Export & Import

ပြောင်း ပဲ နှမ်း နယ်စပ်က ပို့ရင် ဒေါ်လာ နဲ့ ရောင်းဖို့သတ်မှတ်

ပြောင်း ပဲ  နှမ်း နယ်စပ်က ပို့ရင် ဒေါ်လာ နဲ့ ရောင်းဖို့သတ်မှတ်

 

မြန်မာနိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေတဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို နယ်စပ်ကနေ ပဲ ပြောင်း နှမ်း စတဲ့ ဆီထွက်သီးနှံတွေ တင်ပို့မယ်ဆိုရင် အမေရိကန်ဒေါ်လာကို ပြန်ပြီးအသုံးပြုဖို့ မူဝါဒ သတ်မှတ်ထားကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ဘီဘီစီကို ပြောပါတယ်။

 

မူဆယ်နဲ့ မြဝတီအပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ ဇူလိုင်လ ၁ ရက်နေ့ကစပြီး အခုလို အမေရိကန်ဒေါ်လာသုံးပြီး ရောင်းဝယ်ကြဖို့ ညွှန်ကြားခဲ့တာလည်း ဖြစ်တယ်လို့ သူကပြောပါတယ်၊။

 

တရုတ်နယ်စပ် ဆိုရင် မူဆယ်နယ်စပ်ကုန်သွယ်ရေးက ဆီထွက်သီးနှံတွေ တင်ပို့မယ့် ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိအသုံးပြုနေတဲ့ တရုတ်ယွမ်ငွေအစား အမေရိကန်ဒေါ်လာကို ပြန်ပြီးအသုံးပြုဖို့ ကုန်သွယ်ရေးဦးစီဌာနက အသိပေးထားကြောင်းလည်း ဦးမင်းမင်းက ဆိုပါတယ်။

 Aston Martin 2

အလားတူ ထိုင်းနယ်စပ်မှာလည်း ဆီထွက်သီးနှံ ပဲ ပြောင်း နှမ်း စတဲ့သီးနှံတွေတင်ပို့ရာမှာ လက်ရှိ အသုံးပြုနေတဲ့ ဘတ်ငွေနဲ့ ကျပ်နဲ့ လဲတဲ့ စနစ်အစား ဒေါ်လာနဲ့ ကျပ်ပြန်ပြီးအသုံးပြုဖို့ ညွှန်ကြားထားကြောင်း သူက ပြောပါတယ်။

"နယ်စပ်ကနေ ရောင်းရင် ဒေါ်လာနဲ့ ရောင်းဖို့တွန်းအားပေးတာပါ၊ပင်လယ်ရေကြောင်းက ဆီထွက်သီးနှံပို့ရင် ဒေါ်လာနဲ့ ရောင်းရပေမယ့် နယ်စပ်မှာ ဘတ်တို့ ယွမ်တို့နဲ့ ဖြစ်နေလို့ တစ်ပြေးညီဖြစ်အောင်လုပ်တာပါ"လို့ သူကပြောပါတယ်။

 

"နှမ်းဆိုရင် နှမ်းဖြူ နှမ်းနီ စတဲ့ နှမ်း အမျိုးအစားတွေ အားလုံး ပါပါတယ်၊ ဥပမာ ပဲဆိုရင် မြေပဲလို့ ဟာမျိုးပါတယ်လို့" ဦးမင်းမင်းကပြောပါတယ်။

 

ဒီသီးနှံတွေကို ရောင်းရင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအတိုင်းပဲ ပို့ကုန်တင်ပို့ပြီး ရရှိလာတဲ့နိုင်ငံခြားငွေကို ၄၅ ရက်အတွင်း ပြည်တွင်းဘဏ်တွေမှာ ကျပ်ငွေနဲ့ လဲလှယ်သွားရမှာဖြစ်ပြီး စစ်ကောင်စီ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ လဲလှယ်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းကို ပုံသေသတ်မှတ်ထားတဲ့ စနစ်ကြောင့် အခုညွှန်ကြားချက်ကို နယ်စပ်ကုန်သည်တွေက သဘောမကျကြောင်းလည်း ပြောဆိုကြပါတယ်။

 

ပြီးခဲတဲ့ ရက်ပိုင်းကစလို့ အမေရိကန်ဒေါ်လာစျေးဟာ ပြည်တွင်းဗဟိုဘဏ်က ၁၈၅၀ ကျပ်သတ်မှတ်ပေမဲ့ အပြင်စျေးကွက်မှာ အခုရက်ပိုင်း တက်ရိပ်ပြလာပြီး ဇူလိုင်လ ၅ ရက်နေ့မှာ ၂၁၈၀ ကျပ် ဝန်းကျင်အထိ စျေးပေါက်နေခဲ့ပါတယ်။

 

ရှမ်းပြည်မြောက်ပိုင်း မူဆယ်နယ်စပ်ကနေ တရုတ်ပြည်ကိုတင်ပို့တဲ့ ကုန်ပစ္စည်းတွေကို ဒေါ်လာအစား ယွမ်ငွေ သုံးပြီး အရောင်းအဝယ် လုပ်ကြဖို့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလ ၁၄ ရက်နေ့ က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

 

အလားတူ ထိုင်းနယ်စပ်မှာ ကျပ်နဲ့ ဘတ်သုံးပြီး ရောင်းကြဖို့ ပြီးခဲ့တဲ့ ၂၀၂၂ မတ်လ ၃ ရက်နေ့ကစပြီး သတ်မှတ်ခဲ့တာဖြစ်တယ်လို့လည်း နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

 

အခုပြင်ဆင်တဲ့ ဆီထွက်သီးနှံတွေကို အမေရိကန်ဒေါ်လာသုံးပြီးရောင်းဖို့ သတ်မှတ်ချက်တွေဟာ ဘယ်လောက်ကြာဖို့ရှိသလဲလို့ မေးရာမှာတော့ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မထုတ်ပြန်တဲ့အချိန်အထိ ဒီမူဝါဒအတိုင်းပဲ ရောင်းဝယ်ကြရမယ်လို့ ဦးမင်းမင်းကပြောပါတယ်။

 

ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ငွေလဲနှုန်းဟာ လက်ရှိ ပြင်ပပေါက်ဈေးထက် ကျပ် ၃၅၀ လောက် နည်းနေတယ်လို့ မုံရွာကုန်စည်ဒိုင်က ပဲနှမ်းကုန်သည်တစ်ဦး ကပြောပါတယ်။

 

ဒေါ်လာစျေး အခုလို သတ်မှတ်ပြီး ရောင်းဝယ်လို့ရတဲ့ ပမာဏကို ကုန်သွယ်ရေးဦးစီးဌာနကနေ ဗဟိုဘဏ်ကို စာရင်းပေးပို့မှာဖြစ်ပြီး ပို့ကုန်လိုင်စင်လျှောက်ထားတဲ့နေရာနဲ့ အကောက်ခွန်ဌာနတို့မှာ စစ်ဆေးခံတဲ့နေရာမှာလည်း ဒီသီးနှံတွေကို အမေရိကန်ဒေါ်လာနဲ့ ရောင်းဝယ်မှုကို စိစစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကလည်း ပြောင်း ပဲ နှမ်းအပါအ၀င် ဆီထွက်သီးနှံ နဲ့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းတွေကို ထိုင်းမြန်မာနယ်စပ်ကနေ တင်ပို့ရာမှာ ယခင်က တစ်တန်ကို လိုင်စင်ကြေး ဒေါ်လာ ၃၁၀ ကောက်ခံခဲ့ ရာကနေပြီးတော့ လိုင်စင်ကြေးကို တစ်တန် ၃၆၀ ဒေါ်လာ အဖြစ် စီးပွားရေးနဲ့ ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းတည်းက အမေရိကန်ငွေလဲနှုန်းကိုတစ်ဒေါ်လာ ကျပ် ၁၈၅၀ နှုန်းသတ်မှတ်လိုက်တဲ့နောက်ပိုင်း နိုင်ငံတကာကို ကုန်ပစ္စည်းတင်ပို့ရောင်းချတဲ့ ကုန်သွယ်ရေး ငွေကြေးစီးဆင်းမှု တို့မှာ အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရတယ်လို့ မြ၀တီနယ်စပ်က ကုန်သည်တွေက ဆိုကြပါတယ်။

 

ကိုယ်ရောင်းချလိုက်တဲ့ ကုန်ပစ္စည်းအတွက် နိုင်ငံခြားငွေနဲ့ ပေးချေမှုတွေကို သတ်မှတ်ထားတဲ့နှုန်းနဲ့သာ ပြန်လည်လဲလှယ်ရပေမဲ့ ကုန်သည်ဘက်က ပြန်လည်ထုတ်ယူရတဲ့အခါမှာတော့ ပြင်ပပေါက်စျေးထက်လျော့နည်းတဲ့ ဗဟိုဘဏ်သတ်မှတ်ချက်နဲ့သာ တွက်ချက်ထုတ်ယူလို့ရတာကြောင့် နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်တာကြာင့် ကုန်သည်တစ်ချို့လုပ်ငန်း ရပ်နားထားကြတယ်လို့လည်း သိရပါတယ်။

 

အခုလို နယ်စပ်ကနေ ဆီထွက်သီးနှံရောင်းလို့ရတဲ့ ဒေါ်လာကို စစ်ကောင်စီက အပြင်စျေးထက် ၃၅၀ လောက်နည်းတဲ့ သတ်မှတ်စျေးဖြတ်ပြီး သတ်မှတ်လိုက်တာကြောင့် ကုန်သည်တွေတင်သာမက ဆက်စပ်နေတဲ့ လယ်ယာထွက်ကုန်စိုက်ပျိုးတဲ့တောင်သူတွေကိုလည်း ရိုက်ခတ်လာနိုင်ပြီး ကုန်ကျစရိတ်နဲ့ ခုခံကာမိအောင် ထွက်ကုန်တွေကို တောင်သူတွေဆီကနေ စျေးနှိမ်၀ယ်ယူတာမျိုးနဲ့ ကြုံရနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

#MyanmarLogisticsGuide 

Telegram Channel
https://t.me/Guid4U

Source: BBC

Read times
Rate this item
(1 Vote)