MSC က ကွန်တိန်နာသင်္ဘော အသစ် အစီး ၂၀ တရုတ်သင်္ဘောကျင်းမှာ ထပ်မံမှာကြား
တင်ဆောင်နိုင်တဲ့ TEU ပမာဏအရ ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာသင်္ဘောလိုင်း Mediterranean Shipping Co(MSC) က သင်္ဘောကျင်းများမှာ အသစ်တည်ဆောက်ပေးဖို့ မှာကြားထားတဲ့ ကွန်တိန်နာ သင်္ဘောများရဲ့ စုစုပေါင်း TEU ပမာဏ ၂ သိန်းနီးပါး ရှိလာပြီလို့ Alphaliner က အချက်အလက် ထုတ်ပြန်ပါတယ်။
MSC က နောက်ထပ် ထပ်မံမှာကြားတဲ့ ကွန်တိန်နာသင်္ဘောများကို တရုတ်နိုင်ငံရှိ Jiangsu New Times Shipbuilding ကို ရွေးချယ်ခဲ့ပါတယ်။
မှာကြားထားတဲ့ ကွန်တိန်နာသင်္ဘောတွေ အားလုံး MSC လက်ထဲ ရောက်ရှိတဲ့အခါ MSC မှာ စုစုပေါင်း TEU ၅ သန်း ကျော်သွားမှာ ဖြစ်ပြီး ကွန်တိန်နာသင်္ဘောလိုင်း သမိုင်းကြောင်းမှာ TEU ၅ သန်းကျော် ပထမဆုံးရောက်ရှိတဲ့ ကွန်တိန်နာသင်္ဘောလိုင်းအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူမှာ ဖြစ်ပါတယ်။
ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့မှာ အခြေစိုက်ထားတဲ့ MSC က 8,100 TEU ကွန်တိန်နာသင်္ဘော ၁၀ စီး၊ 11,400 TEU ကွန်တိန်နာသင်္ဘော ၁၀ စီးကို အသစ်တည်ဆောက်ပေးရန် Jiangsu New Times Shipbuilding ထံ မှာကြားထားပါတယ်။ ကွန်တိန်နာသင်္ဘော အစီး ၂၀ စလုံးကို ၂၀၂၄ နှင့် ၂၀၂၅ မှာ ပေးအပ်ရမှာ ဖြစ်ပါတယ်။ ကွန်တိန်နာသင်္ဘောများမှာ LNG ကိုပါ သုံးနိုင်မယ့် လောင်စာ ၂ မျိုးသုံး အင်ဂျင်များ တပ်ဆင်ပါမယ်။
ကွန်တိန်နာသင်္ဘောတွေအတွက် ကျသင့်ငွေ ပမာဏကို ထုတ်ပြန်ကြေညာခြင်း မပြုပါဘူး။
MSC က Jiangsu New Times Shipbuilding သင်္ဘောကျင်းမှာ ယခင်က 7,000 TEU ကွန်တိန်နာသင်္ဘော ၁၄ စီး မှာကြားထားပါသေးတယ်။
Alphaliner ရဲ့ အချက်အလက်များအရ MSC မှာ ကွန်တိန်နာသင်္ဘော ၁၁၁ စီး ရှိနေပြီး စုစုပေါင်း TEU ၁.၄၅ သန်း ရှိပါတယ်။
နှိုင်းယှဉ်ကြည့်ရင် စင်ကာပူနိုင်ငံ အခြေစိုက် ဂျပန်ကွန်တိန်နာသင်္ဘောလိုင်းဖြစ်ပြီး ကမ္ဘာ့ သတ္တမ အကြီးမားဆုံး ကွန်တိန်နာလိုင်း Ocean Network Express (ONE) လက်ထဲ ရှိတဲ့ကွန်တိန်နာသင်္ဘောများရဲ့ စုစုပေါင်း TEU နှင့် မတိမ်းမယိမ်း ဖြစ်ပါတယ်။
#MyanmarLogisticsGuide
Telegram Channel
MLG