Investment

ယခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍသို့ အများဆုံးဝင်

ယခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍသို့ အများဆုံးဝင် myanmar time

ယခုဘဏ္ဍာနှစ် အောက်တိုဘာလမှ မေလကုန်အထိ ရှစ်လတာအတွင်း ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍသို့ ဝင်ရောက်မှုသည် အများဆုံးဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနDICA ယာယီညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ ပြောခဲ့ပါတယ်။

 

ယင်းကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁၁၅ သန်းဖြစ်ပြီး လုပ်ငန်း သုံးခုတွင် ဝင်ရောက်ထားခြင်းဖြစ်ခဲ့ပြီး အခြားကဏ္ဍများတွင် ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက်များသော်လည်း တန်ဖိုးပမာဏမှာ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍထက် နည်းပါးခဲ့ပါတယ်။

 

ရှစ်လတာအတွင်း ဝင်ရောက်သည့် အခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်း ၁၁၅ ခု၊ ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်း ၁၃ ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် လုပ်ငန်း ခုနစ်ခု၊ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ငန်း လေးခု၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် လုပ်ငန်း လေးခု၊ စွမ်းအင်ကဏ္ဍတွင် လုပ်ငန်း နှစ်ခု၊ အိမ်ခြံမြေကဏ္ဍတွင် လုပ်ငန်းတစ်ခု၊ စက်မှုဇုန်လုပ်ငန်း တစ်ခုတို့ဖြစ်ပါတယ်။

 

"လက်ရှိမှာတော့ အားလုံးစုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကန်ဒေါ်လာ ၂၆၉၅ ဒသမ ၅၉၄ သန်းရှိထား ပါတယ်"ဟု ဦးသန့်စင်လွင်က ထပ်မံ ပြောခဲ့ပါတယ်။

 

ထိုအထဲမှ တိုင်းဒေသများနှင့် ပြည်နယ်အသီးသီးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုပမာဏသည် ကန်ဒေါ်လာ ၁ ဒသမ ၇၄ ဘီလျံသာရှိခဲ့ပြီး အခြားတစ်ဖက်တွင် သီလဝါစီးပွားရေးဇုန်သို့ ကန်ဒေါ်လာ ၁၉၆ သန်းကျော် ဝင်ရောက်ခဲ့ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ကန်ဒေါ်လာ ၇၅၁ သန်းကျော်ကို ထပ်မံတိုးမြှင့်လာခဲ့သဖြင့် စုစုပေါင်းဝင်ရောက်မှု ကန်ဒေါ်လာ သန်း ၂၆၉၅ သန်းကျော်အထိ ရှိလာခဲ့ခြင်းဖြစ်ပါတယ်။

 

၂၀၁၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ တစ်နှစ်တာအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို နှစ်စဉ် ကန်ဒေါ်လာ ခြောက်ဘီလျံဝင်ရောက်ရန် DICA က နှစ်စဉ်လျာထားခဲ့ပါတယ်။ သို့သော် ယခုနှစ်တွင်မူ ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလျံသို့ လျှော့ချရန် မျှော်မှန်းလျာထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် လေးလတာသာ ကျန်ရှိတော့သည်အထိ လျာထားချက်၏ ထက်ဝက်ကိုသာ ဝင်ရောက်ထားခြင်းကြောင့် များစွာအားစိုက်ရမည့်နှစ်ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက မေလအတွင်း ကျင်းပခဲ့သည့် အောက်မြန်မာပြည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောခဲ့ပါတယ်။

 

ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် ရှစ်လတာအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျပ် ၈၂၁ ဘီလျံ ရင်းနှီးမြှုပ်နှံလာကြပြီး ထပ်မံတိုးမြှင့်ထားသည့် ပမာဏများအရ ကျပ် ၁ဝ၃၉ ဘီလျံအထိ ရှိထားသည်ဟုလည်း ဦးသန့်စင်လွင်က ပြောခဲ့ပါတယ်။

 

ယခုဘဏ္ဍာနှစ် ဧပြီလအထိ စာရင်းများအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံများအနက် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် လုပ်ငန်း ၇၂ ခုဖြင့် အရေအတွက်အများဆုံး ဝင်ရောက်ထားသော်လည်း ပမာဏ ကန်ဒေါ်လာ သန်း ၂၅၀ ခန့်သာရှိထားခဲ့ပါတယ်။ စင်ကာပူနိုင်ငံကမူ လုပ်ငန်းအရေအတွက် ၂၀ ခုသာ ဝင်ရောက်ထားပြီး ကန်ဒေါ်လာ သန်း ၁၅၇၁ သန်းကျော်ဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၅၈ ရာခိုင်နှုန်းအထိဝင်ရောက်လာခဲ့ပါတယ်။

 

ReadMore  - ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ရေး အဖြေထုတ်သင့်တဲ့ နိုင်ငံ့လိုအပ်ချက်များ

17ac5f8da78c1c03f88e810b46283c98 L

 

Source : Myanmar Time

 

Myanmar Logistics Guide

 

 

Read times
Rate this item
(0 votes)