Local Industry

သင်္ဘောသား အတက်အဆင်းကိစ္စ သင်္ဘောသား မဟုတ်သူများပါ မြန်မာ့ပင်လယ်ပျော်များအဖွဲ့ချုပ်မှ ကူညီမည်

ယခုကိုဗစ်ကာလ မှာ မြန်မာသင်္ဘောသားတွေ အနေနဲ့ အခက်အခဲ အတော်လေး ကြုံနေတာကိုတွေ့ရပါတယ်။ ပြန်လာနိုင်ဖို့ အခွင့်အရေးဝေး သင်္ဘောပေါ်မှာ စားနပ်ရိက္ခာ ပြတ်လပ်ကာ လစာမရဘဲ အတော်လေး အခက်ကြုံနေကြရသူတွေ ရှိနေပါတယ်။ တချို့ သင်္ဘောသားတွေဆိုရင် စိတ်ပျက်လက်ပျက်နဲ့ ဘဝကို အရှုံးပေးကာ ပင်လယ်ထဲမှာပဲ ၎င်းတို့ အနေနဲ့ ရေကြောင် ကြောင်ကာ ဆုံးစီရင်သွားတာမျိုးတွေ ရှိနေတယ်လို့ မီဒီယာတွေမှာ ဖော်ပြကြတယ်။

ယခုဆိုရင်တော့ နိုင်ငံတကာရေကြောင်း အဖွဲ့အစည်းတော်တော်များများက သင်္ဘောသားတွေဘက်က အပြည့် အ၀ ရပ်တည်ကာ ဆောင်ရွက်ပေးနေသလို မြန်မာပြည်မှာဆိုရင်လည်း မြန်မာသင်္ဘောသားများရဲ့ ကိုဗစ်နောက်ဆက်တွဲ ဒဏ်တွေဖြစ်တဲ့ သင်္ဘောပေါ်မှာ စားနပ်ရိက္ခာ ပြတ်လပ်ခြင်း၊  လစာမရဘဲ သင်္ဘောတွင် ဆက်လက်လုပ်ကိုင်နေရခြင်း ၊ စာချုပ်ပြည့်သော်လည်း အိမ်ပြန်ခရီး စီမံ မပေးခြင်းကိစ္စများ အပေါ် မြန်မာ သင်္ဘောသားများဘက်မှ လွတ်လပ်သော မြန်မာနိုင်ငံ ပင်လယ်ပျော်များ အဖွဲ့ချုပ် ( Independent Federation Of Myanmar Seafarers - IFOMS ) က ပင်လယ်ထဲမှာ အခက်အခဲဖြစ်နေသော မြန်မာသင်္ဘောသားများကို အစွမ်းကုန် ညီအကိုရင်းချာသဖွယ် ကူညီပေးနေတယ်သိရပါတယ်။

 

 

Image may contain: 3 people

 

အခမဲ့ကူညီ

------------

 

လွတ်လပ်သော မြန်မာ နိုင်ငံ ပင်လယ်ပျော်များ အဖွဲ့ချုပ် ( IFOMS )  ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ပြီး အလုပ်သမား ဝန်ကြီးဌာန ကနေပြီး တရားဝင် အသိမှတ် ပြုပေးခဲ့တယ်သိရပါတယ်။ IFOMS  အဖွဲ့မှာ ထိုနေ့က စတင်ကာ သင်္ဘောသားများ အခက်အခဲကိစ္စ ၊ ဆုံးရှုံးမှုကိစ္စ ၊ သေဆုံးမှုကိစ္စတွေ  လုပ်ငန်းခွင်မှာ ဒဏ်ရာ ပြီး လျော်ကြေးမရတဲ့ ကိစ္စတွေ ၊ သင်္ဘောပေါ်မှာ တာဝန်ထမ်းနေလျက်နဲ့ လစာ မရတဲ့ ကိစ္စတွေ ၊ စာချုပ်ပြည့်ပြီး နေရပ်ပြန်လိုတဲ့ ကိစ္စတွေကို သင်္ဘောသားများ စိတ်ဓာတ်မကျ စေရန် IFOMS အဖွဲ့မှ အခကြေးငွေ တစ်ပြားသားမှ မယူပဲ ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။

 

သင်္ဘောသားအနေနဲ့ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတာမျိုး သို့မဟုတ် သင်္ဘောသား သေဆုံးသွားပါကလည်း သူ့မိသားစု မှ လာအကြောင်းကြား အကူအညီတောင်းနိုင်သလို ၊ အခက်အခဲ တစ်စုံတစ်ရာ ရှိပါကလည်း သူ့မိသားစုမှ သင်္ဘောသားကိုယ်စား အကူအညီတောင်းနိုင်ပါတယ်။ IFOMS  အနေနဲ့ကတော့ အမှုဖွင့်ပြီး ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ သင်္ဘောသား အနေနဲ့ ဆိုရင်တော့ ၎င်းအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်စရာမလိုပါဘူး။ ၎င်းအဖွဲ့မှ သင်္ဘောသားရဲ့ ကျန်ခဲ့တဲ့ မိသားစုအတွက် ကူညီဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

 

 ၂၀၁၅ ခုနှစ်ထဲက ၎င်းကိစ္စရပ်များကို ကူညီပြီး ဆောင်ရွက်ပေးတာဖြစ်ပြီး ၎င်းနှစ်အတွင်းမှာ တိုင်ကြားတဲ့ အမှုပေါင်း ၅၆ မှုမှာ IFOMS အနေနဲ့ ၄၆ မှုကို ဆောင်ရွက်ပေးခဲ့တယ်သိရပြီး ထိုသို့ဆောင်ရွက်ရာတွင် သင်္ဘောသားနှင့် သင်္ဘောသား မိသားစုကို လျော်ကြေးတွေ၊ လစာလက်ကျန်တွေနဲ့ သင်္ဘောသားများ နစ်နာဆုံးရှုံးမှုတွေကို ဆောင်ရွက်ပေးခဲ့တာမှာ စုစုပေါင်း  အမေရိကန် ဒေါ်လာ ၉သိန်းကျော်ပြန်ရအောင် ဆောင်ရွက်ပေးခဲ့တယ်။ 

 

၂၀၁၆ ခုနှစ်မှာ အမှုပေါင်း ၆၇ ခုလာတိုင်ခဲ့ပြီး အမှုပေါင်း ၅၀ ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ သင်္ဘောသားများရဲ့ နစ်နာဆုံးရှုံမှုအတွက် လျော်ကြေး ၊ လစာလက်ကျန် အစရှိတာတွေ စုစုပေါင်း အမေရိကန် ဒေါ်လာ နှစ်သန်းနဲ့ ကိုးသိန်းကျော်ပြန်ရအောင် ဆောင်ရွက်ကာ လက်ဝယ်ကို အရောက်ပေးခဲ့တယ်သိရပါတယ်။ 

 

၂၀၁၇ ခုနှစ်မှာဆိုရင် အမှုပေါင်း ၉၀ ကို ဆောင်ရွက်ပေးခဲ့ပြီး ဖြေရှင်းပြီးတဲ့ အမှုပေါင်း ၄၉ မှု ရှိခဲ့ပါတယ်။ သင်္ဘောသားများရဲ့ နစ်နာဆုံးရှုံးမှုအတွက် အမေရိကန် ဒေါ်လာ ၇ သိန်းကျော်ပြန်ရအောင် ဆောင်ရွက်ကာ လက်ဝယ်ကို အရောက်ပေးခဲ့တယ်လို့ သိရပါတယ်။ 

 

၂၀၁၈ ခုနှစ်မှာဆိုရင် အမှုပေါင်း ၁၃၀ ဆောင်ရွက်ပေးခဲ့ပြီး ၇၃ မှုကို ဖြေရှင်းပေးနိုင်ခဲ့တယ်။  အမေရိကန်ဒေါ်လာ ခုနှစ်သိန်းရှစ်သောင်းကျော် သင်္ဘောသားလက်ဝယ်ရောက်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။

 

၂၀၁၉ ခုနှစ်မှာတော့ လာတိုင်တဲ့ အမှု၈၀ မှာ ဖြေရှင်းပြီးတဲ့ အမှုပေါင်း ၅၀ မှာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ သိန်းကျော် သင်္ဘောသားများရဲ့ မိသားစုလက်ဝယ်ကို ပေးခဲ့ပါတယ်။

 

အခု ၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၃၀ ထိ အဖွဲ့ချုပ်ကို တိုင်ကြားတဲ့ အမှုပေါင်း ၃၇ မှု ရှိခဲ့ပြီး ဖြေရှင်းပြီးတဲ့ အမှုက ၂၂ မှု ရှိပါပြီ။ ဆက်လက် လုပ်ဆောင်ဆဲက ၁၅ မှု ရှိပါတယ် သင်္ဘောသားများကို နစ်နာကြေး အမေရိကန်ဒေါ်လာ နှစ်သိန်းသုံးသောင်းကျော် ရအောင် ကူညီပေးခဲ့ပါတယ်။

 

စာရင်းချုပ်ကြည့်ရင် ၂၀၁၅ ခုနှစ်မှ ယခုအချိန်အထိ စုစုပေါင်း အမေရိကန် ဒေါ်လာ ၆ သန်းကျော်ကို သင်္ဘောသားနဲ့ သင်္ဘောသား မိသားစုလက်ဝယ်ကို ထည့်ပေးနိုင်ခဲ့ပါတယ်။

 

 

 

 

ပြန်လာနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်

---------------------------------------------

 

အထူးသဖြင့် IFOMS မန်ဘာများကို ဦးစားပေးဆောင်ရွက်တာပါ။ အခုကိုဗစ်ဖြစ်တဲ့အချိန်မှာ စာချုပ် သက်တမ်းကျော်နေလို့ အဖွဲ့ဝင်တွေ လာတိုင်ပါတယ်။ ၎င်းလာတိုင်တဲ့ ကိစ္စရပ်မှာ IFOMS အဖွဲ့ အနေနဲ့ လူရွေးပြီး လုပ်ဆောင်ရတာမို့  ဦးစားပေးရွေးချယ်ရပါတယ်။ ဦးစားပေးရွေးတယ်ဆိုတာကတော့ သင်္ဘောသားရဲ့ အခြေအနေကို ကြည့်တယ်။ ကျန်းမာရေး မကောင်းတဲ့သင်္ဘောသားတွေကို ဦးစားပေးရပါတယ်။ ပနားမားမှာတစ်ယောက် ၊ ကိုရီးယားမှာ တစ်ယောက် ၊ တရုပ်ပြည်မှာ တစ်ယောက် နိုင်ငံတကာ သင်္ဘောစစ်ဆေးရေးကို အကြောင်းကြားလိုက်တယ်။

 

၎င်းသင်္ဘောသားက မကျန်းမာပါဘူး သူ့ကို ဆွဲချ ပါ ဆေးရုံပို့ပေးပါ ထို့အပြင် အဲဒီကနေ မြန်မာနိုင်ငံကို ပြန်မဲ့ လေယာဉ်  relief flight / special flight တွေနဲ့ ချိတ်ဆက်ပြီးဆောင်ရွက်ရပါတယ်။ ထိုကိစ္စရပ်တွေ ဆောင်ရွက်စဉ် သင်္ဘောသားဌာ ခွဲကိုလည်း အကြောင်းကြားရပါတယ်။ MFESS ( Medical Examination (Seafarers) ) သင်္ဘောသား ကျန်းမာရေး စစ်ဆေးခြင်းဌာနကိုလည်း ညှိနှိုင်းအကြောင်းကြားပြီး လုပ်ဆောင်ရပါတယ်။

 

သူတို့က နိုင်ငံခြားရေးရုံးကို အကြောင်းကြား ၊ အဲ့ကမှ သံရုံးကို အကြောင်းကြား အဆင့်ဆင့် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ လေယာဉ်ခရီးစဉ် လိုက်ပါခွင့်စာရင်းထဲ အဲဒီသင်္ဘောသားရဲ့ နာမည်ပါအောင်ကြိုးစားပေးရတယ် ရေကြောင်းအဖွဲ့အစည်းတွေ ဌာနဆိုင်ရာတွေတိုင်းက ဝိုင်းဝန်းလုပ်ဆောင်ကြရပါတယ်။

 

ယခုဆိုရင် နိုင်ငံခြားမှာ သင်္ဘောလိုက်နေတဲ့သူတွေ အနေနဲ့ဆို ဦးရေ တစ်သောင်းခွဲလောက်ရှိပါတယ်။ ၎င်းတစ်သောင်းခွဲမှာ ကန်ထရိုက်သက်တမ်း ကျော်နေတဲ့သူက လေးထောင်လောက် ရှိနေပြီး ၎င်းတို့ အိမ်ပြန်လာနိုင်ဖို့အတွက်  ကုမ္ပဏီတွေ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတော်နဲ့ ညှိပြီးတော့ စတင်ကူညီဆောင်ရွက်ပေးနေတယ်လို့  သိရပါတယ်။ သင်္ဘောသား သီးသန့် ကူညီဆောင်ရွက်နေတာဖြစ်ပြီး နေရပ်ပြန်မပို့ခင်မှာ ၂၁ ရက် Quarantine  ဝင်ခိုင်းပါတယ်။

 

လောလောဆယ်မှာ ကော့သောင်းဘက်ကနေသင်္ဘောသားတွေကို Quarantine ဝင်ခိုင်းပြီး သူတို့ကျန်းမာအောင်နေခိုင်းပြီး နေရပ်ကို ကားနဲ့ ပြန်ခေါ်ပေးနေပါတယ် ။ တကယ်လို့ ကော့သောင်းမှာ ဟော်တယ်တွေ ပြည့်နေရင် အခြားမြို့ဖြစ်တဲ့  မြိတ်ကို ပို့ကောင်း ပို့ပါလိမ့်မယ်။ 

 

သင်္ဘောသားတွေကို Quarantine ဝင်ပြီး နေရပ်ပြန်ပို့တဲ့ Process မှာ အခြား သူတွေနဲ့ ရောထားလို့မရပါဘူး။ သင်္ဘောသားဆိုတာက ကျန်းမာရေး သိပ်ကောင်းတဲ့ သူတွေပါ။ သင်္ဘောသားတိုင်းဟာ သင်္ဘောမထွက်ခင် လည်း တစ်ကိုယ်လုံး ဆေးစစ်ပြီး ရောဂါကင်းမှ သင်္ဘောထွက်လို့ရတဲ့သူတွေပါ။ ဒါပေမဲ့လည်း အကြောင်းကြောင်းကြောင့် ကိုဗစ် ကူးစက်ခံထားရတာ ဖြစ်နေနိုင်တာမို့ ဂရုပြုရတယ်လို့ သိရပါတယ်။

 

 

Image may contain: 1 person, sitting and indoor

 

သင်္ဘောသား အတက်၊အဆင်းကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံပင်လယ်ပျော်များ အဖွဲ့ချုပ်အဖွဲ့မှ လက်ထောက် အထွေထွေ အတွင်းရေးမှုး ဦးညွှန့်ဝေက " ကျွန်တော်တို့ အနေနဲ့ ဇူလိုင်လ ၂၂ ရက်နေ့ ၂၀၂၀ က ရေကြောင်းအုပ်ချုပ်ရေး ဦး စီးဌာန (DMA ( DEPARTMENT OF MARINE ADMINISTRATION) ) ရုံးချုပ်မှာ ကျွန်တော်တို့အနေနဲ့  သင်္ဘောသား အတက်၊အဆင်းကိစ္စနဲ့ ပတ်သက်လို့ တာဝန်ယူ လုပ်ဆောင်ဖို့ ကော်မတီတစ်ရပ် အဖွဲ့ဖွဲ့စည်းရန် ပြောဆိုခဲ့ပါတယ်။ ၎င်းအဖွဲ့မှာ DMA ညွှန်ချုပ်က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ ထိမ်းဆောင်မယ် ၊ ဒုညွှန်ချုပ်က အတွင်းရေးမှူးဖြစ်မယ်၊ MFESS က ဒုဥက္ကဠ ဖြစ်မယ်။ ကျန်တဲ့ အဖွဲ့တွေက အမျိုးသားကျန်းမာရေးဌာန ၊ မြန်မာ့အမျိုးသားလေကြောင်းတို့က အဖွဲ့ဝင်အနေနဲ့ ပါမယ် '' လို့  Myanmar Logistics Guide အား ပြောကြားခဲ့ပါတယ်။

 

ထို့အပြင် ဦးညွှန့်ဝေက ဖြည့်စွက်ပြောပြခဲ့တာကတော့ '' ကျွန်တော်တို့ အနေနဲ့ စိတ်ပူနေတာ တစ်ခုပဲ ရှိပါတယ်။ မြန်မာ သင်္ဘောသားများ ကိုဗစ်ကာလမှာ အတက်အဆင်း မပြုလုပ်နိုင်ရန် ကိုဗစ်အပြီးမှာ ကမ္ဘာ့သင်္ဘောသား အလုပ်အကိုင်နယ်ပယ်မှာ မြန်မာလူမျိုးတွေ အလုပ်ရတာနည်းပါးသွားမှာ စိုးရိမ်ရပါတယ် သို့ပေမယ့် အခု သင်္ဘောလိုင်းကြီးတွေက ကြိုးစားပြီး ပို့ပေးနေကြတာတွေ့ရတယ်။ ဒါကလည်းအတော်ကောင်းပါတယ် "

'' အခုပြသနာတွေအဖြစ်များနေတာကတော့ ကြားလိုင်းတွေပါ ၊ ကြားလိုင်းကျတော့ 

ဟိုမှာက စာချုပ်တွေကလည်း သက်တမ်းလွန်နေပြီ ၊ ပြန်ကလည်းပြန်ချင်နေပြီ။ အဲ့တော့ သူတို့ ထွက်တဲ့ စာရင်းကို တောင်းပြန်တော့ သူတို့တွေက လေယာဉ်ကွင်းမှာ လက်ဝါးရိုက်ပြီး ဝင်သွားတာ၊ သူတို့က တရားဝင်သွားတာ မဟုတ်ဘူးပေါ့ ၊ တချို့ဆိုလည်း သင်္ဘောသား လုပ်သက်မှတ်တမ်းစာအုပ် CDC မရှိဘဲ အတုတွေလုပ်ပြီး ဝင်သွားတဲ့ သူတွေရှိတယ်။ အခုချိန်မှာ ဒုက္ခရောက်တော့ သူတို့တွေပါရတာပေါ့ '' 

 

'' ကျွန်တော်တို့အနေနဲ့က သင်္ဘောပေါ်မှာ ရှိတဲ့သူ မည်သူမဆိုကို ကူညီပေးပါတယ် IFOMS ရဲ့ ကျင့်သုံးတဲ့ မှုအရဆို သင်္ဘောပေါ်မှာ ရှိတဲ့ သူဟာ သင်္ဘောသားပါပဲ ၊ အမှားဖြစ်စေ ၊ အမှန်ဖြစ်စေ ၊ အမျိုးသမီးပဲ ဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် သူဟာ သင်္ဘောဝန်ထမ်းပါပဲ။ သူဟာလည်း သူ့ရပိုင်ခွင့် မရဘူးဆိုရင် ကျွန်တော်တို့  IFOMS အဖွဲ့ချုပ်ကနေ ကူညီပေးမှာပါပဲ " လို့  ဦးညွှန့်ဝေက Myanmar Logistics Guide အား ရှင်းပြခဲ့ပါတယ်။

 

 

Image may contain: text that says 'Of Myanmar Seafarers adtalo ation IFOMS Seafarers' Solidarity'

IFOMS အနေနဲ့ မြန်မာအမျိုးသမီးသင်္ဘောသားများ အရေးတုန်းကလည်း အားတက်သရော ဆောင်ရွက်ခဲ့သလို ၎င်းအဖွဲ့ဝင်များ ငယ်စဉ် သင်္ဘောသားဘဝတုန်းကလည်း နိုင်ငံခြားသူ အမျိုးသမီး သင်္ဘောသားများနှင့် အလုပ်တွဲလုပ်ဖူးတာမို့ Gender မခွဲခြားရေးကိုလည်း အားတက်တရော ဆောင်ရွက်ခဲ့သူတွေပါတဲ့။

 

ကိုဗစ်ဖြစ်တဲ့ အချိန် သင်္ဘောပေါ်မှာ ရှိနေတဲ့ သင်္ဘောသားတွေအနေနဲ့ ကိုယ့်တာဝန်တွေကို လုပ်မြဲတိုင်းလုပ်ကြပါ အားမလျော့ပါနဲ့။ ပြန်ရက်ကို တွက်မနေပဲ မေ့မေ့ပျောက်ပျောက် စာချုပ်မကြည့်ပဲ နေရင် ရေကြောင်လည်းမ ကြောင်ပါဘူး၊ ပြန်လည်း ပြန်ရမှာပါ။ သင်္ဘောသားတွေအနေနဲ့ သိထားရမှာ ဒီကာလမှာ အသိလေး ကပ်ပြီး စောင့်နေပေးဖို့ပါ။ ကိုယ့်မြန်မာလူမျိုးချင်း တိုက်ရိုက် လူလဲရင် မြန်မာတွေ ကမ္ဘာ့သင်္ဘောသား ဈေးကွက်မှာ ကိုဗစ်ပြီးချိန်မှာ အလုပ်အကိုင်နေရာတွေ ရှိမြဲအတိုင်း ဆက်ရှိနေမယ်ဆိုတာလေး အသိကပ်သင့်ပါတယ်လို့ အကြံပြုလိုပါတယ်။

 

 

No photo description available.

 

Myanmar Logistics Guide မှ  IFOMS အဖွဲ့အားမေးမြန်းထားခြင်းဖြစ်သည်။

လွတ်လပ်စွာကူးယူဖော်ပြခွင့် ပြုပါတယ်။

Read times
Rate this item
(3 votes)