ယခုဘဏ္ဍာနှစ်အတွင်း ကုန်သွယ်ရေးစခန်းများမှ တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် အိုင်တီစီ ကတ်ဖြင့် ကျပ်သန်းပေါင်း ၂၃၀၈၅ သန်းကျော် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အသေးစား၊ အလတ်စား တစ်နိုင်တစ်နိုင် ကုန်သွယ်မှုလုပ်ငန်းတွေ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး အိုင်တီစီ ကတ်ကို စခန်းတော်တော်များများမှာ လွယ်လွယ်ကူကူ လုပ်နိုင်အောင် ဖွင့်လှစ်ဆောင်ရွက်ပေးနေပါတယ်။ ဒီကတ်က အသေးစားလုပ်ငန်းရှင်တွေအတွက် တကယ်လည်း အဆင်ပြေစေပါတယ်။ ဒီနှစ်မှာ အိုင်တီစီ ကတ်နဲ့ ကုန်သွယ်မှုတွေ ပိုမိုလုပ်ဆောင်လာတာလည်း တွေ့ခဲ့ရပါတယ်။ ယင်းကတ်နဲ့ ကုန်သွယ်မှုလုပ်တာမှာ ပို့ကုန်ထက် သွင်းကုန်မှာ အသုံးပြုတာ ပိုများကြောင်း သိရပါတယ်။
ယခုဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ အောက်တိုဘာလ တတိယပတ်အထိ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် အိုင်တီစီ ကတ် ၁၀၁ ကတ်ပြုလုပ်ခဲ့ပြီး ယင်း အိုင်တီစီ ကတ်များဖြင့် ကုန်သွယ်မှုပမာဏ ကျပ်သန်းပေါင်း ၂၃၀၈၅.၇၂၁ သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ယင်း အိုင်တီစီ ကတ်ဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ခုနှစ်လတာ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ပို့ကုန်ကျပ် သန်းပေါင်း ၁၈၂၃.၇၃၉ သန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်မှာ ကျပ်သန်းပေါင်း ၂၁၂၆၁.၉၈၁ သန်း တင်သွင်းနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် ပို့ကုန်ကျပ်သန်းပေါင်း ၁၁၈၇.၄၈၁ သန်းသာ တင်ပို့နိုင်ခဲ့ကာ သွင်းကုန်ကျပ်သန်းပေါင်း ၁၇၇၈၄.၇၄၃ သန်းသာ တင်သွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။
တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် အိုင်တီစီ ကတ်ကို ၂၀၁၂ နိုဝင်ဘာလတွင် စတင်ခွင့်ပြုခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၇၃၇.၅၈၁ သန်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၉၃၇၂.၇၀၂ သန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၆၄၅၀၇၄၇ သန်းနှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၈၉၇၂.၂၂၅ သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
တာချီလိတ်မှ ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ နယ်စပ်ဘက်ကို ပို့ကုန်တင်ပို့တာထက် နယ်စပ်ဘက်ကနေ သွင်းကုန်ပိုတင်သွင်းတော့ အိုင်တီစီကတ်နဲ့ ကုန်သွယ်မှုမှာ သွင်းကုန်ပမာဏက ပိုများလာကြောင်း သိရပါတယ်။ ယင်းကတ်နဲ့ လုပ်ငန်းသုံး ပစ္စည်းတွေ၊ လူသုံး၊ အိမ်သုံး ပစ္စည်းတွေနဲ့ စက်ကိရိယာအပိုပစ္စည်းတွေကို အများဆုံး ကုန်သွယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Source: Democracy