တရုတ်-မြန်မာနယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်ကနေ မြန်မာပို့ကုန် လေးမျိုး တင်ပို့ခွင့်ပြုမယ်လို့
တရုတ်က စာထုတ်ထားကြောင်း ချင်းရွှေဟော်နယ်စပ် ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
ခွင့်ပြုမယ့် လေးမျိုးက ကြံ၊ ရာဘာ၊ ဝါဂွမ်းနဲ့ လျှော်ဖြူတို့ဖြစ်ပြီး တရုတ်နယ်စပ် လင်ချန်းခရိုင်ထဲကို တင်သွင်း ခွင့်ပြုမယ်လို့ တရုတ်က ပြောဆိုထားပေမယ့် မြန်မာနယ်စပ်ကုန်သွယ်ရေးက အကြောင်းပြန်တာ မရှိသေးဘူး လို့ ချင်းရွှေဟော်နယ်စပ် ကုန်သည် မမိုးက RFA ကို ပြောပါတယ်။
ဒီကာလဟာ ကိုးကန့်ဒေသ ချင်းရွှေဟော်နဲ့ လောက်ကိုင်နယ်စပ်တွေမှာ ကြံနဲ့ ရာဘာတွေ အဓိကထွက်တော့ မှာဖြစ်လို့ တရုတ်ကခွင့်ပြုရင်တော့ မြန်မာတောင်သူတွေ အဆင်ပြေနိုင်တယ်လို့ ကုန်သည်တွေက ပြော ပါတယ်။
ချင်းရွှေဟော်ကနေ ရေထွက်ပစ္စည်းတင်ပို့နေတဲ့ ကုန်သည်တစ်ဦးကတော့ လက်ရှိအချိန်ဟာ မြန်မာနိုင်ငံမှာ လာရောက်စိုက်ပျိုးထားတဲ့ တရုတ်လုပ်ငန်းရှင်တွေရဲ့ ကြံတွေပေါ်တဲ့ကာလဖြစ်တာကြောင့် ခွင့်ပြုတာ ဖြစ်နိုင်ပြီး ခွင့်ပြုမယ့် ကုန်ပစ္စည်းလေးမျိုးကလည်း သူတို့လိုချင်တဲ့ ကုန်ပစ္စည်းတွေသာဖြစ်နေတယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ ကိုဗစ် - ၁၉ ကပ်ရောဂါကိုအကြောင်းပြပြီး နယ်စပ်ဂိတ်တွေကို ပိတ်ထားတာကြောင့် မြန်မာပို့ကုန်တွေ တင်ပို့ခွင့်မရဘဲ ပိတ်မိနေတာ သုံးလကျော်ကြာပြီဖြစ်သလို နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းနေတာလည်း အဆင်မပြေသေးဘူးလို့ နယ်စပ်မှာနေထိုင်တဲ့ ကုန်သည်တွေကဆိုပါတယ်။
ချင်းရွှေဟော်နယ်စပ်ကနေ တရုတ်နိုင်ငံထဲကို နှစ်စဉ် ပဲတီစိမ်းအပါအဝင် လယ်ယာထွက်ကုန်တွေနဲ့ ငါးရှဉ့်လို ရေထွက်ပစ္စည်းတွေကို အဓိကတင်ပို့နေတာဖြစ်ပြီး မြန်မာနိုင်ငံထဲကိုလည်း စက်မှုပစ္စည်းတွေ၊ စားသောက် ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေကို အဓိကပြန်တင်သွင်းနေတာပါ။
စီပွားကူးသန်းဝန်ကြီးဌာနရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်စာရင်းအရ ချင်းရွှေဟော်ဂိတ်ကနေ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်နဲ့ သွင်းကုန် ဒေါ်လာ ၁၁၆ သန်းကျော်ရှိခဲ့ပြီး ကုန်သွယ်မှုပမာဏ ၅၄၁ သန်းရှိခဲ့ပါတယ်။
အခုဘဏ္ဍာနှစ် ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုကာလအတွင်း ၂၀၂၀ -၂၀၂၁ သြဂုတ်အထိမှာတော့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၄၇ သန်းကျော်နဲ့ သွင်းကုန်ဒေါ်လာ ၁၀၃ သန်းကျော်ရှိခဲ့ပြီး ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၄၅၀ သန်းကျော်သာရှိတာကြောင့် ယခင်နှစ်ထက်လျော့ကျနေပါတယ်။
RFA