၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် (၆) လတာ ကာလအတွင်း မြန်မာနိုင်ငံမှ ပျားရည် မက်ထရစ်တန်ချိန် (၁,၂၀၀) ကျော် တင်ပို့နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပျားမွေးမြူရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောကြားခဲ့ကြောင်း စင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ဦးစိုးနိုင်က “ ကျွန်တော်တို့အနေနဲ့ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ပထမ (၆) လအတွင်း ပျားရည် မက်ထရစ်တန်ချိန် (၁,၂၅၃) တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ပျားရည်တစ်တန်ကို အမေရိကန်ဒေါ်လာ (၁,၅၀၀) ဈေး ရရှိပါတယ်။ ” ဟု ပြောသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပျားရည်ကို ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဆော်ဒီအော်ရေဗျနိုင်ငံ၊ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ကို အဓိက တင်ပို့နေရကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
“ ပျားမွေးမြူရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနအနေနဲ့ အမျိုးသားအဆင့် စောင့်ကြည့်တဲ့ စီမံကိန်းရှိတယ်။ အဲဒါက ဈေးကွက်အတွက် အရည်အသွေးပိုင်းဆိုင်ရာ အာမခံချက် အပြည့်ပေးနိုင်တဲ့အတွက် ဝယ်ယူမှု မြင့်တက်လာတာ ဖြစ်ပါတယ်။ ” ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပျားရည်တန်ချိန် (၁,၉၀၀) ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂.၈) သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကိုလည်း ပြည်ပနိုင်ငံများသို့ တင်ပို့လျက် ရှိသည်။
Source: Xinhua