Export & Import

၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အခြေအနေအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် ၈၂ နေရာတွင် ရပ်တည်

၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အခြေအနေအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် ၈၂ နေရာတွင် ရပ်တည် google

၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အခြေအနေ အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၈၄ နိုင်ငံ အနက် ၈၂ နေရာတွင် ရပ်တည်နေကြောင်းနှင့် မြန်မာနိုင်ငံ၏ တရားမဝင် ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု ညွှန်းကိန်းများ မြင့်တက်လာကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

 

ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု အခြေအနေ အညွှန်းကိန်းကို အစိုးရ၏မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုရှိသည့် ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းစဉ်များ စသည့်အညွှန်းကိန်း လေးခုဖြင့် တိုင်းတာပြီး ၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အခြေအနေ အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် ၈၂ နေရာတွင် ရပ်တည်နေပြီး ရမှတ်မှာ ၂၃ မှတ်သာ ရရှိသည်ကို တွေ့ရကြောင်း တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ The Economist Intelligence Unit က ထုတ်ပြန်ခဲ့သည့် အညွန်းအပေါ် ကိုးကား၍ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခြင်းဖြစ်သည်။

 

ထို့ပြင် မြန်မာနိုင်ငံ၏ တရားမဝင် ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင် ကုန်သွယ်မှုအခြေအနေ မြင့်တက်လာမှုနှင့်စပ်လျဉ်း၍ နိုင်ငံအဆင့်၌ ဌာနအချင်းချင်းအကြား ပူးပေါင်းမှုမြှင့်တင် ဆောင်ရွက်ရန် ရည်ရွယ်၍ နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ်၊ ဇွန် ၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၇၉/၂၀၁၉ ဖြင့် “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ” ကို အဖွဲ့ဝင် ၃၉ ဦးဖြင့်ဖွဲ့စည်းပြီး လုပ်ငန်းတာဝန် (၁၃) ရပ် ချမှတ်ပေးခဲ့ကြောင်းနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ခံ ဝန်ကြီးဌာနအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒုတိယသမ္မတ ဦးမြင့်ဆွေက တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။

 

ထို့ပြင် တရားမဝင် ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအဟန့်အတား ဖြစ်စေသော အချက်များထဲမှ အဓိကကျသည့် အချက်တစ်ခုဖြစ်ပြီး တရားမဝင် ကုန်သွယ်မှုက အင်အားကြီး နေသည်နှင့်အမျှ တရားဝင် လုပ်ကိုင်သော လုပ်ငန်းများကို အဟန့်အတား ဖြစ်စေသည်ဟု ဒုတိယသမ္မတက ပြောကြားသည်။

 

မြန်မာနိုင်ငံ၏ နှစ်အလိုက်ကုန်သွယ်မှုကို ကြည့်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ဒေါ်လာ ၂၉ ဒသမ ၂၀၉ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၃ ဒသမ ၅၃၇ ဘီလျံနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာမှ ဇွန်လအထိ) ဒေါ်လာ ၂၆ ဒသမ ၂၂၃ ဘီလျံ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုကဲ့သို့ နှစ်အလိုက် ကုန်သွယ်မှု ပမာဏများကို လေ့လာကြည့်ပါက ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ လာသော်လည်း နယ်စပ်ကုန်သွယ်မှု ပမာဏအနေဖြင့် လျော့ကျလာသည်ကို တွေ့ရကြောင်း ဦးမြင့်ဆွေက ပြောကြားသည်။

 

ထိုသို့ နယ်စပ်ကုန်သွယ်မှုပမာဏ လျော့ကျခြင်းသည် တရားမဝင်ကုန်သွယ်မှု မြင့်တက်လာခြင်းနှင့် ဆက်စပ်နေသည်ကို တွေ့ရပြီး ၂၀၁၉ ခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ကုန်သွယ်မှု စာရင်းဇယားများကို လေ့လာရာ စုစုပေါင်း ကုန်သွယ်မှုစာရင်းမှာ ဒေါ်လာ သန်း ၁၅၀ ကျော် ကွာဟမှု ရှိနေသည်ကို တွေ့ရှိရသည့်အတွက် တရားမဝင် နယ်စပ်ကုန်သွယ်မှု ပမာဏ မည်မျှကြီးမားနေသည်ကို မှန်းဆကြည့်နိုင်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

 

နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်နေသည့်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအနေဖြင့် တရားမဝင် ကုန်စည်များနှင့် ပြိုင်ဆိုင်ရောင်းချနိုင်စွမ်းနည်းပြီး ရပ်တည်ရန် ခက်ခဲလာသည့်အတွက် နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ကိုးခုတို့တွင် တရားမဝင် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေး အထူးအဖွဲ့များ ဖွဲ့စည်း၍ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇွန်လအထိ ဖမ်းဆီးအရေးယူမှု ၆၆၉ ကြိမ်မှ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၁ ဒသမ ၈၂၈ ဘီလျံ ဖမ်းဆီးနိုင်ခဲ့ကြောင်း ဦးမြင့်ဆွေက ပြောကြားသည်။

 

တရားမဝင် ကုန်စည်တင်သွင်းမှုများကို တားဆီးရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အထူးအဖွဲ့များ ဖွဲ့စည်းကာ ဖမ်းဆီးခဲ့သော်လည်း အားမရစရာ အခြေအနေ ဖြစ်နေကြောင်းနှင့် တချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်လလုံးတွင် တစ်မှုပင် ဖမ်းဆီးရမိမှု မရှိသည့် အခြေအနေ ဖြစ်နေကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လုပ်ငန်းရှင်များ ၂၈ ကြိမ်မြောက် တွေ့ဆုံပွဲတွင် ပြောကြားသည်။

 

“တရားမဝင် ကုန်သွယ်မှုတွေနဲ့ ပတ်သက်လို့ တော်တော်များများကတော့ အခုအချိန်အထိ ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး။ လုပ်တော့လုပ်ခိုင်းနေတာပဲ။ လူကြီးတွေလည်း အားမရဘူး။ လူကြီးတွေကလည်း မှတ်ချက်တွေ အမြဲတမ်းပေးနေတာ။ တချို့ဒေသတွေ၊ တချို့တိုင်းဒေသကြီးတွေ၊ တချို့ပြည်နယ်တွေမှာ ဖမ်းဆီးရမိမှုက တစ်လလုံးနေလို့ တစ်ခုတောင်မှ မရှိဘူး။ ဒါကိုလည်း မှတ်ချက်တွေ ပေးနေတာ။ ဒါမရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ရှိပြီးတော့ မဖမ်းတာမျိုး မဖြစ်ရအောင်၊ တစ်ဖက်မှာလည်း လုံခြုံရေးပိုင်းတွေ ပါမှာပေါ့” ဟု ဦးမြင့်ဆွေက ပြောကြားသည်။

 

လက်ရှိတွင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်သည့်အတွက် ယခင်ဖွဲ့စည်းထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုရှိ တရားမဝင် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေး အထူးအဖွဲ့များကို ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်မည်ဖြစ်ကြောင်း ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။

 

Source : Eleven

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)