Export & Import

မောင်တောနယ်စပ်ကုန်သွယ်မှုကို ကညင်ချောင်းစီးပွားရေးဇုန်မှ POE ဝင်/ထွက်စခန်းသို့ ပြောင်းလဲကုန်သွယ်မည်

ကညင်ချောင်းစီးပွားရေးဇုန်အတွင်း လမ်းများပျက်စီးမှုရှိနေ၍ မောင်တောနယ်စပ်ကုန်သွယ်မှုကို ယခင်ကုန်သွယ်မှုပြုခဲ့သည့် POE ဝင်/ထွက်စခန်းသို့ ပြောင်းလဲကုန်သွယ်မည်ဖြစ်ကြောင်း သိရသည်။

Screenshot_2021-10-15_142740.jpg

Photo DMG


ကိုဗစ်ကြောင့်ယာယီပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်းက စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုထားပြီဖြစ်ကြောင်း ပြည်နယ် စက်မှု၊လက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင့်အောင်ဦးက DMG သို့ ပြောသည်။
“မနက်ကတည်းက နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖွင့်ဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့က စာထွက်လာတယ်။ မနက်ဖြန်ကုန်သွယ်ဖို့အတွက် ကုန်သည်တွေကို ကျွန်တော်တို့ကုန်သည်အသင်းက အကြောင်းကြားထားတယ်။ မနက်ဖြန်မှာတော့ စထွက်မှာပါ။ ကုန်တွေကိုတော့ ကန့်သတ်ထားတာမရှိဘူး၊ ခွင့်ပြုထားတဲ့ ကုန်တွေဆိုရင် အကုန်လုံးသွားလို့ရတယ်”ဟု ၎င်းကဆိုသည်။
ရခိုင်တွင် ကိုဗစ်တတိယလှိုင်းဝင်ရောက်လာမှုကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ပြည်နယ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့်တရားဝင်ပိတ်ထားခဲ့ပြီး ၃ လကျော်အကြာတွင် ပြန်လည်ဖွင့်လှစ်လာခြင်းဖြစ်သည်။
မောင်တောနယ်စပ်ကုန်သွယ်မှုပြုရာတွင် ကညင်ချောင်းစီးပွါးရေးဇုန်မှ ကုန်သွယ်မှုမပြုလုပ်တော့ဘဲ ယခင်မူလ အမှတ်(၁)ဝင်ထွက်စခန်း POE နေရာမှ ပြုလုပ်သွားမည်ဖြစ်ကြောင်း မောင်တောမြို့နယ်ကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ ဦးစံသိန်းကပြောသည်။
"ကညင်ချောင်းစီးပွါးရေးဇုန်ကနေ ကုန်သွယ်မှုပြုလုပ်မှာမဟုတ်တော့ဘူး။ ယခင်မူလနေရာ ဘုတ်ဆိတ် POE ဝင်/ထွက်စခန်းကနေဘဲ ကုန်သွယ်မှုကိုပြုလုပ်သွားဖို့ အားလုံပြင်ဆင်ထားပြီးပါပြီ။ ဘာအတွက်လဲဆိုတော့ အဓိကလမ်းပန်းဆက်သွယ်ရေးကြောင့်ပါ။ ကညင်ချောင်းစီးပွါးရေးဇုန်က လမ်းတွေက တော်တော်ဆိုးတော့ ကုန်သွယ်မှုများစွာကြန့်ကြာမှုရှိပြီး ကုန်သည်တွေ အခက်တွေ့နေရတာကြောင့်ပါ" ဟု DMG သို့ ပြောသည်။
မောင်တောမြို့ POE ဝင်/ထွက်စခန်းရှိရာ မောင်တောချောင်းမှကုန်သွယ်မှုပြုရာတွင် ဒီရေအခက်အခဲရှိသဖြင့် ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့မှစ၍ ကညင်ချောင်းစီးပွားရေးဇုန်မှ ပြောင်းလဲကုန်သွယ်ခဲ့သည်။
ယင်းသို့ ကုန်သွယ်မှုပြုလုပ်ခဲ့ရာတွင် လမ်းများခိုင်ခံမှုမရှိဘဲ ပျက်စီးမှုများကြောင့် ကုန်သွယ်ရာတွင် ကုန်သည်များ၊ မော်တော်ကားသမားများ၊ အလုပ်သမားများ များစွာဒုက္ခရောက်ခဲ့ကြကြောင်း သိရသည်။
"ကညင်ချောင်းစီးပွါးရေးဇုန်က ဘယ်လိုမှ ကုန်သွယ်လို့အဆင်မပြေနိုင်ပါဘူး။ ဘာအတွက်လဲဆိုတော့ လမ်းကလုံးဝမကောင်းတော့ ကားတွေရာချီပြီး ပိတ်မိနေတာတွေကြောင့် ကုန်တွေပျက်စီးသွားရပြီး ကျွန်တော်တို့ကုန်သည်တွေ များစွာဆုံးရှုံးနစ်နာခဲ့ကြရတယ်။ ကားသမားတွေနဲ့ အလုပ်သမားတွေ တော်တော်ဒုက္ခရောက်ခဲ့ကြရတယ်။ ဒါကြောင့် ယခင်ကုန်သွယ်မှုပြုခဲ့ကြတဲ့ဘုတ်ဆိတ်က POE ဝင်/ထွက်စခန်းကဘဲ ကုန်သွယ်မှုပြုဖို့တင်ပြထားကြတယ်"ဟု ကုန်သည်တစ်ဦးဖြစ်သည့် ဦးတိုဖီးကပြောကြားသည်။
ကညင်ချောင်းစီးပွါးရေးဇုန်ကို အစိုးရမှ ငွေကျပ်သိန်းပေါင်း ၂၅၀၀၀ နှင့် ပုဂ္ဂလိကဖက်မှ ငွေကျပ်သိန်းပေါင်း ၁၃၄၀၀ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၃၈၄၀၀ ဖြင့် ၂၀၁၅ ခုနှစ်တွင် စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ကညင်ချောင်းစီးပွါးရေးဇုန်အား မောင်တောမြို့နှင့် ၄ မိုင်ခန့် အကွာတွင်ရှိသည့် ကညင်ချောင်း ချောင်းမှာ ဒီရေအတက်အကျအခက်အခဲမရှိဘဲ ၂၄ နာရီ ကုန်သွယ်မှုပြုလုပ်နိုင်သောကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုမြင့်မားလာစေရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောင်းသူစျေးကွက်ဖော်ဆောင်နိုင်ရေးအတွက် တည်ဆောက်ထားခြင်းလည်းဖြစ်သည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသည် အမေရိကန်ဒေါ်လာတစ်ခုတည်းဖြင့်သာ ကုန်သွယ်ခွင့်ပြုထားသော နယ်စပ်ကုန်သွယ်စခန်းဖြစ်ပြီး တစ်နေလျှင် ဒေါ်လာတစ်သန်းအထိ ကုန်သွယ်မှုပြုနိုင်သော ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

DMG

 images_1.jpg

 

Read times
Rate this item
(0 votes)