Local Industry

Maersk အကြီးအကဲအသစ်က အတိတ်သင်ခန်းစာများဖြင့် ပိုကောင်းအောင် လုပ်ဆောင်မည်ဟု ပြောကြား

Maersk အကြီးအကဲအသစ်က အတိတ်သင်ခန်းစာများဖြင့် ပိုကောင်းအောင် လုပ်ဆောင်မည်ဟု ပြောကြား

အသက် ၄၃ နှစ် ရှိသူ Robert Uggla က Maersk ထူထောင်ခဲ့တဲ့ မိသားစုရဲ့ ပဉ္စမမျိုးဆက်ဖြစ်ပါတယ်။
သူက Financial Times နှင့်တွေ့ဆုံ ပြောဆိုခဲ့ပါတယ်။ အတိတ်ကာလမှာ လုပ်ငန်းစုက ကုမ္ပဏီတွေ ဝယ်မယ်ဆိုရင် ဟင့်အင်း လို့ ြငင်းခဲ့ကြတယ်လို့ သူက အတိတ်က မှားခဲ့ကြပုံကို ပြောပြပါတယ်။
ကွန်တိန်နာပို့ဆောင်ရေးမှ အမြတ်များ မိုးထိအောင် မြင့်မြင့်မားမား ရရှိထားတာကို ကုန်းတွင်း လော့ဂျစ္စတစ်ကဏ္ဍမှာ တိုးချဲ့ဖို့အတွက် ရင်းနှီးမြှုပ်နှံနေပါတယ်။ ပြီးခဲ့တဲ့ ၄ လအတွင်း ကုမ္ပဏီတွေ ဝယ်ယူတာ အမေရိကန်ဒေါ်လာ ၆ ဘီလျံကျော်ပါတယ်။
အချို့ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်မကင်း ဖြစ်ကြတယ်။
Uggla က ရှင်းပြပါတယ်။ ကုမ္ပဏီထူထောင်သူ မိသားစုက ၂၀၁၆ မှာ ကုမ္ပဏီကို သီးြခားအုပ်စု ၂ စု ခွဲလိုက်တယ်။ စွမ်းအင်လုပ်ငန်းတွေကို ရောင်းချလိုက်တယ်။ သင်္ဘောလိုင်းနှင့်လော့ဂျစ္စတစ်ကို စူးစိုက်ခဲ့တယ်။
ကုမ္ပဏီဖွဲ့တည်ထားပုံကို ပြောင်းလဲတဲ့အခါ "အရင်းအနှီး စည်းကမ်း" လိုအပ်နေခဲ့တယ်လို့ သူက ပြောပါတယ်။
"ကျွန်တော်တို့ ကုမ္ပဏီ ဝယ်တဲ့အခါ ဘယ်တေယ့မှ ပိုမပေးဘူးလို့ ကျွန်တော် မဆိုလိုပါဘူး။ ဖွဲ့တည်ပုံက အရင်းအနှီး စည်းကမ်းကို ဖန်တီးပါတယ်။ ထိန်းချုပ်ခွင့် ရရှိတဲ့ ရှယ်ယာပိုင်ရှင်တွေ အပါအဝင် ရှယ်ယာပိုင်ရှင်တွေ အားလုံးက အမြတ်ဝေစု ရဖို့ ဆန္ဒ ရှိကြတယ်။ ရှယ်ယာ‌ေတွ ပြန်ဝယ်စေလိုကြတယ်။ အတိတ်တုန်းက အခုနဲ့ ကွာခြားတယ်" လို့ သူက ပြောပြပါတယ်။


Uggla က သတင်းမီဒီယာနှင့် တွေ့ဆုံပြောဆိုတာကို ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တစ်ကြိမ်သာ လုပ်ခဲ့ပါတယ်။ သူက ရှေ့လမှာ Maersk ရဲ့ အကြီးအကဲ ဖြစ်တော့မယ့်သူ ဖြစ်ပါတယ်။ လက်ရှိအကြီးအကဲ Jim Snabe ရဲ့နေရာကို ရယူမှာ ဖြစ်ပါတယ်။

Maersk က လက်ရှိမဟာဗျူဟာကို ဆက်လက်သုံးစွဲသွားမယ်လို့ သူက ပြောပြပါတယ်။
ရည်မှန်းချက်က "စက်ရုံမှသည် စားသုံးသူထံသို့" လောဂျစ္စတစ်လုပ်ငန်းစု ဖြစ်လာရေးကို ဦးတည်ထားပါတယ်။
သဘာဝပတ်ဝန်းကျင် မထိခိုက်တဲ့ စိမ်းလန်းရေကြောင်းလုပ်ငန်း ဖြစ်လာစေရေးကိုလည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ရှယ်ယာပိုင်ရှင်တွေကို ပေးအပ်တဲ့ငွေ တိုးအောင်လည်း လုပ်ဆောက်မှာ ဖြစ်ပါတယ်။
၎င်းရဲ့ လေကြောင်းပို့ဆောင်ရေးကဏ္ဍကို ချဲ့ထွင်ဖို့ အမေရိကန်ဒေါ်လာ ၁ ဘီလျံရင်းနှီးမြှုပ်နှံမယ်လို့ ၂၀၂၁ နိုဝင်ဘာလက ကြေညာခဲ့ပါတယ်။
ဒီဇင်ဘာလမှာ အာရှမှ လော့ဂျစ္စတစ်လုပ်ငန်းတစ်ခုကို အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံဖြင့် ဝယ်ယူခဲ့ပါတယ်။
မကြာသေးခင်က အမေရိကန်မှ လော့ဂျစ္စတစ်လုပ်ငန်းတစ်ခုကို အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံဖြင့် ဝယ်ယူခဲ့ပါတယ်။
"ကျွန်တော်တို့က သာမန်ထက် လွန်ကဲတဲ့ကာလမှာ နေထိုင်နေတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ သတိအမြဲထားတယ်။ သယ်ပို့ခတွေ ပုံမှန်ပြန်ဖြစ်ပြီး သာမန်ပြန်ဖြစ်သွားလိမ့်မယ်ဆိုတာ သတိရှိတယ်။ ဒီတော့ အခွင့်သာတဲ့ အခိုက်အတန့်ကို ကျွန်တော်တို့ အမိအရ ဖမ်းဖို့ လိုအပ်တယ်" လို့ Uggla က ပြောပြပါတယ်။

Bankinvest ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှရင်းနှီးမြှုပ်နှံမှုအစုစု မန်နေဂျာ Niels Andersen က ယခင်က လော့ဂျစ္စတစ်ကို တိုးချဲ့ဖို့ Maersk က ကြိုးပမ်းခဲ့ကြောင်း ပြောပြတယ်။ "အကြိမ်ကြိမ် မအောင်မြင်ခဲ့ဘူး" လို့ သူက ပြောပြပါတယ်။ ၂၀၀၅ မှာ P&O Nedlloyd ကို ယူရ်ုဒေါ်လာ ၂.၃ ဘီလျံနဲ့ ဝယ်တော့ Damco လော့ဂျစ္စတစ် ပါလာတယ်။ ပေါင်းစပ်ဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ ၂ နှစ်အကြာမှာ Damco brand ကို ဖဲ့ထုတ်ပစ်ခဲ့ရတယ်လို့ သူက ပြောပြတယ်။

"ဝယ်ယူသိမ်းပိုက်လိုက်တာ အဓိပ္ပာယ်ရှိလား။ ဝင်ငွေကောင်းကောင်း ပြန်ရမှာမို့ ဝယ်လိုက်တာလား၊ ဝယ်လိုက်တာ ဘာလို့လဲဆိုတော့ ငွေတွေ အလျှံပယ်ပိုလျှံနေလို့ အိတ်မဆန့်တော့တာကြောင့် လျှောက်ဝယ်နေတာလား။ အချိန်တန်တော့ သိရလိမ့်မယ်" လို့ သူက ပြောပြပါတယ်။


Uggla က အသစ်ထူထောင်ထားတဲ့ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်း AP Moller Holding ကိုလည်း ပူးပေါင်း လုပ်ကိုင်ရတယ်။ မိသားစုရဲ့ Maersk မှာ ပိုင်ဆိုင်ထားသမျှ အားလုံးနီးပါးကို AP Moller Holding (APMH) လက်ထဲမှာ ထားရှိတယ်။ အရွယ်ငယ်တဲ့ လုပ်ငန်းတွေလည်း APMH လက်ထဲမှာ ထားရှိတယ်။ ပိုင်ဆိုင်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၈ ဘီလျံ ရှိပြီး နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၅ ဘီလျံ ရှိတယ်။

Read times
Rate this item
(0 votes)