Export & Import

ကမ္ဘာ့ထုတ်လုပ်မှုများ ကျဆင်းခဲ့ခြင်းကြောင့် ယခုနှစ်အတွက် ကုန်သွယ်ရေးတိုးတက်မှုကို WTO လျှော့ချ ခန့်မှန်း

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော “ ကမ္ဘာ့ကုန်သွယ်မှု အလားအလာနှင့် စာရင်းအင်းများ ” အစီရင်ခံစာအရ ၂၀၂၂ခုနှစ် စတုတ္ထသုံးလပတ်က စတင် ကျဆင်းခဲ့သော ကမ္ဘာ့ကုန်စည် ကုန်သွယ်မှုကြောင့် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ကုန်သွယ်ရေး တိုးတက်မှုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ စီးပွားရေး ပညာရှင်များက လျှော့ချ ခန့်မှန်းထားသည်။

 

ကမ္ဘာ့ကုန်စည်ကုန်သွယ်မှု ပမာဏသည် ယခုနှစ်တွင် (၀.၈%) တိုးတက်မည်ဟု မျှော်မှန်းထားပြီး ပြီးခဲ့သည့် ဧပြီလခန့်မှန်းချက် (၁.၇%) ထက် ထက်ဝက် လျော့နည်းခဲ့သည်။ ၂၀၂၄ ခုနှစ်အတွက် တိုးတက်မှုခန့်မှန်းချက် (၃.၃%) ကမူ ပြောင်းလဲခြင်း မရှိပါ။ ကမ္ဘာ့ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP) သည် ၂၀၂၃ ခုနှစ်တွင် (၂.၆%) ရှိပြီး ၂၀၂၄ ခုနှစ်တွင် (၂.၅%) ရှိမည်ဟု ခန့်မှန်းထားသည်။

 

၂၀၂၂ ခုနှစ်၊ စတုတ္ထသုံးလပတ်မှစ၍ ကမ္ဘာ့ကုန်သွယ်မှုနှင့် ထုတ်လုပ်မှု ကျဆင်းခြင်းသည် အမေရိကန်၊ အီးယူနှင့် အခြားကမ္ဘာ့နိုင်ငံများ၏ ငွေကြေးဖောင်းပွမှု၊ တင်းကြပ်သော ငွေကြေးမူဝါဒများ၊ ကိုဗစ် ၁၉ ရောဂါမှ နလန်ထူခါစ တရုတ်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက် တင်းမာမှုတို့ကြောင့် ဖြစ်ပြီး ယူကရိန်းစစ်ပွဲ၏ အကျိုးဆက်များကလည်း ကုန်သွယ်မှုအ လားအလာများကို ဝေဝါးစေသည်။ 

 

ကုန်သွယ်မှုကျဆင်းရခြင်းသည် ကျယ်ပြန့်ပြီး နိုင်ငံနှင့် ကုန်စည် အများအပြားနှင့် သက်ဆိုင်နေသည်။ ကမ္ဘာ့ GDP တိုးတက်မှုနှုန်းသည် နှေးကွေးသော်လည်း ယခုအတိုင်း တည်ငြိမ်စွာ တိုးတက်ပါက လာမည့်နှစ်တွင် ကုန်သွယ်မှု တိုးတက်လာမည် ဖြစ်သည်။ 

 

ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ပြီး အတိုးနှုန်းများ ကျလာသည်နှင့်အမျှ အရေးကြီးသော စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာ လည်ပတ်ပြီး ပြန်လည် အားကောင်းလာမည် ဖြစ်သည်။ သို့သော် ရောင်းလိုအား ကွင်းဆက် ပြတ်တောက်မှုများက ၂၀၂၄ ခုနှစ်အတွက် အလားအလာကောင်းများကို ခြိမ်းခြောက်နေသည်။ 

 

ဥပမာ - ကမ္ဘာ့ကုန်သွယ်မှုတွင် ကြားအဆင့်ကုန်စည် (Intermediate Goods) ပါဝင်မှုသည် ပြီးခဲ့သည့် သုံးနှစ်အတွင်း (၅၁%) ရှိသော်လည်း ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် (၄၈.၅%) သို့ ကျဆင်းသွားသည်။ ထို့အပြင် အာရှနှင့် အမေရိကန် ကုန်သွယ်မှုတွင် ကြားအဆင့်ကုန်စည်များ ပါဝင်မှုသည် ၂၀၂၂ ခုနှစ်က (၄၃%) ရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် (၃၈ %) သို့ ကျဆင်းသွားသည်။

 

Advertisement

Click Here > Wun Yan Kha

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က ၂၀၂၃ ခုနှစ်အတွက် ကုန်သွယ်မှု နှေးကွေးမည်ဟု ခန့်မှန်းချက်သည်… 

  • ကမ္ဘာ့လူနေမှု အဆင့်အတန်းအတွက် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်စေသောကြောင့် စိတ်ပူစရာ ဖြစ်ကြောင်း၊ 
  • ကမ္ဘာ့စီးပွားရေး အကွဲကွဲအပြားပြား ဖြစ်နေခြင်းသည် အဆိုပါ စိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေမည်ဖြစ်ရာ ကမ္ဘာ့ကုန်သွယ်မှု မူဘောင်ကို အားကောင်းစေရန် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများသည် ကုန်သွယ်မှု အကာအကွယ်ပေးရေး မူဝါဒကို ရှောင်ရှားခြင်း၊ ပိုမိုခံနိုင်ရည်ရှိပြီး အားလုံးပါဝင်နိုင်သော ကမ္ဘာ့စီးပွားရေးကို တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ 
  • ကမ္ဘာ့စီးပွားရေးနှင့် အထူးသဖြင့် ဆင်းရဲသော နိုင်ငံများသည် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင် တည်ငြိမ်သော၊ ပွင့်လင်းမြင်သာ၍ ခန့်မှန်းနိုင်သော၊ စည်းမျဉ်းအခြေခံပြီး တရားမျှတသော နိုင်ငံစုံ ကုန်သွယ်မှုစနစ် မရှိပါက ရုန်းကန်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စီးပွားရေးပညာရှင် Ralph Ossa ကလည်း ကမ္ဘာ့ကုန်သွယ်မှု အကွဲကွဲ အပြားပြား ဖြစ်ရခြင်းမှာ ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် ဆက်နွယ်နေကြောင်း၊ ကံကောင်း ထောက်မစွာဖြင့် ကမ္ဘာ့ပြုမှုဖြစ်စဉ်ကို ဆန့်ကျင်ခြင်း (Deglobalization) သည် ကျယ်ပြန့်စွာ မဖြစ်ပေါ်သေးကြောင်း၊ 

 

အချက်အလက်များအရ ကုန်ပစ္စည်းများကို ရှုပ်ထွေးသော ရောင်းလိုအား ကွင်းဆက်များမှတစ်ဆင့် ဆက်လက် ထုတ်လုပ်မည်ဖြစ်ပြီး ကာလတိုအတွင်း ရောင်းလိုအား ကွင်းဆက်ပမာဏ မြင့်မားလာနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပို့ကုန်နှင့် သွင်းကုန် ပမာဏတိုးတက်ရန် အလားအလာ ရှိသော်လည်း နိုးနိုးကြားကြား ဆောင်ရွက်ရန် လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

 

ယခုခန့်မှန်းချက်များတွင် ကမ္ဘာ့စီးပွားရေးလုပ်ငန်း ဝန်ဆောင်မှု ကုန်သွယ်ရေး မပါဝင်သော်လည်း ကနဦး အချက်အလက်များအရ အဆိုပါကဏ္ဍ၏ တိုးတက်မှုနှုန်းသည် ပြီးခဲ့သည့်နှစ်က သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေး လုပ်ငန်းများတွင် အားကောင်းမှုများကြောင့် အလယ်အလတ်အဆင့် ဖြစ်နိုင်ကြောင်း သိရသည်။ 

 

၂၀၂၂ ခုနှစ်  ဒုတိယသုံးလပတ်တွင် ပြီးခဲ့သည့်နှစ်ထက် (၁၉%) မြင့်တက်ခဲ့သော ကမ္ဘာ့စီးပွားရေးလုပ်ငန်း ဝန်ဆောင်မှု ကုန်သွယ်ရေးသည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် (၉%) တိုးလာခဲ့သည်။

Read times
Rate this item
(0 votes)