Local Industry

မြန်မာဘာသာဖြင့်သာ ဖော်ပြတော့မည့် ကုန်ပစ္စည်းအညွှန်းများ

မြန်မာဘာသာဖြင့်သာ ဖော်ပြတော့မည့် ကုန်ပစ္စည်းအညွှန်းများ google

          လာမည့်နှစ် ဧပြီလနောက်ပိုင်းတွင် ဈေးကွက်အတွင်းရှိ ပြည်တွင်း၊ ပြည်ပ ထုတ်ကုန်ပစ္စည်းများ၏သုံးစွဲမှုဆိုင်ရာသတင်းအချက်အလက်များကို မြန်မာဘာသာဖြင့် ဖတ်ရှုရတော့မည်ဖြစ်သည်။

 

          စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်များ စသဖြင့် အများပြည်သူသုံးစွဲမှု များပြားသောပြည်တွင်း၊ ပြည်ပထုတ် ကုန်ပစ္စည်းများ၏ သုံးစွဲမှုဆိုင်ရာသတင်းအချက်အလက်များကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာနှင့်တွဲလျက် ဖြစ်စေ ဖော်ပြရန်စားသုံးသူ အကာအကွယ်ပေးရေးဗဟိုကော်မတီက အောက်တိုဘာ ၂၆ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

          ကြေညာချက်အရ စီးပွားရေးလုပ်ငန်းများသည် ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ ဆောင်ရွက်ရာတွင် စားသုံးသူဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် သုံးစွဲမှုအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုး ဆိုသောအချက်လေးချက်ကို မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ သို့မဟုတ် မြန်မာနှင့် အခြားဘာသာတွဲလျက် ဖော်ပြရမည်ဟု သတ်မှတ်လိုက်သည်။ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသော၊ ပြည်ပမှတင်သွင်းရောင်းချသော ကုန်ပစ္စည်းများအားလုံးတွင် အကျုံးဝင်မည်ဖြစ်ပြီး ကြေညာချက်ထုတ်ပြန်သည့်နေ့ (အောက်တိုဘာ ၂၆ ရက်)မှ စ၍ ခြောက်လပြည့်မြောက်သည့်နေ့တွင် အဆိုပါအမိန့်ကြေညာချက်သည် စတင် အာဏာသက်ရောက်မည်ဖြစ်သည်။

 

          စားသုံးသူအကာအကွယ်ပေးရေးဥပဒေအား ၂ဝ၁၄ ခုနှစ်တွင် ပြဌာန်းပြီးနောက် လေးနှစ်အကြာတွင် ဥပဒေပါလုပ်ပိုင်ခွင့်အရ အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချနေသောကုန်ပစ္စည်းအမျိုးမျိုးတွင် ပြည်တွင်းထုတ်ကုန်များအနေဖြင့် မြန်မာဘာသာဖြင့် သုံးစွဲမှုဆိုင်ရာ အချက်အလက် အပြည့်အစုံဖြင့်ဖော်ပြသော ကုန်စည်များရှိသလို အချက်အလက်အပြည့်အစုံ ဖော်ပြထားခြင်းမရှိသော ကုန်စည်အချို့လည်း ရှိနေသည်။ထို့ပြင် ပြည်ပမှ ကုန်စည်အချို့သည်လည်း အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြမှုများရှိသလို အခြားသော ဘာသာစကားများဖြင့် ဖော်ပြထားသော ကုန်စည်အချို့လည်း ရှိနေသည်။ စားသုံးသူများအနေဖြင့် ကုန်စည်ပါဖော်ပြချက်များကို တိကျစွာသိရှိခြင်းမရှိဘဲ သုံးစွဲလျက်ရှိသည်။ ကုန်စည်ပါသုံးစွဲမှုဆိုင်ရာ အချက်အလက် အပြည့်အစုံမရှိခြင်းနှင့် မြန်မာဘာသာမဟုတ်သော အခြားဘာသာစကားများဖြင့် ဖော်ပြခြင်းတို့ကြောင့် စားသုံးသူများနားလည်ရန် ခက်ခဲလျက်ရှိသော အခြေအနေများအပေါ် ယခုကဲ့သို့ အစိုးရ၏ အမိန့်ဖြင့်ဖြေရှင်းလာနိုင်ရန် မျှော်လင့်လျက်ရှိကြသည်။

 

          ''ရေရှည်မှာ စားသုံးသူတွေအကျိုးရှိဖို့ရော၊ ဥပဒေအရပါ ဒီအမှတ်တံဆိပ်နဲ့ဆိုင်တဲ့ သတင်းအချက်အလက်အပြည့်အဝရဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ အန္တရာယ်ရှိတာတစ်ခုက အပြင်မှာတော့ သေချာလုပ်ထားပြီး အထဲပစ္စည်းက မကောင်းဘဲနဲ့ဖြစ်ဖြစ်၊ အတုဖြစ်နေတာပဲဖြစ်ဖြစ်၊ ဒီလိုတွေနဲ့ စားသုံးသူကို လိမ်လည်လှည့်ဖျားတာတွေ ရှိမှာကိုတော့ စိုးရိမ်နေတုန်းပဲ'' ဟု မြန်မာစားသုံးသူများသမဂ္ဂမှအတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီမှ စားသုံးသူ ဘေးကင်းလုံခြုံရေးအတွက် ဦးစားပေး ကုန်စည်အုပ်စု ကိုးခုကို တစ်ဆက်တည်းထုတ်ပြန်ခဲ့ပြီး အစားအသောက်၊ အိမ်သုံးပစ္စည်း၊ ကလေး အသုံးအဆောင်ပစ္စည်း၊ ဆက်သွယ်ရေးသုံးပစ္စည်း၊ ဆေးဝါးနှင့်ဖြည့်စွက်စာ၊ ဓာတုပစ္စည်း၊ အလှကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းဟူ၍ ဖြစ်သည်။ အဆိုပါကုန်စည် ကိုးအုပ်စုအောက်တွင် ပစ္စည်းအမျိုးအစားများအလိုက် ထပ်မံပါဝင်သည်။

 

          သုံးစွဲပုံနှင့် ပတ်သက်သော သတင်းအချက်အလက်၊ ညွှန်ကြားချက်များကို ကြိုတင်ရိုက်နှိပ်ထားခြင်း၊ ကြေညာချက်ပါ အချက် လေးချက်အတိုင်း ပြန်လည် ဆောင်ရွက်ရမည်ဖြစ်ခြင်းတို့ကြောင့် ပြည်တွင်း၊ ပြည်ပကုန်စည်များ ထုတ်လုပ် ဖြန့်ဖြူးသူ အချို့အတွက်မူ အခက်တွေ့လျက်ရှိသည်ဟု လုပ်ငန်းရှင်အချို့က ပြောသည်။''အမျိုးအစားပေါ်မှာလိုက်ပြီး တစ်ခုနဲ့တစ်ခု မတူညီတာတွေရှိတော့ သတ်မှတ်ချက်အတိုင်း ကိုက်ညီအောင်လိုက်ရေးဖို့မှာ အခက်အခဲနည်းနည်းရှိတယ်။ မကိုက်ညီပြန်ရင်လည်း အရေးယူခံရနိုင်တယ်။ ဒါကြောင့် ကုန်ပစ္စည်းအမျိုးအစားအလိုက် သီးခြားညွှန်ကြားချက်လိုမျိုးတွေထုတ်ပေးနိုင်ဖို့ ညှိနှိုင်းဖို့ ပြင်ဆင်နေပါတယ်။ ဒါက ကမ္ဘာနဲ့ချီပြီး ကျင့်သုံးနေတဲ့ကိစ္စလည်း ဖြစ်တယ်။ မြန်မာမှာတော့ အခုမှ စကျင့်သုံးဖို့ လုပ်တာဆိုတော့ အခက်အခဲတွေရှိမှာပါ။ ဒါပေမဲ့ ဒါက ဘေးကင်းတဲ့အစားအသောက်ဖြစ်ဖို့ အရေးကြီးတဲ့ကိစ္စဖြစ်တော့ အားလုံး ပူးပေါင်းပါဝင်ဖို့လိုပါတယ်''ဟု မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဒုဥက္ကဌ ဦးစိန်သောင်းဦးက ပြောသည်။

 

          ကုန်စည်များတွင်ဖော်ပြရမည့် သုံးစွဲမှုအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုး စသောအချက်လေးချက်ကို ဆောင်ရွက်ရာတွင် ပစ္စည်းအမျိုးအစားအလိုက် တစ်ခုနှင့်တစ်ခုနှင့် မတူညီခြင်းကြောင့် ဆောင်ရွက်ရန် အခက်အခဲဖြစ်လျက်ရှိသည်။''ကျွန်တော်အမြင်ပြောရရင် ဒီအချက်လေးချက်က ယေဘုယျဆန်နေတယ်။ အားလုံးအကြုံးဝင်အောင် ထုတ်ထားသလိုဖြစ်တော့ စားသောက်ကုန်နဲ့ အီလက်ထရွန်းနစ်ပစ္စည်းက သဘောချင်းမှ မတူတာ၊ စားသုံးသူကို ကာကွယ်ဖို့က အဓိကလေ။ ကုန်ပစ္စည်းအလိုက် ဒီထက်ပိုပြီး အသေးစိတ်ကျတဲ့ အချက်တွေ ပါစေချင်တယ်''ဟု ဧရာဝတီမြေပဲဆီ ထုတ်လုပ်ရောင်းချနေသူ ဦးခင်စိုးက မှတ်ချက်ပြုသည်။

 

          ''ဖော်ပြချက်တွေက မှန်ကုန်မှု ရှိမရှိဆိုတာ သက်ဆိုင်ရာဌာနတွေက စိစစ်သွားမယ်။ အင်္ဂလိပ်စာကို မြန်မာလိုပြောင်းရင်လည်း မှန်မမှန် စတာတွေက သက်ဆိုင်ရာဌာနတွေရဲ့ အတည်ပြုချက်ယူရမယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က ဆိုသည်။အဆိုပါဆောင်ရွက်ချက်သည် မြန်မာနိုင်ငံတွင် အမှတ်တံဆိပ် ဥပဒေမထွက်ပေါ်လာသေးသောအချိန်တွင် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအရတစ်ဖက်တစ်လမ်းမှထိန်းချုပ်သော အခြေအနေတစ်ရပ်ဖြစ်သည်ဟု ၄င်းက ပြောသည်။ထို့ပြင် ယခုဆောင်ရွက်ချက်သည် စားသုံးသူ ဘေးကင်းရေးအတွက် ဆောင်ရွက်ခြင်းအပြင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက်ပါ တစ်စိတ်တစ်ပိုင်း အထောက်အပံ့ဖြစ်ရန် ရည်ရွယ်နေသည်။

 

          ''ဈေးကွက်ထဲမှာ တရားဝင်လမ်းကြောင်းက ဖြတ်သန်းလာတဲ့ သတ်မှတ်ကုန်ပစ္စည်းတွေက မြန်မာဘာသာနဲ့ဖော်ပြထားရမယ်၊ တကယ်လို့ မြန်မာဘာသာနဲ့ မဖော်ပြထားဘူးဆိုရင် တရားဝင်လမ်းကြောင်းကို မဖြတ်သန်းလာတဲ့အတွက် တရားမဝင်ကုန်ပစ္စည်းသဘော ဖြစ်သွားမယ်။ ဒါက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် အကောက်ခွန်မဟုတ်တဲ့ အတားအဆီးတစ်ခုလည်း ဖြစ်ပါတယ်''ဟု ဦးခင်မောင်လွင်က ပြောသည်။''တရားမဝင်တင်သွင်းတာများတော့ အမှတ်တံဆိပ်နဲ့ပတ်သက်တာကို ကောင်းကောင်းလုပ်ပြီး စနစ်တကျ မှတ်ပုံတင်လိုက်မယ်ဆိုရင် တရားမဝင် ကုန်ပစ္စည်းကိစ္စတွေလည်း ထိန်းသိမ်းပြီးသားဖြစ်သွားမယ်''ဟု မြန်မာစားသုံးသူများ သမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။မြန်မာနိုင်ငံ၏ အင်အားကြီးရုပ်သံလိုင်းတစ်ခုဖြစ်သည့် Forever Group ပိုင် 4TV က မူလက 4TV HD Package ဟူသည့် ရုပ်သံအစီအစဉ်ကို ထုတ်လွှင့်ပြသခဲ့သည်။ သို့သော်မကြာသေးမီက Forever Group နှင့် ပြင်သစ်အခြေစိုက် CANAL+ တို့ ဖက်စပ်လုပ်ငန်း ထောင်လိုက်ပြီးနောက် ယခင်ပြနေကျ ရုပ်သံအစီအစဉ်များအစား အခြားရုပ်သံလိုင်းများကို အစားထိုးပြသခဲ့သည်။

 

အဆိုပါရုပ်သံလိုင်း ဝယ်ယူထားသူများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အခြား ရုပ်သံလိုင်းအသစ်တစ်ခုကို ပြောင်းလဲထုတ်လွှင့်ခဲ့ခြင်းကြောင့် ရုပ်သံလိုင်းဝယ်ယူထားသူများမှ မကျေနပ်၍ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုများ ဖြစ်ပေါ်ခဲ့သည်။အစိုးရ၏ စားသုံးသူရေးရာ ဦးစီးဌာနကလည်း မကြာမီထိုကိစ္စကို တုံ့ပြန်ဆောင်ရွက်ခဲ့သည်။ အဆိုပါဌာနက Forever Group နှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ ရုပ်သံကုမ္ပဏီဘက်မှ အစီအစဉ်သစ်များကို မကြည့်လိုသော စားသုံးသူများကို ရုပ်သံဖမ်းယူစက်တန်ဖိုးငွေနှင့် ကျန်ရှိသောကြည့်ရှုခငွေများ ပြန်အမ်းပေးမည်ဆိုသော အဖြေထွက်ခဲ့သည်။

 

          ယခုနှစ်အစောပိုင်းက ဖြစ်ခဲ့သော အဆိုပါကိစ္စကြောင့် နိုင်ငံအတွင်း စားသုံးသူအခွင့်အရေးသည် ပိုမိုနိုးကြားလာခဲ့သော်လည်း ပြည်သူများအတွင်း စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာအားနည်းမှုအပြင် အစိုးရပိုင်းမှဆောင်ရွက်မှုများနှင့်ပတ်သက်၍ စိန်ခေါ်မှုများစွာ ရှိနေသေးသည်။အဓိကအခက်အခဲတစ်ခုသည် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ ၂ဝ၁၄ အရ စားသုံးသူက တိုင်ကြားမှသာလျှင် တရားစွဲ အရေးယူနိုင်မည်ဖြစ်ပြီးသက်ဆိုင်ရာဌာနအနေဖြင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့်မရှိပေ။ အတည်ပြုရန် ကြိုးပမ်းလျက်ရှိသော ဥပဒေသစ်၏ မူကြမ်းတွင်မူ စားသုံးသူရေးရာ ပြဿနာများကို စားသုံးသူဘက်မှ မတိုင်သော်ငြားလည်း စားသုံးသူရေးရာဦးစီးဌာနက တရားလိုပြုလုပ်ပြီး အမှုဖွင့် တရားစွဲဆိုနိုင်မည်ဟုဆိုသည်။ သို့သော် ဥပဒေအသစ်မှာ အတည်မပြုနိုင်သေးဘဲ လွှတ်တော်တွင် ဆွေးနွေးနေဆဲအဆင့်သာ ရှိသေးသည်။

 

          ကုလသမဂ္ဂက စားသုံးသူအခွင့်အရေးအတွက် အချက်ရှစ်ချက် သတ်မှတ်ထားပြီး ကုန်စည်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိခြင်း၊ မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များရရှိခြင်း၊ စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရရှိခြင်း၊ နစ်နာချက်များကို တင်ပြခွင့်နှင့် ဖြေရှင်းခွင့်ရရှိခြင်း၊ ဆုံးရှုံးနစ်နာမှုများကို ကုစားမှုရရှိစေခြင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သက်သည့်အသိပညာများ၊ အချက်အလက်များ သိရှိလေ့လာခွင့်ရှိခြင်း၊ ဖွံ့ဖြိုးတိုးတက်သည့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်သည့် အခွင့်အရေးရရှိခြင်းတို့ ဖြစ်သည်။

 

Source : myanmar time

Read times
Rate this item
(1 Vote)