OBOR စီမံကိန်းအတွင်း ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးဗဟိုချက် (Logistic Hub) တစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍများ၌ စင်ကာပူနိုင်ငံမှ လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် မတ် ၁၆ ရက်က မြင်းခြံမြို့၌ ပြုလုပ်သည့် စင်ကာပူနိုင်ငံ အခြေစိုက် Sembcorp ကုမ္ပဏီ၏ မြင်းခြံ ၂၂၅ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စက်မှု နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ဖိတ်ခေါ်ခဲ့ပါတယ်။
“မန္တလေးတိုင်းဒေသကြီးဟာဆိုရင် မြန်မာနိုင်ငံရဲ့ ဗဟိုချက်မှာရှိတဲ့အပြင် အခုလာမယ့် OBOR မှာလည်း ကျွန်တော်တို့ဟာ Logistic Hub ဖြစ်နေပါတယ်။ နောက်တစ်ခုကတော့ တိုင်းဒေသကြီးဟာ မြေသြဇာ အင်မတန်ကောင်းတဲ့ မြေများ အလျှံအပယ်ရှိပြီးတော့ ရာသီဥတုကလည်း စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ ရင်းနှီးမြှုပ်နှံမှု နဲ့ အင်မတန်ကောင်းတဲ့ အရပ်ဒေသဖြစ်တာကြောင့်မို့ စင်ကာပူမှ မိတ်ဆွေများကို အခုလိုမျိုး အလားအလာ အင်မတန်ကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ထပ်မံပြီးတော့ ဖိတ်ခေါ်လိုပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားခဲ့ပါတယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (OBOR) ကို နှစ်နိုင်ငံ စီးပွားရေးအဖွဲ့က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ဆောင်မှုကို သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။
၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ လီဟီဖန်တို့သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံ အကြီးအကဲများကိုယ်စား လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါ စီးပွားရေးစင်္ကြံအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များတွင် အသေးစားအလတ်စား (SME) စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး၊ စက်မှုဇုန်ဖွံ့ဖြိုးရေး၊ လမ်းတံတား တည်ဆောက်ရေး စသည်တို့ အပါအဝင် လုပ်ငန်းကဏ္ဍ စုစုပေါင်း ၁၅ ခုအထိရှိကြောင်း သိရပါတယ်။
အဆိုပါ စီးပွားရေးစင်္ကြံလမ်း တစ်လျှောက်တွင် ဆောင်ရွက်မည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတား စသည်တို့ကို တရုတ်နိုင်ငံ တစ်ခုတည်းက လုပ်ဆောင်မည် မဟုတ်ဘဲ နိုင်ငံတကာမှ အဖွဲ့အစည်းများကိုလည်း တင်ဒါခေါ်ယူ၍ လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း သိရပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၉ ဒသမ ၄ ဘီလျံကျော် မြှုပ်နှံထားပြီး စင်ကာပူက စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်းကျော်၊ တရုတ်နိုင်ငံက ၂၅ ရာခိုင်နှုန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိခဲ့ရပါတယ်၊
Source : Eleven