ရန်ကုန်တိုင်းအတွင်း အမေရိကန်ဒေါ်လာ ၁၈ သန်းကျော် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၁ ခုအား ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၁ ခုကို အတည်ပြုပေးခဲ့ကြောင်း၊ ယင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၉၅၇ သန်းဖြစ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွင် ၀ ဒသမ ၄၂၈ သန်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ထားပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၆၃၈၂ ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မတ် ၁၉ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံး၊ ခန်းမ (၄) ၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၅/၂၀၁၉)တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံက မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၇၉ ဒသမ ၄ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထားပြီး စင်ကာပူက ဒေါ် လာ၂၀ ဒသမ ၈ ဘီလျံကျော်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး တရုတ်နိုင်ငံက ဒေါ်လာ၂၀ ဒသမ ၄ဘီလျံကျော်ဖြင့် ဒုတိယနေရာမှ ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိခဲ့ရပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၄၉ နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၇၉ ဒသမ ၄ ဘီလျံကျော်အထိ မြှုပ်နှံထားရာ စင်ကာပူက စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်းကျော်၊ တရုတ်နိုင်ငံက ၂၅ ရာခိုင်နှုန်းကျော် ရှိနေခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်င်ငံတွင် ၁၉၈၈ ခုနှစ် တပ်မတော်အစိုးရ တာဝန်ပြီး ယူချိန်မှစ၍ ပြည်ပရင်းနှီးမြှုပ်နှံမှုများ စတင်ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၄၉ နိုင်ငံက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး ယခင်က တရုတ်နိုင်ငံက ထိပ်ဆုံးရှိခဲ့ခြင်း ဖြစ်သော်လည်း သမ္မတ ဦးသိန်းစိန် လက်ထက်မှစတင်ကာ စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုများက တရုတ်နိုင်ငံကို ကျော်ကာ ထိပ်ဆုံးမှ ရပ်တည်လာခဲ့တယ်လို့လဲ သိရပါတယ်။
မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပြီး အနောက်နိုင်ငံများက တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အကန့်အသတ်ဖြင့် ရှိနေသေးသော်လည်း လက်ဦးမှုရယူလိုသော စီးပွားရေးလုပ်ငန်းရှင်များက စင်ကာပူနိုင်ငံကို တစ်ဆင့်ခံပြီး ဝင်ရောက်လာသဖြင့် စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက် မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။
Source : eleven