန်းအားတစ်ခုဖြစ်လာသည်ဟု ၎င်းကပြောခဲ့ပါတယ်။ ပြည်တွင်း၌ မော်တော်ယာဉ်တပ်ဆင်ထုတ် လုပ်မည့်လုပ်ငန်း လုပ်ကိုင်လိုသည့် တိုင်းရင်းသားပိုင်ကုမ္ပဏီ ကိုးခုရှိပြီး ကျန်ကုမ္ပဏီများက နိုင်ငံခြားသားပိုင်များ ဖြစ်သည်ဟု ရှင်းပြခဲ့ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြည်တွင်း၌တပ် ဆင်ထုတ်လုပ်ခွင့်ပြုထားသည့် ကားများမှာ ဖို့ဒ်၊ KIA၊ ဆူဇူကီး စသော အမှတ်တံဆိပ်ကားများပင် ဖြစ်ခဲ့ပါတယ်။ ‘‘ဒီလုပ်ငန်းတွေက လာမယ့် နှစ်မှာတော့ အားလုံးထွက်လာမယ်လို့ ထင်ပါတယ်’’ ဟု ဒေါက်တာစိုးထွန်းက ပြောပါတယ်။ အစိတ်အပိုင်းများ တင်သွင်းပြီး ပြည်တွင်းတွင်တပ်ဆင် ထုတ်လုပ်သည့် ကားတန်ဖိုးသည် ကားအသစ်တင်သွင်းခြင်းတန်ဖိုး ထက်သက်သာကြောင်း ရန်ကုန် မြို့ရှိ ကားအရောင်းစင်တာတစ်ခုမှ မန်နေဂျင်းဒါရိုက်တာ ဦးရန်မျိုး အောင်က ပြောခဲ့ပါတယ်။ပြည်ပကားအစိတ်အပိုင်းများဖြစ်သည့် ကားကိုယ်ထည်၊ အင်ဂျင်၊ ဂီယာဘောက်စ်၊ ဖရိန်၊ မီးသီးစသည်တို့ကို ခွဲခြားတင် သွင်းပြီး ပြည်တွင်းတွင် ပြန်လည်တပ်ဆင်ထုတ်လုပ်သည့်လုပ်ငန်းများပင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် လူအများနှစ်သက်သည်မှာ ဂျပန်ကားအမျိုး အစားဖြစ်သော်လည်း ဘယ် မောင်းစနစ်ကားများမရှိခြင်း၊ ဥ ရောပနိုင်ငံများမှ ထုတ်လုပ်သည့် ကားများက ဈေးနှုန်းကြီးမြင့်ခြင်း ကြောင့် တစ်စိတ်တစ်ပိုင်းတင် သွင်းထုတ်လုပ်ခြင်းက လက်ရှိ တွင် အဆင်ပြေနိုင်သည်ဟု ကား တင်သွင်းသူအချို့ပြောခဲ့ပါတယ်။လက်ရှိပြည်တွင်းဈေးကွက်တွင် ကားဟောင်းများထက်ကားသစ်များ ၀ယ်ယူမှုတိုးတက်လာ ကြောင်း ဒေါက်တာစိုးထွန်းက ပြောခဲ့ပါတယ်။ ထို့ကြောင့် ဆူဇူကီးကားသစ် အရောင်းပြခန်းများသည် မြန်မာနိုင်ငံတွင် ၃၀ ခန့် တိုးမြင့်လာသည် ဟုခဲ့ပါတယ်။ ယခင်က တစ်နိုင်ငံလုံးတွင် အရောင်းပြခန်း ၁၀ ခု ခန့်သာရှိပါတယ်။ဘယ်မောင်းသတ်မှတ်ချက် နှင့် စက်ရုံမှထုတ်လုပ်သည့်ကား တစ်စီး၏ သက်တမ်းငါးနှစ်အထိ သာသတ်မှတ်ခွင့်ပြုခြင်းကြောင့် ကားဟောင်းတင်သွင်းသူများ အခက်အခဲဖြစ်ရကြောင်း ၎င်းက ပြောခဲ့ပါတယ်။ ၂၀၁၈ မော်တော်ယာဉ်မူဝါဒ အသစ်ကြောင့် အစိုးရထံသို့ ပြည်တွင်းကားဟောင်းအရောင်းစင် တာ ၇၀ ခန့်ပိတ်သိမ်းခွင့်တင်ပြထားကြောင်း ဒေါက်တာစိုးထွန်းမှ ပြောခဲ့ပါတယ်။မြန်မာနိုင်ငံတွင် ကားဟောင်းအရောင်းစင်တာ ၂၀၀ ကျော်ရှိပြီး သုံးပုံတစ်ပုံခန့် ပိတ် သိမ်းထားပြီး ထပ်မံပိတ်သိမ်းရန်ရှိ ကြောင်း ၎င်းကပြောခဲ့ပါတယ်။ Source : 7 day daily