Local Industry

ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်ဂိတ်များကို အောက်တိုဘာ လဆန်းတွင် ပြန်ဖွင့်နိုင်ရန် မျှော်မှန်း

ကချင်ပြည်နယ်တွင် COVID-19 ကူးစက်မှုမြင့်မားလာမှုကြောင့် ဇူလိုင်လ ၁၁ ရက်တွင် ပိတ်ထားခဲ့သည့် ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်ဂိတ်များကို အောက်တိုဘာလဆန်းတွင် ပြန်ဖွင့်နိုင်ရန် မျှော်မှန်းနေကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးလာရစ်က ပြောကြားသည်။

တရုတ်နိုင်ငံ နှင့် ကချင်ပြည်နယ်တို တရားဝင် အဓိက ဆက်သွယ်နေသည့် ဝင်ပေါက်များမှာ ကန်ပိုင်တည် ဝင်ပေါက် ၊ လွယ်ဂျယ်ဝင်ပေါက် ၊ ပန်ဝါ ဝင်ပေါက် ၊ လိုက်ဇာ နှင့် မန်ဝိန်းကြီး ဝင်ပေါက်များ ဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံမှ မြန်မာဘက်ခြမ်းတွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမြင့်မားနေခြင်းကို စိုးရိမ်မှုမြင့်နေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး၊ကုန်သွယ်ရေးနှင့် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် တရုတ်အစိုးရတာဝန်ရှိသူများနှင့် ကချင်ပြည်နယ်အစိုးရကိုပါ နှစ်ဖက် တိုက်တွန်းမှုများ နှင့် ညှိနှိုင်းဆွေးနွေးမှုများကို ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းက တွန်းအားပေး ညှိနှိုင်း ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဖြစ်သူ ဦးလာရစ်က '' ကျနော်တို့က ဟိုဘက် အစိုးရရော၊ဒီက ကချင်ပြည်နယ်အစိုးရရော တွန်းအားပေးခဲ့ရတယ်။တရုတ်ဖက်ကတော့ ရှင်းတယ်။ရောဂါမကင်းရင် မဖွင့်ဘူးပဲ။ အဲဒါကြောင့် တရုတ် ပေါင်ရှင်းပြည်နယ်ခွဲ အစိုးရက ကိုဗစ်ကာကွယ်ဆေးတွေ လှူတယ်။ စက်တင်ဘာ ၁၆ ရက် ထိုးဖို့ မှန်းထားတယ်လို့ အကြမ်းဖျင်းသိရတယ်။ ဒီလကုန်ပိုင်းမှာ ဒုတိယအကြိမ်ပေါ့။ အောက်တိုဘာ လဆန်းပိုင်းမှာ နယ်စပ်ဂိတ် ပြန်ဖွင့်နိုင်မယ်လို့မှန်းတယ်။ မဖွင့်ရင်လည်း ဒီမှာ တရုတ်ကုန်တွေ ဈေး အရမ်းတက်နေပြီ။ ကြက်သွန်ဖြူတောင် တစ်ပိဿာရှစ်ထောင်ဆိုတာ မကြားဖူးတဲ့ ဈေးတွေ ဖြစ်ကုန်တယ်။ဆေးကတော့ တစ်ရှူး ငှက်ပျောလုပ်သား၊ကျင်စား၊ အနီးက ရွာတွေ အကုန်ထိုးနိုင်မယ်။ မြို့ပေါ်က လူတွေလည်း အားလုံးနီးပါး ထိုးနိုင်တဲ့ အခြေအနေပါ။တစ်ရှူးငှက်ပျော စိုက်တဲ့ လုပ်ကွက်တွေ သုံးပုံတစ်ပုံ လျော့ကျသွားတယ်။ လုပ်ထားတဲ့သူတွေထဲက နှစ်ဘီလျံကျော် မြန်မာငွေ အရှုံးပေါ်တယ်။ အခုအထိ ကျင်စားပြဿနာ၊အလုပ်ခ ပြဿနာတွေ ရှင်းနေရတုန်းပဲ။ဒီက အလုပ်သမားတွေ ရှုံးသလို့ တရုတ်လုပ်ငန်းရှင်တွေကလည်း အိမ်တွေ၊လုပ်ငန်းတွေ ပေါင်ပြီး ဒီမှာရင်းနှီး တော့ မပြောနိုင်လောက်အောင် ရှုံးသွားကြတယ်။ဒီကပ်ရောဂါကြောင့် လမ်းပိတ် စီးပွားပိတ် ဖြစ်ကုန်တာ''ဟုပြောကြားသည်။

ကချင်ပြည်နယ် သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်းသည် တစ်ရှူးငှက်ပျောစိုက်ပျိုးသည့် တရုတ်လုပ်ငန်းရှင်များနှင့် နှစ်နိုင်ငံ ဒေသအစိုးရကြားတွင် လုပ်ငန်းတာဝန်များ ပြေလည်အောင်ဆောက်ရွက်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။

ကန်ပိုင်တည်မြို့ပေါ်ရှိ အစိုးရဝန်ထမ်း တစ်ဦးက '' ဒီမှာတော့ အားလုံးက ဝင်ငွေမရှိကြဘူး။မြို့ထဲကိုလည်း အပြင်ကား လုံးဝအဝင်မခံဘူး။ ဝင်တာနဲ့ ကွာရင်းတင်းစင်တာမှ ၁၄ ရက်နေရတယ်။ဈေးတွေ တက်လွန်းလို့ နေည ဂေါ်ရခါးသီးဟင်းပဲ။ တရုတ်ဘက်ကလည်း အသေပိတ်ထားတာ။ကူးလို့မရဘူး''ဟု ဆိုသည်။

 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ စစ်ဘေးရှောင်များ၊ တရုတ်တစ်ရှူးငှက်ပျော လုပ်သားများအပါအဝင် အုပ်စု ၂၃ အုပ်စုကို တရုတ် အကူအညီဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်


ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော် မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ၊ တရုတ်တစ်ရှူးငှက်ပျောလုပ်သားမျာအပါ အုပ်စု ၂၃ အုပ်စုကို တရုတ်အကူအညီဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးတော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်နယ်ကျန်းမာရေးဌာနက ဆိုပါသည်။ ကာကွယ်ဆေးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေါင်ရှန်းပြည်နယ်ခွဲအစိုးရ နယ်စပ်နှင့် ထိစပ်နေသည့် ဒေသများသို့ ကိုဗစ်ရောဂါး ကူးစက်ပျံနှံမှု လျှော့ပါးစေရေးနှင့် စီးပွားရေးလုပ်ငန်းများ၊ကုန်သွယ်ရေးလုပ်ငန်း ပြန်လည် လည်ပတ်နိုင်ရေးအတွက်ဦးစားပေးကာ အကူအညီပေးခြင်းဖြစ်ကြောင်း သိရသည်။ ဝိုင်းမော်၊မြစ်ကြီးနား အဓိက မြို့နယ်နှစ်ခုရှိ လူဦးရေ ၇၅၂၀၀ အတွက် လှူဒါန်းထားကြောင်း ၊ယင်းကာကွယ်ဆေးများ ရက်ပိုင်းတွင် ရောက်မည်ဖြစ်ကြောင်း၊အုပ်စု ၂၃ စုကို အဓိက ထားပြီး စုဖွဲ့အလုပ်သမားများ၊စစ်ဘေးရှောင်များ၊ကုန်စုံဆိုင်များ၊အသက် ၄၀ နှင့်အထက်အုပ်စုများ ပါဝင်မည်ဖြစ်ကြောင်းပြည်နယ်ကျန်းမာရေးဌာနက ဆိုသည်။

Source: news-eleven.com

Read times
Rate this item
(0 votes)