၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံရရှိရန် ခန့်မှန်းထားပြီး ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၈ ဘီလျံအထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားချက်အရ သိရပါတယ်။နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ Fortune Plaza ၌ပြုလုပ်သည့် “Myanmar Entrepreneurship Summit 2019” တွင် မီဒီယာများ၏ မေးမြန်းမှုကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
“ဒီနှစ်အတွက် သိပ်မများပါဘူး။ ကုန်သွယ်မှုက ဒေါ်လာ ၃၄ ဘီလျံလောက်မှန်းထားတယ်။ ပို့ကုန်ပိုင်းကတော့ ဒေါ်လာ ၁၈ ဘီလျံလောက် မှန်းထားတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ပါတယ်။ပြည်ပကုန်သွယ်မှုတွင် အလားအလားကောင်းများရှိနေသဖြင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုသည် ယခင်နှစ်များထက် တိုးတက်လာနိုင်ကြောင်း အောက်တိုဘာ ၂၂ ရက်က ကျင်းပသည့် The Global Value Chain and Economic Development, ADB- Asian Think Tank Development တွင် စီးပွားရေးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက သုံးသပ်ပြောကြားထားခဲ့ပါတယ်။
ပြီးခဲ့သည့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန်နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံဖြင့် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်ရန် ခန့်မှန်းလျာထားခဲ့ပါတယ်။၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉၇၉ ဘီလျံအထိ ရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်အထိ ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိခဲ့ရပါတယ်။
၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန် မျှော်မှန်းထားခဲ့ရာ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် စုစုပေါင်းပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဘီလျံအထိ ရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံခန့်အထိ ပိုမိုရရှိခဲ့ခြင်းဖြစ်ပါတယ်။၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံရရှိရန် မျှော်မှန်းထားခဲ့ရာ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ခန့်မှန်းလျာထားချက်ထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော် ပိုမိုရရှိခဲ့ပါတယ်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့နေသည့် ပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP နှင့် အခြားပစ္စည်းများ စသည်တို့ကို တင်ပို့နေခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်း စသည်တို့ကို အဓိကတင်သွင်းနေ ခြင်းဖြစ်ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလိုငွေပြမှုများ လျော့နည်းစေရန်နှင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်လာစေရန်အတွက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရန် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ချမှတ်ခြင်း၊ လုပ်ထုံးလုပ်နည်းများ ဖြေလျော့ခြင်း၊ ပုဂ္ဂလိကကဏ္ဍအား အားပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေးအားပေးခြင်း၊ လုပ်ငန်းရှင်များ ပို့ကုန်ဈေးကွက် တိုးချဲ့တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။
Source : Eleven