Local Industry

ခရက်ဒစ်ကတ်များကိုအတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိ တိုးကောက်ရန်ပြင်ဆင်

ခရက်ဒစ်ကတ်များကိုအတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိ တိုးကောက်ရန်ပြင်ဆင် google

             အကြွေးဝယ်ကတ် (ခရက်ဒစ်ကတ်) များသည် အာမခံပစ္စည်းမဲ့ ချေးငွေအမျိုး အစားဖြစ်သည့်အတွက် တစ်နှစ်စာအတိုးနှုန်းကို ၁၆ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံရန် ဘဏ်များက ပြင်ဆင်လျက်ရှိကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်းထံမှ သိရသည်။

 


             လက်ရှိတွင် လစဉ်ပုံမှန်ဝင်ငွေရှိသူ တစ်ယောက်အနေနှင့် ခရက်ဒစ်ကတ်ကို လျှောက်ထားနိုင်ကာ အဆိုပါကတ်ဖြင့် ပစ္စည်းဝယ်နိုင်သကဲ့သို့ ငွေသားလည်း ထုတ်ယူသုံးစွဲနိုင်ကြောင်း၊ ခရက်ဒစ်ကတ် ကိုင်ဆောင်သူသည် ချေးငွေကို ၄၅ရက် အတွင်း ပြန်လည်ဆပ်နိုင်ပါက အတိုးပေးစရာမလိုကြောင်း၊ သို့သော် သတ်မှတ်ရက်ကျော်မှ ပြန်လည်ဆပ်မည်ဆိုပါက အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ပေးရမည်ဖြစ်ကြောင်း ဘဏ်များထံမှ သိရသည်။“တကယ်တော့ ၂၀ ရာခိုင်နှုန်းလောက်မှကို ဒီကအခြေအနေနဲ့ကိုက်တာ။ ချေးငွေက ပြန်မဆပ်နိုင်ရင် ဘဏ်တွေအတွက် ဆုံးရှုံးနိုင်ခြေပမာဏ များတယ်။ ဗဟိုဘဏ်က အတိုးနှုန်းဘောင်ကို ဒီလိုမျိုးဖြေလျှော့ပေးလိုက်တော့ ဘဏ်တွေအတွက် လုပ်သာကိုင်သာ ရှိပါတယ်။ အတိုးနှုန်းကတော့ တစ်ဘဏ်နဲ့ တစ်ဘဏ် မတူနိုင်ပါဘူး”ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

 

             မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အာမခံပစ္စည်းမဲ့ချေးငွေများအပေါ်တွင် အတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိ ကောက်ခံခွင့်ကိုဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်၍ လုပ်ဆောင်နိုင်စေရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။အာမခံပစ္စည်းများအပေါ် မှီခို၍ ငွေချေးခြင်းသည် ယင်းပစ္စည်းများ၏ ဈေးကွက်ပျက်ပါက ဘဏ်များတွင် ရိုက်ခတ်မှုရှိပြီးငွေကြေးများဆုံးရှုံးနိုင်ကြောင်း၊ နိုင်ငံခြားဘဏ်များလည်း ဝင်လာသည့်အတွက် ပြည်တွင်းဘဏ်များ ချေးငွေဈေးကွက်ကျယ်ပြန့်လာစေရန်ရည်ရွယ်၍ အာမခံပစ္စည်းမဲ့ ငွေချေးခြင်းကို ခွင့်ပြုခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။


             ခရက်ဒစ်ကတ်ဖြင့် ပစ္စည်းဝယ်ယူသည့်အခါ ပေးရသည့်အတိုးနှုန်းမှာ သက်သာပြီး ငွေသားထုတ်ယူသုံးစွဲလျှင် ပေးရသည့်အတိုးနှုန်းမှာ ပို၍များပြားကြောင်း၊ လက်ရှိအတိုးနှုန်းပေါ်တွင် ပို၍အတိုးနှုန်း တက်မည်ဆိုပါက သုံးစွဲသူများတွင် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ကြောင်း ကုမ္ပဏီဝန်ထမ်း ဦးသီဟက ပြောကြားသည်။“အတိုးနှုန်းက ပုံမှန်လည်းများတယ်။ ကတ်ကနေ ငွေများများချေးရတဲ့သူတွေက ဝင်ငွေကောင်းတဲ့သူတွေပဲရတာပါ။ နောက်ကျကြေးတွေလည်း များတယ်။ အတိုးနှုန်းလည်းများတယ်ဆိုရင် သုံးတဲ့ သူတွေနည်းသွားလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

 

             အကြွေးဝယ်ကတ်များသည် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှ ပြည်တွင်း၌ပေါ်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် သုံးစွဲသူအရေအတွက်မှာ တစ်သန်းပင် မပြည့်သေးကြောင်း Myanmar Payment Union (MPU) ၏ စာရင်းများအရ သိရသည်။

 

Source : The Voice

Read times
Rate this item
(1 Vote)