Export & Import

မူဆယ်ဒေသ၊ နယ်စပ်ဖြတ်ကျော် မြန်မာ-တရုတ်ကုန်သွယ်မှု ပမာဏအများဆုံးဖြစ်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုမှ မူဆယ်ဒေသ၊ နယ်စပ်ဖြတ်ကျော် မြန်မာ-တရုတ်ကုန်သွယ်မှုသည် ကုန်သွယ်မှုပမာဏအများဆုံးဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁၂)ဘီလီယံ ကျော် ကုန်သွယ်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးကုန်သွယ်မှုပမာဏ၏ သုံးပုံတစ်ပုံကျော်ခန့်သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုဖြစ်ကြောင်း သိရသည်။
မူဆယ်မြို့၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်သည် မြန်မာနိုင်ငံရှိ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးစခန်းများထဲတွင် အကြီးဆုံး ကုန်သွယ်ရေးစခန်းဖြစ်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမှ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ(၅)ဘီလီယံကျော်ကို နှစ်စဉ် ကုန်သွယ်နိုင်ခဲ့ကြောင်း မူဆယ်မြို့၊ (၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ သိရသည်။
“တစ်နိုင်ငံလုံးမြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုထဲမှ မူဆယ်ဒေသ၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုအနေနဲ့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ(၅)ဘီလီယံကျော်လောက် ကုန်သွယ်မှုရှိပါတယ်၊ ဒါကတော့ နှစ်စဉ် ပုံမှန်ကုန်သွယ်မှု အနေအထားပဲဖြစ်ပါတယ်၊ မူဆယ်ဒေသ၊ နယ်စပ်ဖြတ်ကျော်မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုဟာ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုထဲမှာ ကုန်သွယ်မှု ပမာဏအများဆုံးလည်း ဖြစ်ပါတယ်၊ လက်ရှိမှာတော့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ရောဂါကြောင့် မူဆယ်ဒေသ၊ နယ်စပ် ကုန်သွယ်မှုကတော့ သုံးချိုးနှစ်ချိုးလောက် ကုန်သွယ်နိုင်ခဲ့ပြီး တစ်ချိုးလောက်လျော့သွားပါတယ်၊ ပုံမှန်ကုန်သွယ်မှုထက် လျော့တယ် ပါတယ်”လို့ မူဆယ်မြို့၊ (၁၀၅)နယ်စပ်ကုန်သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူးဦးမင်းအောင်အေးက ပြောကြားခဲ့သည်။
ယခင်(၂၀၁၉)ခုနှစ်၊ ယခင်ကိုဗစ်ရောဂါမဖြစ်ပွားခင်ကာလ၌ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ(၁၅)သန်းအထိ ပုံမှန်ကုန်သွယ်မှု ရှိရာမှ လက်ရှိ ကိုဗစ်-၁၉ရောဂါဖြစ်ပွားခြင်းကြောင့် ယခု(၂၀၂၀)ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၀)သန်းခန့်သာ ကုန်သွယ်မှုနိုင်ခဲ့ပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ သုံးပုံတစ်ပုံကျဆင်းခဲ့ကြောင်း မူဆယ်မြို့၊ (၁၀၅)မိုင်ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
“ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားတဲ့အတွက် မြန်မာပို့ကုန်ယာဉ်တွေကို တရုတ်နိုင်ငံဘက်က တင်းကြပ်စွာ စိစစ်များ ပြုလုပ်လာခြင်းနှင့် အတူ ယာဉ်မောင်းတွေကို တစ်ဖက်နိုင်ငံ၊ ကျယ်ဂေါင်ထဲအထိ ပေးမဝင်စေတဲ့အတွက် မြန်မာဘက်ပို့ကုန်ယာဉ်တွေဟာ မူဆယ်မြို့၊ နယ်စပ်ဒေသမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပါတယ်၊ ဒီအချက်တွေဟာ နှစ်နိုင်ငံ၊ နယ်စပ်ကုန်သွယ်မှုကို ကျဆင်းစေတဲ့ အဓိကအကြောင်းတွေ ဖြစ်ပါတယ်”လို့ မူဆယ်မြို့၊ (၁၀၅)နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံညွှန်ကြားရေးမှူးဦးမင်းအောင်အေးက နယ်စပ်ဒေသ ကုန်သွယ်စီးဆင်းမှုပမာဏ ကျဆင်းလာသည့် အကြောင်းအရင်းကို ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဘက်က ကုန်စည်ပို့ဆောင်မှုဝန်အားနှင့် တစ်ဖက်နိုင်ငံဖက်က လက်ခံမှုဝန်အားမမျှတခြင်းကြောင့် မြန်မာဘက်ခြမ်းပို့ကုန် ယာဉ်များ ပိတ်ဆို့နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့်ကာလ၌ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု ပုံမှန်ကုန်သွယ်မှု စီးဆင်းနိုင်ရန်အတွက် နှစ်နိုင်ငံဒေသအဆင့်၊ နှစ်နိုင်ငံ ကုန်သွယ်ရေးကဏ္ဍအဆင့်နှင့် မြန်မာနိုင်ငံ၊ သံရုံးတို့မှတစ်ဆင့် အကြိမ်ကြိမ်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်လာစေရေးအတွက် နှစ်နိုင်ငံ၊ နယ်စပ်ဒေသအာဏာ ပိုင်များက နယ်စပ်ဂိတ်တစ်ချို့ကို လက်ရှိအဝင်/အထွက်ခွင့်ပြုသော အချိန်ထက် အချိန်တိုးမြှင့် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာလ၌ နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှုကျန့်ကြာခြင်းနှင့် ပတ်သက်ပြီး မူဆယ်မြို့၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်ဆောင်သည့် ခရိုင်/မြို့နယ် ဒေသမြို့အုပ်ချုပ်ရေးမှုးများ၊ OSS အဖွဲ့များ၊ ဒေသခံကုန်စည်ဒိုင်အဖွဲ့များ ပူးပေါင်း၍ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းကြသလို တရုတ်နိုင်ငံ၊ တာဝန်ရှိသူများနှင့် အလွတ်သဘောတွေ့ဆုံမှုများ မကြာခဏ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

MDN

Read times
Rate this item
(1 Vote)