Investment

ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို ချိတ်ဆက်မယ့် စီမံကိန်းသစ်

ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို ချိတ်ဆက်မယ့် စီမံကိန်းသစ် google

         မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၀-၂၁ ခုနှစ်တွင် ဖွံ့ဖြိုးမှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး နိုင်ငံတကာစံနှုန်းနှင့် နှိုင်းယှဉ်ပါက ကောင်းမွန်သောနှုန်းတစ်ခု ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ထားခဲ့ပါတယ်။

 

         စီးပွားရေးအလားအလာကောင်းများကို အကောင်အထည်ဖော်ရန် မူဝါဒပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးဝန်းကျင် ပိုမိုကောင်းမွန်ရန် ဆောင်ရွက်မှုများအပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုဖွံ့ဖြိုးမှုတို့သည် အရေးကြီးသည့် အခန်းကဏ္ဍများအဖြစ် ရှိနေခဲ့ပါတယ်။

 

         လက်ရှိတွင် ကုန်သွယ်ရေးကဏ္ဍအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာဖြင့် ဆောင်ရွက်နေသလို ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက်လည်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းဖြင့် ဆောင်ရွက်နေခဲ့ပြီး ယခုအခါတွင် အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်း၍ အဆိုပါစီမံကိန်းနှစ်ရပ်ကို ပေါင်းစပ်၍ ပုဂ္ဂလိကအခြေုပြု ဖွံ့ဖြိုးရေးဆောင်ရွက်မည့် စီမံကိန်းတစ်ရပ်ကို ထပ်မံမိတ်ဆက်လာခဲ့ပါတယ်။

 

         ၎င်းစီမံကိန်းအသစ်သည် မြန်မာနိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှစ်ရပ် အဓိကဖွံ့ဖြိုးစေရန် ဆောင်ရွက်မည်ဖြစ်တယ်။ အမျိုးသားပို့ကုန် မဟာဗျူဟာ အဆင့်မြှင့် တင်ခြင်းကို ဆောင်ရွက်မည်ဖြစ်သလို တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းနှင့် ဆက်စပ်၍ အမျိုးသားပို့ကုန် မဟာဗျူဟာပါ ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန်တို့ကို ဆောင်ရွက်မည်ဖြစ်ပါတယ်။

 

         မြန်မာနိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ဗြိတိန်အစိုးရက ရန်ပုံငွေ ပေါင် စတာလင် လေးသန်းနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ နည်းပညာအကူအညီတို့ ပေးမည်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါတယ်။ စီမံကိန်းကာလသည် ၂၀၁၉ မှ ၂၀၂၁ ခုနှစ်အထိဖြစ်ပါတယ်။

 

         ကုန်သွယ်ရေးကဏ္ဍတွင် ပို့ကုန်အခန်းကဏ္ဍမြင့်မားလာစေရန် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၁၉) ကို ရေးဆွဲဆောင်ရွက်ခဲ့ပြီး ကဏ္ဍကြီး ၁၁ ရပ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။ ပထမဦးဆုံးအဖြစ် အကောင် အထည်ဖော်ခဲ့သော အမျိုးသားပို့ကုန်မဟာဗျူဟာ ငါးနှစ်သက်တမ်းသည် ၂၀၁၉ တွင် ပြီးမြောက်တော့မည်ဖြစ်တယ်။

 

         "ပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးဖို့ဆိုတာ ငါးနှစ်တည်းနဲ့တော့ မလုံလောက်ပါဘူး။အထူးသဖြင့် အခြေခံအဆောက်အအုံ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှု အားနည်းတဲ့မြန်မာမှာ ရေရှည်စီမံကိန်းအဖြစ် ဆက်လက်အကောင်အထည်ဖော်ပေးဖို့ လိုပါတယ်။ အခုလို စီမံကိန်းကာလပြီးခါနီးမှာ ဆက်လက်အကောင်အထည်ဖော်ဖို့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း အကောင်အထည်ဖော်ဖို့ကြိုးပမ်းရခြင်းဖြစ်ပါတယ်"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောခဲ့ပါတယ်။

 

         စီမံကိန်းအသစ်အရ ပထမပိုင်းအနေဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၁၉)တွင် ပါဝင်သည့် ဦးစားပေးကဏ္ဍကြီး ၁၁ ရပ်ကို ပြန်လည်သုံးသပ်၍ လက်ရှိဖြစ်ပေါ်နေသော ဈေးကွက်အခြေအနေနှင့် နှိုင်းယှဉ်၍ အဆင့်မြှင့်တင်မည်ဖြစ်ပြီး ဒုတိယပိုင်းအနေဖြင့် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၅) တွင် ထပ်မံထည့်သွင်းဆောင်ရွက်မည့် ဦးစားပေးကဏ္ဍငါးခုကို ဗျူဟာရေးဆွဲထည့်သွင်းမည်ဖြစ်ပါတယ်။

 

         တတိယပိုင်းတွင် ဦးစားပေးပို့ကုန်ကဏ္ဍများ ဖွံ့ဖြိုးရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခုတွင် အကောင်အထည်ဖော်မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအနေဖြင့်မူ တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခုတွင် ဆောင်ရွက်မည့် ပို့ကုန်ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် ဆောင်ရွက်မည်ဖြစ်ပါတယ်။

 

         အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၁၉) ၏ ဦးစားပေး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ ငါးလုပ်ငန်း၊ သစ်တောထွက်ကုန်၊ အထည်ချုပ်လုပ်ငန်းနှင့် ရော်ဘာ၊ ဝန်ဆောင်မှုကဏ္ဍအဖြစ် ခရီးသွားလုပ်ငန်း၊ ပို့ကုန်အထောက်အကူပြုကဏ္ဍအဖြစ် သတင်းအချက်အလက်နှင့် ဈေးကွက်မြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ငွေကြေးအရင်းအနှီးရရှိမှုနှင့် အရည်အသွေးစီမံခန့်ခွဲမှုတို့ ပါဝင်ခဲ့ကြပါတယ်။

 

         အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၅) တွင် တိုးချဲ့ပါဝင်လာမည့် ဦးစားပေးပို့ကုန် ငါးခုတွင် သစ်သီးဝလံ၊ လက်မှုထုတ်ကုန်၊ ကျောက်မျက်ရတနာ၊ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးတို့ဖြစ်ပါတယ်။

 

         "ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးအတွက် လိုအပ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ခုနစ်ခုကို ရွေးထုတ်ပါမယ်။ အရင် ပို့ကုန်မဟာဗျူဟာထဲက ဦးစားပေးကဏ္ဍ ၁၁ ခုရယ်၊ ထပ်ထည့်မယ့် ဦးစားပေးကဏ္ဍ ငါးခုရယ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းတို့ကို ပေါင်းပြီး အကောင်အထည်ဖော်မယ့် စီမံကိန်းပါ။ အဓိကကတော့MSME (အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း) တွေမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာအောင် ဆောင်ရွက်ဖို့ပါပဲ" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက ပြောခဲ့ပါတယ်။

 

         ဦးစားပေးပို့ကုန်ကဏ္ဍ ငါးခုတွင်ပါဝင်သော ဆန်သည် ၂၀၁၇-၁၈ တွင် ပြည်ပသို့ စံချိန်တင် ဆန်တင်ပို့မှု သုံးသန်းကျော်အထိရှိခဲ့သည်။ ငါးလုပ်ငန်းကဏ္ဍသည် ပြီးခဲ့သည့်နှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇၀ဝ ကျော်ရရှိခဲ့ပြီး လာမည့်နှစ်များအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရရှိရန် ရည်မှန်းလျက်ရှိပါတယ်။ သစ်တောထွက်ကဏ္ဍသည် နှစ်အလိုက် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ကျော် ရရှိထားပါတယ်။         

 

         ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍကမူ အိန္ဒိယနိုင်ငံ၏ မူဝါဒအပြောင်းအလဲများကြောင့် ပဲမျိုးစုံ တင်ပို့မှုကဏ္ဍသည် ပို့ကုန်ဝင်ငွေကျဆင်းခြင်းကို ရင်ဆိုင်နေရသည်။ ရော်ဘာကဏ္ဍမှာမူ အရည်အသွေးပိုင်းဆိုင်ရာ အခက်အခဲများ ရင်ဆိုင်ရလျက်ရှိနေဆဲဖြစ်သည်။ အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ဦးစားပေးပို့ကုန်ကဏ္ဍများအနက် အားအကောင်း ဆုံးကဏ္ဍအဖြစ်ရှိနေပြီး ၂၀၁၇-၁၈ တွင် အထည်ချုပ်ပို့ကုန်တန်ဖိုး ၂ ဒသမ ၇ ဘီလျံကျော်ရှိခဲ့ပါတယ်။

 

         "စီမံကိန်းတွေက အစပျိုးလုပ်ပေးတာပေါ့။ ဒီကနေ အသေးစိတ်ကို ထပ်သွားဖို့ ပုဂ္ဂလိကနဲ့ အစိုးရကဏ္ဍတွေက နီးနီးကပ်ကပ်နဲ့ ဆောင်ရွက်ပြီး ဖွံ့ဖြိုးအောင် လုပ်ရပါမယ်။ အမျိုးသားပို့ကုန်မဟာဗျူဟာ ငါးနှစ်ကာလ ဖြတ်သန်းပြီးနောက်မှာ အထူးသဖြင့် ခရီးသွားကဏ္ဍအတွက် ကယားပြည်နယ်မှာ ရွေးချယ်လုပ်ဆောင်ခဲ့ပြီး အခုဆိုရင်တော့ နိုင်ငံခြားခရီးသွားတင်မကဘဲ ပြည်တွင်းခရီးသွားတွေပါ သွားရောက်လည်ပတ်မှု အများကြီးဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်"ဟု မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ်မှ အတွင်းရေးမှုး ဦးအောင်ကြည်စိုးက ပြောခဲ့ပါတယ်။

 

         မြန်မာနိုင်ငံရှိMSME များအတွက် အရည်အသွေးပြည့်မီသော ကုန်သွယ်ရေးဆိုင်ရာပံ့ပိုးမှု၊ ဆောင်ရွက်မှုများနှင့် ကုန်သွယ်ရေး သတင်းအချက်အလက်များသည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကျန်ရှိနေပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းသည် အလားအလာရှိသော ပို့ကုန်များအတွက် ကဏ္ဍအလိုက်နှင့် ဈေးကွက်ဆိုင်ရာသုံးသပ်လေ့လာမှုများ အပေါ်အခြေခံ၍ တည်ဆောက်ပြီးလွယ်ကူသော ကုန်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်းကို ဖော်ဆောင်ပေးမည်ဖြစ်တယ်။

 

         ထို့ပြင် ရင်းနှီးမြှုပ်နှံသူများအား ရွေးချယ်စည်းရုံးသည့်လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုသည် ကုန်သွယ်ရေးနှင့် ပို့ကုန်တိုးတက်ရေးအတွက် မဟာဗျူဟာဦးစားပေးကဏ္ဍများသို့ ဝင်ရောက်လာရန် ဆွဲဆောင်မည်ဖြစ်ပါတယ်။

 

         "မြန်မာက အိန္ဒိယနဲ့ တရုတ်အကြားမှာရှိပြီး မဟာဗျူဟာကျသလို အခွင့်အလမ်းကောင်းတွေလည်း ပေါများပါတယ်။ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းက ဒီအခွင့်အလမ်းတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကူညီလုပ် ဆောင်သွားမှာ ဖြစ်ပါတယ်"ဟု နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာနမှ အမှုဆောင်ဒါရိုက်တာ အာရန်ချာဂွန်ဇာလက် က ပြောခဲ့ပါတယ်။

 

         ဘဏ္ဍာနှစ်အလိုက် မြန်မာနိုင်ငံသည် ပို့ကုန်နှင့် သွင်းကုန်ကဏ္ဍနှစ်ရပ်စလုံး တိုးတက်ခဲ့ပြီး ကုန်သွယ်မှုပမာဏ နှစ်စဉ်မြင့်တက်ခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စီးပွားရေးဖွံ့ဖြိုးရန် တည်ဆောက်ဆဲကာလ ဖြစ်သည့်အတွက် ကုန်သွယ်မှုလိုငွေ ရှိနေဦးမည်ဖြစ်ပြီး လိုငွေကျဉ်းမြောင်းစေရန် ရည်ရွယ်ဆောင်ရွက်နေသည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောခဲ့ပါတယ်။

 

         စီးပွားရေးတိုးတက်မှုဖြစ်ပေါ်ရန် ကုန်ထုတ်လုပ်မှု တိုးတက်မှု၊ ပို့ကုန်မြင့်မားလာမှုနှင့် အားကောင်းသော ဝန်ဆောင်မှုကဏ္ဍများ ဖြစ်ပေါ်လာရန် ပို့ကုန်မဟာဗျူဟာ နှင့် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေး စီမံကိန်းများကို ပေါင်းစပ်၍ ချိတ်ဆက်ဆောင်ရွက်မည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းသည် နိုင်ငံ၏ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီမြှုပ်နှံမှုကဏ္ဍများအတွက် အထောက်အပံ့က ကွင်းဆက်တစ်ခုဖြစ်လာရန် မျှော်လင့်ရပါတယ်။

 

Source : Myanmar Time

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)