Export & Import

မြ၀တီဆိုင်ကယ်ဈေးကွက်တွင် တစ်စီးလျှင်ကျပ်သုံးသိန်းခန့် မြင့်တက်လာပြီး ပြည်တွင်းသို့ တင်သွင်းမှုလျော့ကျလာခဲ့

မြ၀တီဆိုင်ကယ်ဈေးကွက်တွင် တစ်စီးလျှင်ကျပ်သုံးသိန်းခန့် မြင့်တက်လာပြီး ပြည်တွင်းသို့ တင်သွင်းမှုလျော့ကျလာခဲ့ google.com

          ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးနှင့်အပြိုင် ထိုင်းဘတ်ငွေဈေး မြင့်တက်လာခြင်းကြောင့် မြ၀တီနယ်စပ် ဆိုင်ကယ်ဈေးကွက် ရပ်ဝန်း

တွင် ယခင်နှစ် ကာလတူထက် ဆိုင်ကယ်တစ်စီးလျှင် ကျပ်သုံးသိန်း ၀န်းကျင်ခန့်အထိ မြင့်တက်လာပြီး ယခုနှစ်ဒေသတွင်း အရောင်းအ၀ယ် ကျဆင်းသလို ပြည်တွင်းသို့ တင်ပို့မှုမှာလည်းများစွာ ကျဆင်းကြောင်း မော်တော်ဆိုင်ကယ် Show Room ဖွင့်လှစ်ရောင်းချသူများထံမှ သိရပါတယ်။“အရင်နှစ်က ဒီလိုအချိန်မှာ ကျပ်တစ်သိန်းကို ဘတ် ၃၀၀၀ နီးပါးနဲ့ လဲရတယ်။ ဒီနှစ်ကျတော့ ၂၄၀၀ ဘတ်ပဲရတယ်။

 

          ကျပ် ၁၀ သိန်းတန်ဖိုးရှိတဲ့ ပစ္စည်းဝယ်တိုင်း အရင်နှစ်ကထက် ကျပ်နှစ်သိန်းခွဲ အပိုဆောင်းနေရတယ်။ ဒီတော့ ဆိုင်ကယ်တစ်စီးကို ကျပ်သုံးသိန်းဝန်းကျင် မြင့်တက်သွားတဲ့အတွက် အရောင်းအ၀ယ် ကျလာသလို ပြည်တွင်းကို တင်ပို့မှုမှာလည်း ထက်ဝက်နီးပါး လျော့ကျသွားတယ်။နယ်အမှာ နည်းသွားတာပေါ့။ အရင်နှစ်ကဆိုရင် တစ်လအနည်းဆုံး အစီး ၅၀၀ အထက် တင်သွင်းခဲ့ရပေမဲ့ ဒီနှစ် ခုလမှာ အစီး ၂၀၀ ၀န်းကျင်လောက်ပဲ တင်သွင်းနေရပါတယ်” ဟု မြ၀တီမြို့ ကြံခင်းလမ်းရှိ ဆိုင်ကယ်အရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါတယ်။ပြည်တွင်းသို့ အများဆုံးတင်သွင်းသည့် ဆိုင်ကယ်များမှာ ကျပ် ၁၉၈၅၀၀၀ တန်ဖိုးရှိ Click 125 ဆိုင်ကယ်များ၊ ကျပ်သိန် ၃၀ တန်ဘိုးရှိ CBR 150 ဆိုင်ကယ်များဖြစ်ပြီး၂၀၁၇ ခုနှစ် အောက်တိုဘာလထုတ် မော်ဒယ်များ ဖြစ်ကြောင်း သိရပါတယ်။

 

          မြ၀တီမြို့ရှိ ဆိုင်ကယ်အရောင်းစင်တာများတွင် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ၊ ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ်များ၊ မလေးရှားနိုင်ငံထုတ် ဆိုင်ကယ်များ ရောင်းချလျက်ရှိပြီး မကြာမီကာလအတွင်း ဈေးနှုန်းချိုသာသည့် တရုတ်ဆိုင်ကယ်များကိုပါ ရောင်းချကြတော့မည်ဖြစ်ကြောင်း သိရပါတယ်။မြ၀တီ ဆိုင်ကယ်ဈေးကွက်တွင် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များဖြစ်သည့် Wave 110 ကို ကျပ် ၁၉၆၀၀၀၀ ( လိုင်စင်ပါပြီး)Wave i 125 အမျိုးအစားကို (လိုင်စင်ပါ) တစ်စီးလျှင် ကျပ် ၂၄၂၀၀၀၀၊ Dream 125 တစ်စီးလျှင် ကျပ် ၂၀၃၀၀၀၀ တို့ဖြင့် ရောင်းချလျက်ရှိပြီး ဗီယက်နမ် နိုင်ငံထုတ် Wave ဆိုင်ကယ်များအား ကျပ် ၁၁၃၀၀၀၀၊ မလေးရှားနိုင်ငံထုတ် ဆိုင်ကယ်များကို ကျပ် ၁၁ သိန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။မြ၀တီနယ်စပ်မှ တရားဝင် ဆိုင်ကယ်တင်သွင်းမှုအား ခွင့်ပြုခဲ့သည်မှာ နှစ်မကြာသေးသော်လည်း သောင်ရင်းကမ်းစပ်ရှိ တရားမ၀င် ရောင်းချတင်ပို့သည့် ဈေးကွက်မှာ နှစ်သက်ရှည်ပြီဖြစ်ကြောင်း ဆိုင်ကယ် ၀ယ်ရောင်းလုပ်သူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

          ထိုင်းနယ်စပ် မြ၀တီကုန်သွယ်ရေးဇုန်မှတစ်ဆင့် ပြည်တွင်းဈေးကွက်သို့ တင်သွင်းလျက်ရှိသလို တရုတ်နယ်စပ်မှ တရုတ်နိုင်ငံ လုပ်ဆိုင်ကယ်များ ပိုမိုဝင်ရောက်လျက်ရှိကြောင်း ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံထုတ် ဆိုင်ကယ်များထက် ဈေးနှုန်းသက်သာသည့် တရုတ်ဆိုင်ကယ်များကို မကြာခင် မှာယူရောင်းချတော့မည် ဖြစ်ကြောင်း ဆိုင်ကယ်အရောင်းစင်တာ ဖွင့်လှစ်ရောင်းချနေသူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါတယ်။“ဒီမှာရောင်းတာတော့ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်၊ ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ်၊ မလေးရှားနိုင်ငံထုတ် ဆိုင်ကယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုရောင်းချပါတယ်။ သုံးစွဲသူတွေကိုလည်း ခွဲခြားပြီး သိစေချင်ပါတယ်။ ခုတော့ လာအိုနိုင်ငံထုတ် ဆိုင်ကယ်တွေ မလာတော့ဘူး။ တရုတ်ဆိုင်ကယ်တွေ ဈေးကွက်မှာ ၀င်လာတော့မယ်” ဟု ဆိုင်ကယ် တရားဝင် ရောင်းချသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါတယ်။

Read times
Rate this item
(1 Vote)