Export & Import

ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းမှ သီးနှံတင်ပို့မှု ရက်ပိုင်းအတွင်း ပြန်စနိုင်

ရုရှားတပ်တွေ ပိတ်ဆို့ဟန့်တားထားတဲ့ ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ယူကရိန်းနိုင်ငံထွက် ကောက်ပဲသီးနှံတွေတင်ပို့ရေး သဘောတူညီမှုရပြီး နာရီပိုင်းအကြာမှာပဲ Odesa ဆိပ်ကမ်းမြို့ကိုရုရှားတို့က မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပေါ် ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချထားပေမယ့် ကုန်တင်ပို့မှု လုပ်ငန်းတွေလာမဲ့ ရက်ပိုင်းအတွင်း ပြန်စမယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့မှာ ပြောပါတယ်။

 

" မကြာခင်ရက်ပိုင်းထဲမှာပဲ ပထမဆုံး ကုန်တင်သင်္ဘောထွက်နိုင်မယ်လို့ မေ ျှာ်လင့်ရပါတယ်။ လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး စင်တာက သင်္ဘောလုပ်ငန်းအဖွဲ့နဲ့ ဆက်သွယ်ပြီး သင်္ဘောထွက်မယ့် အစီအစဉ်အသေးစိတ်ကို ထုတ်ပြန်ပါလိမ့်မယ်" လို့ လက်ထောက်ပြောခွင့်ရသူ Farhan Haq က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

 

YD_Advertise_with_us_2.jpg

 

 

 

ပင်လယ်နက်ထဲက ဆိပ်ကမ်းတွေဖြစ်တဲ့ Odesa ၊ Chernomorsk နဲ့ Yuzhny ကနေ ကောက်ပဲသီးနှံတွေကို တင်ပို့မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးပြောခွင့်ရ Farah Haq ကပြောပါတယ်။ ကုန်တင်သင်္ဘောတွေ ဘေကင်းစွာသွားလာနိုင်မယ့် အခြေအနေမျိုးဖြစ်စေချင်ပါတယ်လို့လည်း ပြောခွင့်ရသူက ပြောဆိုပါတယ်။ Odesa မြို့ကို ရုရှားတို့ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးတွေနဲ့ စနေနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကို အတွင်းရေးမှူးချုပ် Antonio Guterres ကပြစ်တင်ရှုတ်ချကြောင်းကိုလည်း မစ္စတာ Farhan Haq ကထပ်လောင်းပြောဆိုသွားတာပါ။

 

ဒါပေမယ့်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ကောက်ပဲသီးနှံတွေပြန်လည်တင်ပို့ရေး တူရကီနိုင်ငံမှာ ရခဲ့တဲ့ သဘောတူညီမှုထဲမှာ စစ်ဖက်အဆောက်အဦတွေနဲ့ အခြား စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီးမယ့် ရုရှားရဲ့ အထူးစစ်ဆင်ရေးလုပ်ငန်းတွေကို တားမြစ်ထားတဲ့အချက်တွေ မပါဘူးလို့ ခုခံပြောဆိုပါတယ်။

 

Odesa မြို့က စစ်ဖက်အဆောက်အဦကို ရုရှားက မစ်ဇိုင်းဒုံးနဲ့ တိုက်ခိုက်ခဲ့ပေမယ့်လည်း ကောက်ပဲသီးနှံ တင်ပို့ရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုမရှိသင့်ဘူးလို့ ရုရှားတာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောပါတယ်။ စနေနေ့က ဒုံးနဲ့ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ရုရှားဖက်က ကနဦးငြင်းဆိုခဲ့ပေမယ့် တနင်္ဂနွေနေ့မှာတော့ သူတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။ ယူကရိန်းတာဝန်ရှိသူတွေကလည်း ပြီးခဲ့တဲ့သောကြာနေ့ကရခဲ့တဲ့ သဘောတူညီမှုအတိုင်း ကောက်ပဲသီးနှံတင်ပို့ရေး ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Myanmar Logistics Guide

Source: VOA

Read times
Rate this item
(0 votes)