Export & Import

မြန်မာ - ထိုင်းနယ်စပ်ရှိ တရားမဝင် ကုန်သွယ်မှုများကို တရားဝင်ကုန်သွယ်မှု ဖြစ်လာအောင် ဆောင်ရွက်ရမည်ဟု ဒုတိယ သမ္မတ ပြောကြား

မြန်မာ - ထိုင်းနယ်စပ် တရားမဝင် ကုန်သွယ်မှုများကို တရားဝင် ကုန်သွယ်မှု ဖြစ်လာရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒုတိယသမ္မတက နိုဝင်ဘာလ ၇ ရက် မြဝတီ ကုန်သွယ်ရေးဇုန် အစည်းဝေး ခန်းမ၌ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တိုတ်တွန်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

မြန်မာ-ထိုင်း  နှစ်နိုင်ငံနယ်နိမိတ် မျဉ်းသည်  သောင်ရင်းမြစ်ပေါ်တွင် တည်ဆောက် ထားသည့် ချစ်ကြည်
ရေး တံတား၏  မဲဆောက်ဘက်ကမ်းမှာ ရှိနေပြီး ၎င်းတံတားသည် နှစ်နိုင်ငံကုန်စည် ကူးသန်းရောင်းဝယ်ရာတွင် အဓိကကျသည့် တံတား တစ်စင်းလည်း ဖြစ်ကာ ပို့ကုန်၊ သွင်းကုန်များ ပို့ဆောင်ရောင်းဝယ်နေကြခြင်း ဖြစ်ကြောင်းသို့သော်လည်း  သောင်ရင်းမြစ်တစ်လျှောက်တွင် တရားမဝင် ဝင်၊ ထွက်ပေါက်များရှိနေပြီး တရားမဝင်ကုန်စည် ကူးသန်းရောင်းဝယ်မှုကို ဟန့်တားနိုင်ရန် ခက်ခဲနေကြောင်း 
ကုန်သည်များထံမှ သိရပါတယ်။

မြဝတီ ကုန်သွယ်ရေးဇုန် အနေဖြင့် ကုန်သွယ်မှု ပိုမိုအဆင်ပြေ ချောမွေ့လာစေရေး အတွက် လုပ်ဆောင်လျက်ရှိသလို တရားမဝင်ကုန်စည် ကူးသန်း ရောင်းဝယ်မှုများ ပပျောက်ရေးကိုလည်း တစ်ဘက်တစ်လမ်းမှ ကူညီလုပ်ဆောင် ပေးလျက်ရှိကြောင်း၊  သို့သော်လည်း  တရားမဝင် ကုန်စည်များကို သယ်ယူ ပို့ဆောင်နေသည့် ရှောင်ကွင်းလမ်းများသည် ယခင်အချိန်များ ကတည်းက ရှိနေခြင်း
ကြောင့် တရားမဝင် ကုန်သွယ်မှုကို ထိန်းချုပ်နိုင်ရန်  ခက်ခဲနေကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်း နိုင်ငံတို့ကြား ရေလမ်း၊ ကုန်းလမ်းခရီးဖြင့် စီးပွားရေး စင်္ကြလမ်း တည်ထောင်ဆောင်ရွက်ရာတွင် မြဝတီမြို့သို့ ဖြတ်သန်းပြီး ကုန်စည် ကူသန်းရောင်းဝယ်နိုင်ရန် ဆောင်
ရွက်မည်ဖြစ်သဖြင့် မြဝတီဇုန်နှင့် ဆက်နွယ် ကူးသန်းရောင်းဝယ်နေသည့် လုပ်ငန်းကဏ္ဍ အသီးသီးတွင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရပါတယ်။

အာဆီယံ ဒေသတွင်းမှာ အေအီးစီလို့ လူသိများနေတဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်း
ကို စတင်တည်ထောင်ဖို့  စိုင်းပြင်းတဲ့အချိန်ကစပြီး အာဆီယံနိုင်ငံ တစ်ဝန်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား ချိတ်ဆက်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

အဲ့ဒီလို လုပ်ဆောင်ကြရာမှာ စီးပွားရေး စင်္ကြလမ်းတွေကို တည်ဆောက်ပြီး နိုင်ငံချင်း ချိတ်ဆက်ကာ ကုန်စည်ကူးသန်းရောင်းဝယ်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပြီး  အရှေ့အနောက် စီးပွားရေးစင်္ကြကတော့ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့မှ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံကို ဖြတ်သန်းမှာ ဖြစ်ပြီးတော့ မြဝတီမြို့အထိ လမ်းကြောင်းရေးဆွဲ ချမှတ်ထားတာ ဖြစ်ပါတယ်။

ကုန်းလမ်းခရီးကနေ ဝင်ရောက်ခဲ့တဲ့အတွက် လမ်းခရီး ကြန့်ကြာချိန်တွေသက်သာသွားနိုင်မှာ ဖြစ်ပါတယ် ဟု ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

၎င်းလမ်းကြောင်းကို ၁၉၉၈ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမှာ ကျင်းပခဲ့သည့် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ၏
ဝန်ကြီးများအဆင့်  ညီလာခံတွင် အာဆီယံ ဒေသတွင်းနိုင်ငံများအနက် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့အကြားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီစဉ်ကို ၂၀ဝ၆ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်လုပ်ဆောင်လာခဲ့ကြောင်း၊ အာဆီယံနိုင်ငံများ၏ ကုန်သွယ်ဘက်နိုင်ငံများပါ အကျိုးရှိစေမည်ဖြစ်ကြောင်း သိရပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်ကိုလည်း ခေတ်မီကုန်သွယ်ရေးဇုန် အဖြစ် တည်ဆောက်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရပါတယ်။

မြဝတီသည် ပင်လယ်ရေကြောင်းမှ အကွာအဝေးအနေဖြင့် ထိုင်းနိုင်ငံမြို့တော်၊ ဗန်ကောက်မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ၁၉၄၄ မိုင် ကွာဝေးပြီး ရန်ကုန်မှ ဗီယက်နမ် နိုင်ငံ၊ ဒါနန်းမြို့သို့ ၂၁၄၄ မိုင်ကွာဝေး သလို ဗန်ကောက်မှ ဒါနန်းသို့လည်း ၁ဝ၈၂ မိုင်ကွာဝေးကြောင်း၊ ကုန်းလမ်းခရီးတွင် ရန်ကုန်မှ ဗန်ကောက် အကွာအဝေးသည် မိုင် ၄၅၀ ခန့်သာရှိပြီး ရန်ကုန်မှ ဒါနန်းသို့ မိုင် ၉၀ဝ ခန့်သာ ကွာဝေးကြောင်း၊ ထို့ကြောင့် ကုန်စည် ကူးသန်းရောင်းဝယ်မှုမှာ အချိန်ကုန်သက်သာသည့်အပြင် ကုန်စည်သယ်ယူပို့
ဆောင်မှု စရိတ်များပါ ပိုမိုသက်သာစေမည် ဖြစ်ခြင်းကြောင့် အရေးပါသည့် ထွက်ပေါက်တစ်ခုအနေဖြင့် တည်ရှိနေပါတယ်။

အရှေ့အနောက် စီးပွားရေး စင်္ကြလမ်းသည် အရှေ့ဘက်မှာ တောင်တရုတ်ပင်လယ်၏ ထွက်ပေါက်ဖြစ်သလို အနောက်ဘက်တွင် ကပ္ပလီ ပင်လယ်ပြင်ကို ထွက်နိုင်သည့် ထွက်ပေါက် တစ်ခုလည်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

မြဝတီ ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလ ဒုတိယပတ်အထိ ပို့ကုန်ကဏ္ဍမှအမေရိကန် ဒေါ်လာ ၂၅ ဒသမ ၉၃၄ သန်း၊ သွင်းကုန် ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃၅၉  ဒသမ ၇၀၈ သန်း ရရှိထားကြောင်း သိရပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန် ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၆၀ ဒသမ၁၉၉ သန်း၊ သွင်းကုန်ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၈၆၈ ဒသမ ၄၀၂ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။

Source: The Farmer

Read times
Rate this item
(0 votes)