နယ်စပ်မှ တရုတ်နိုင်ငံ သို့ ဆန်တင်ပို့ခြင်း ယာယီရပ်ဆိုင်း ခြင်းမရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန် နိုင်ထွန်းက ပြောသည်။
ပြည်ပဆန်တင်ပို့ရန် လိုင်စင်ချထားပေးခြင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေး၊ နယ် စပ်ကုန်သွယ်ရေးဟု သီးခြားခွဲခြား ခြင်းမရှိဘဲ ခွင့်ပြုပေးနေကြောင်း ၎င်းက ဆိုသည်။
ယခုဘဏ္ဍာနှစ်တွင် မြန်မာ နိုင်ငံမှ ပြည်ပတင်ပို့နေသည့် ဆန် တန်ချိန် ၁ ဒသမ ၆ သန်းကျော် တွင် တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန်တင်ပို့မှု ၅၄ ရာခိုင်နှုန်းခန့် တစ် ဝက်ကျော်ပမာဏရှိနေသည်။
‘‘တချို့ကုန်သည်တွေပြော နေတာတော့ ကြားပါတယ်။ ဒါ ပေမဲ့ စီးပွားကူးသန်းဝန်ကြီးဌာန အနေနဲ့ တရားဝင်ပိတ်တာမျိုးမရှိ ပါဘူး’’ဟု ၎င်းက ပြောသည်။
ပြည်တွင်းဆန်ဈေး ဆက် တိုက်မြင့်တက်နေခြင်းကြောင့် ပင်လယ်ရေကြောင်းမှ ပြည်ပသို့ တင်ပို့နေသည့် ကုန်သည်အချို့က နယ်စပ်မှ ပြည်ပတင်ပို့မှုကို နှစ် လခန့်ဆိုင်းငံ့ပေးရန် ပြောကြားမှု များ ရှိလာသည်။
‘‘နယ်စပ်က တင်ပို့မှုကို မပိတ်ပါဘူး’’ဟု မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။
လက်ရှိ တရုတ်နိုင်ငံမှ ဆန် ဝယ်ယူမှုသည် တစ်ရက်လျှင် တန်ချိန် ၁,၅၀၀ မှ ၂,၀၀၀ အကြားရှိနေပြီး ဆန်တစ်အိတ်ဈေးနှုန်းမှာ နွေရှယ် အမျိုးအစား ဆန်တစ်အိတ်လျှင် ၁၄၈ ယွမ် (မြန်မာငွေ ဖြင့် ကျပ် ၃,၀၀၀ ကျပ်ခန့်) ဈေးရှိ ကြောင်း မူဆယ်မြို့မှ ဆန်ကုန် သည်တစ်ဦးက ပြောသည်။
လက်ရှိတွင် တရုတ်သို့ တင် ပို့မှု ယာယီရပ်ဆိုင်းမည်ဆိုပါက မကြာမီ အသစ်ပေါ်မည့် မိုးစပါးတွင် လယ်သမားများအတွက် စပါးဈေးနှုန်းကျဆင်းပြီး နစ်နာဆုံးရှုံးမှုများဖြစ်လာမည်ဟု ဓနုဖြူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က ပြောသည်။
ပြီးခဲ့သည့် မိုးစပါးပေါ်ချိန်က လည်း တရုတ်အစိုးရ၏ ဖမ်းဆီးမှုကြောင့် မူဆယ်နယ်စပ်မှ ဆန် တင်ပို့မှု လျော့ကျသဖြင့် ပြည် တွင်း၌ စပါးဈေး ကျဆင်းခဲ့ပြီး လယ်သမားများ အခက်အခဲဖြစ်ခဲ့ရသည်။
Source: 7 days new