မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရာတွင် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်များ ပိုမိုတင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ထံမှ သိရပါတယ်။
နှစ်နိုင်ငံ ကုန်သွယ်ရာတွင် အောက်တိုဘာလကုန်ပိုင်းက ရေထွက်ကုန်တန်ချိန် ၆၅၃၂ တန် ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅.၄၇၉ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံဘက်ကို ကုန်သွယ်တဲ့နေရာမှာ မြိတ်နဲ့ မြ၀တီတို့ကနေ ကုန်သွယ်မှုက လျော့ပေမယ့် ကော့သောင်းကတော့ ကုန်သွယ်မှုပမာဏတိုးလာတာကို တွေ့ရပါတယ်ဟု ဦးခင်မောင်လွင်က ပြောကြားခဲ့ကြောင်း သိရပါတယ်။
ကုန်သွယ်ရာတွင် မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပုစွန်၊ ကင်းမွန်၊ ကဏန်းအပါအ၀င် ရေထွက်ကုန် ပစ္စည်း တန်ချိန် ၁၆၂၀ တန်၊ မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်အပါအ၀င် ရေထွက်ကုန်ပစ္စည်း တန်ချိန် ၆၂ တန်နှင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပစ္စည်း တန်ချိန် ၄၈၄၉ တန် တင်ပို့ခဲ့ခြင်းကြောင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
ယင်းအပြင် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရေထွက်ကုန်တန်ချိန် ၁၈၆ တန်၊ အမေရိကန်ဒေါ်လာ ၀.၁၆၉ သန်းဖိုး တင်ပို့ခဲ့ပြီး ဧည့်မထဆန်၊ မန်ကျည်းစေ့၊ ဆီးသီးခြောက်၊ ဆီးသီးဖတ်၊ ဆီးယိုထုပ်၊ စောင်၊ ငါးနီတူခြောက်တို့အပါအ၀င် ကုန်စည်တန်ချိန် ၂၄၂၃ တန်ကိုလည်း ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ ရောင်းချခဲ့ကြောင်း သိရပါတယ်။
Source: Myawaddy