ဘင်္ဂလားပင်လယ်အော်အတွက် စီးပွားရေးအချက်အချာ ရေနက်ဆိပ်ကမ်း ဖြစ်လာမယ့် ရေနက်ဆိပ်ကမ်း Matarbari Port Development Project (MPDP) တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရ စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။
ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် Japan International Cooperation Agency (JICA) က ဘဏ္ဍာရေး အထောက်အပံ့ အမေရိကန်ဒေါ်လာ ၂၅.၄ သန်း ပေးအပ်ရန် သဘောတူထားပါသည်။ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ရန် ဂျပန်အတိုင်ပင်ခံကုမ္ပဏီ ဖြစ်သော Nippon Koei Joint Venture က လုပ်ဆောင်ရန် စာရင်းပေးသွင်းထားပါတယ်။
MPDP ရေနက်ဆိပ်ကမ်းကို ၂၀၁၆ ခုနှစ်မှာ စတင်အသုံးပြုဖို့ ရည်မှန်းထားပါတယ်။ ပနားမားတူးမြောင်း ဝင်ဆန့်မှုထက် ပိုကြီးမားတဲ့ ကွန်တိန်နာ သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မှာ ဖြစ်ပြီး 8,500 TEU တင်ဆောင်နိုင်တဲ သင်္ဘောကြီးတွေကို ဆိပ်ကမ်းမှာ ကွန်တိန်နာ အတင်အချ လုပ်ကိုင်ပေးနိုင်စွမ်း ရှိပါတယ်။
တစ်နှစ်ကို TEU (Twenty-foot Equivalent Unit) (ပေ ၂၀ ကွန်တိန်နာနှင့် ညီမျှသောယူနစ်) စုစုပေါင်း ၂. ၈ သန်း အထိ နှစ်စဉ် ကိုင်တွယ်သွားနိုင်တဲ့အထိ တိုးချဲ့ဖို့လည်း အစီအစဉ် ရှိပါတယ်။
“Big-B” လို့ အတိုကောက် ခေါ်ဝေါ်ကြတဲ့ Bay of Bengal Industrial Growth Belt အစီအစဉ်မှ ထွက်ပေါ်လာတဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်း ဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကို ၂၀၁၄ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နဲ့ ဂျပန်တို့ ကြေညာခဲ့ပါတယ်။ ရေနက်ဆိပ်ကမ်းကို အမျိုးသား အဝေးပြေးလမ်းမကြီးနဲ့ ချိတ်ဆက်ဖို့အတွက် လမ်းတွေလည်း ဖောက်လုပ်မှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ပို့ကုန်သွင်းကုန်တွေအတွက် အသုံးပြုတဲ့ ဆိပ်ကမ်း ၃ ခု Chattogram ၊ Mongla နဲ့ Payra တို့ဟာ ကွန်တိန်နာ သင်္ဘောကြီးတွေ ဆိုက်ကပ်လို့ မရတာကြောင့် ကွန်တိန်နာသင်္ဘော အငယ် feeder တွေနဲ့ ကဲ့ယူရပါတယ်။
သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း၊ စင်ကာပူ နဲ့ မလေးရှားမှ ကလန်းဆိပ်ကမ်းတို့မှာ ကွန်တိန်နာသင်္ဘောကြီးတွေကို အတင်အချ လုပ်ဖို့ တစ်ဆင့်ခံဆိပ်ကမ်းတွေအဖြစ် အသုံးပြုပြီး ပို့ကုန်သွင်းကုန်တွေကို သယ်ယူပို့ဆောင်နေရပါတယ်။
အဲဒီ ဆိပိကမ်းတွေနဲ့ ဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်း ၃ခု အကြား ကွန်တိန်နာသင်္ဘော အငယ် feeder တွေ ပြေးဆွဲပြီး ကွန်တိန်နာတွေကို သယ်ယူပို့ဆောင်ရပါတယ်။
MPDP ရေနက်ဆိပ်ကမ်း ပြီးသွားရင် တစ်ဆင့်ခံ ဆိပ်ိကမ်းတွေ သုံးစွဲရန် မလိုတော့ဘဲ ကွန်တိန်နာတွေကို ဘင်္ဂလားဒေ့ရှ်မှာ တိုက်ရိုက် အတင်အချ လုပ်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို ဆက်သွယ်ပေးမယ့် ရထားလမ်း ကားလမ်း ဖောက်ဖို့ကိုလည်း စတင်ဆွေးနွေး နေပြီ ဖြစ်ပေရာ အကောင်အထည် ပေါ်လာတဲ့အခါ MPDP ရေနက်ဆိပ်ကမ်းဟာ တရုတ်ပြည်အတွက် ပို့ကုန်သွင်းကုန်တွေကို ကိုင်တွယ်ပေးပြီး ကုန်လမ်းမှ တရုတ်ပြည် ချိတ်ဆက် ထားမှာ ဖြစ်လို့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးအချက်အချာ ရေနက်ဆိပ်ကမ်းတစ်ခုလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။