၂၀၁၈-၁၉ ဘဏ္ဍာနှစ်သစ် အောက်တိုဘာလ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ခြောက်လတာကာလတွင် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရပါတယ်။
ထိုကာလအတွင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၂၅ ခု အထိ ခွင့်ပြုပေးခဲ့ပြီး ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၃၂ ဒသမ ၀၉၁ သန်းရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းနှင့် အထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ယခုခြောက်လတာကာလတွင် စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၉၄၃ ဒသမ ၉၇၆ သန်းရှိကြောင်း အဆိုပါဦးစီးဌာန၏ စာရင်းများအရ သိရပါတယ်။
လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု၏ ထက်ဝက်ကျော်ပမာဏသည် စက်မှုကုန်ထုတ်လုပ်ငန်းများဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ၊ စွမ်းအင်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းတို့ပဲ ဖြစ်ပါတယ်။
မူဝါဒအပြောင်းအလဲများရှိခဲ့သော သတ္တူတူးဖော်ရေးကဏ္ဍနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ယခုဘဏ္ဍာနှစ်၂၀၁၈-၁၉ ဖေဖော်ဝါရီလကုန်အထိ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ခုမှ ဝင်ရောက်မှုမရှိသေးကြောင်း အဆိုပါဦးစီးဌာန၏ စာရင်းများအရ သိရပါတယ်။
ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်လျက်ရှိသောနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ယင်းနောက်တွင် စင်ကာပူ၊ ဂျပန်နှင့် အခြားအာဆီယံနိုင်ငံများကသာ ရင်းနှီးမြှုပ်နှံမှုအများဆုံး လုပ်ဆောင်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရပါတယ်။
Source : The Voice