မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂) ရက်မှ စတင်ဘာလ (၄) ရက်အထိ သုံးရက်အတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၃.၁၄၂ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂.၃၇၁ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅.၅၁၃ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ လတ်တလော ပြည်တွင်းလိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေသဖြင့် လက်ရှိကာလများတွင် မြန်မာနိုင်ငံမှ ပို့ကုန်ပစ္စည်းများ ပိုမို တင်ပို့နိုင်နေကြောင်း သိရသည်။
ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်သည့် ပြောင်း၊ ငရုတ်၊ ဂေါ်ဖီ၊ နှမ်း၊ ကြက်သွန်နီ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်နှင့် ရေထွက်ပစ္စည်းများ ဖြစ်သည့် ခုံး၊ ကဏန်း၊ ငါးမြွေထိုး၊ ငါးခွေလျှာ၊ ငါးပါးလျှပ်၊ ငါးကြင်းဆီဖောင်များကို တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။
Advertisement
Click Here >Myat Noe Lay Co., Ltd.
သွင်းကုန်ပစ္စည်း တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စက်ဘီးအပိုပစ္စည်း၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ အိမ်သုတ်ဆေး၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ အထည်ချုပ်လုပ်ငန်း၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ဓာတ်မြေဩဇာနှင့် ငါးဖမ်းပစ္စည်းများ တင်သွင်းခဲ့သည်။
ပုပ်သိုး ပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းပို့ကုန်များ ဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူ လျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်း စစ်ဆေးမှုများတွင်လည်း ဦးစားပေး ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။
ငွေလဲလှယ်နှုန်းအနေဖြင့်မူ ယခုအပတ်တွင် တစ်ဘတ်လျှင် (၁၀၃.၀၉) ကျပ် ဖြစ်ပြီး ယခင်ရက်များထက် ဈေးနှုန်း အနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။