Local Industry

ကိုဗစ်ကူးစက်မှုကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ်နှစ်ခု ယာယီပိတ်

ကိုဗစ်ကူးစက်မှုကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ်နှစ်ခု ယာယီပိတ်

ကိုဗစ်ရောဂါကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ် ၂ ခုကို မတ်လ ၂ ရက် နေ့ ကစပြီး ယာယီပိတ်ထားမယ်လို့ တရုတ်နိုင်ငံ ယူနန်အာဏာပိုင်တွေ အသိပေးထားပြီး ခုချိန်ထိ ကုန်သွယ်ရေးဂိတ်တွေကို ပြန်မဖွင့်သေးပါဘူး။ ဒါကြောင့် မြန်မာကုန် ကားတွေ နယ်စပ်မှာပိတ်မိနေပြီး တချို့လည်း ပြည်တွင်းကို ကုန်တွေပြန်သယ် လာနေကြပြီလို့ ကုန်သည်တွေက ဗွီအိုအေကို ပြောပါတယ်။

ယူနန်ပြည်နယ်ထဲမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ပြန်ရှိလာတဲ့အတွက် မူဆယ် ၁၀၅ မိုင်နားက ကျင်စန်းကျော့ဂိတ်နဲ့ ကချင်ပြည်နယ်က လွယ်ဂျယ်ဂိတ်တို့ကို ယာယီပိတ်ထားမယ်လို့ တရုတ်အကောက်ခွန်က မြန်မာဘက်ကို မတ်လ ၂ ရက်က အကြောင်းကြားခဲ့ပါတယ်။ မတ်လ ၇ ရက် တနင်္လာနေ့အထိ နယ်စပ်ဂိတ်တွေ ပြန်ဖွင့် မပေးသေးတာကြောင့် မြန်မာကုန်ကား အများအပြား မူဆယ်တဝိုက်မှာ ပိတ်မိနေကြပါတယ်။ ကုန်ကားအစီး ၁ ထောင်ကျော်လောက် ပိတ်မိနေတယ်လို့ မူဆယ်ကုန်ကားအသင်း တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

“ဒီရက်ပိုင်းတော့ ပြန်ဖွင့်ဖို့ မလွယ်လောက်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ တရုတ်ဘက်ကနေလည်း ကျနော်တို့ ကုန်စုံထုတ်တယ်လေ၊ ( တရုတ်ဘက်ခြမ်းက မြန်မာ) ကုန်သည်တွေ နေတဲ့ဘက်တွေလည်း အကုန် လော့ဒေါင်းချထားတယ်။ သူတို့ မိန်းလမ်းတွေလည်း အတားအဆီးတွေလုပ်ပြီးမှ လော့ဒေါင်းချထားတယ်။ ဒီဘက် တရုတ်ကပိတ်ထားတော့ အများကြီးပိတ်ကြတယ်။ အစီး ၁,၀၀၀ ကျော်တယ်။”

ကျင်စန်းကျော့ဂိတ် ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ မသေချာတဲ့အတွက် မူဆယ် ၁၀၅ မိုင် ဂိုထောင်တွေထဲက တရုတ်အကောက်ခွန် ဂျူတီဆောင်ပြီးသား ကုန် တွေကို မြန်မာကုန်သည်တွေက ရန်ကုန် မန္တလေးဘက် ပြန်သယ်နေကြပါတယ်။ မူဆယ်က ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတဦးက သူတွေ့ကြုံရတဲ့ အခြေအနေကို ဗွီအိုအေ ကို ပြောပါတယ်။

“အခုလက်ရှိ ဟိုဘက်မှာသွင်းဖို့ဟာ ဂျူတီဆောင်ပြီးချထားတဲ့ဟာတွေတော့ ကျနော်တို့ မန္တလေး သို့မဟုတ် ရန်ကုန်တော့ ပြန်သယ်လာရတယ်။ ဆန်ရော၊ ပဲရော တော်တော်များတယ်။ နှမ်းသမားတွေရော တော်တော်များတယ်။ ကုန်သည်ကများတယ်။ ကျနော်တို့ တဦးတည်းကို ဆန်ချည်းကိုက အစီးသုံးလေးဆယ်ရှိတယ်။ နှစ်ရက်လောက်ရှိသွားပြီ။ ကျနော်တို့ ပြန်ထုတ်နေတာ၊ ထပ်ထုတ်ဖို့လည်းရှိတယ်။ ထပ်လည်း ထုတ်ကြဦးမှာပဲ။”

ကိုဗစ်အတည်ပြုလူနာတွေ ပြန်တေ့ွတဲ့ ရွှေလီမြို့မှာ Lockdown သတ်မှတ်ချက် ထုတ်ပြန်ထားပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း တရုတ် မြန်မာနယ်စပ်ဂိတ်တွေကို တရုတ်ဘက်က မကြာခဏဆိုသလို ပိတ်လိုက်ဖွင့်လိုက် လုပ်ခဲ့ပါတယ်။ ဒါဟာ ကိုဗစ်ကပ်ရောဂါထက် တရုတ်အစိုးရရဲ့ မူဝါဒတချို့အပေါ်ပဲ မူတည်လိမ့်မယ်လို့ မြန်မာကုန်သည်တွေက ခန့်မှန်းပါတယ်။

“ပိုးတွေ့တာ ဘာညာလောက်နဲ့တော့ ကျနော်တို့လက်ရှိအနေအထားက ဂိုထောင် မှာချပြီးသား ဂျူတီဆောင်ပြီးသားတွေ ပြန်ထုတ်စရာတော့ အကြောင်းမရှိဘူးဗျ။ ( တရုတ်ဘက်က) အဆင်မပြေရင် မပြေသလိုလုပ်နေတာဆိုတော့ အတိအကျ ခေါင်းစဉ်တပ်ဖို့က မလွယ်ဘူး။ ( မြန်မာ) ကုန်သွယ်ရေးဘက်ကလည်း အဆင်မပြေတာ ငြီးနေရုံလောက်ပဲ တတ်နိုင်တာကော၊ ဘာမှမလုပ်နိုင်ဘူးပဲ လက်ရှိအနေအထားကတော့။ အကုန်လုံးက မူဆယ် ၅ မိုင်မှာ ပိတ်နေတာတွေ ကျန်သေးတယ်။ လက်ရှိက အဆင်မပြေဘူးပေါ့။”

တရုတ်နယ်စပ်မှာ မြန်ကုန်ကားတွေ ပိတ်မိနေတဲ့အတွက် တရုတ်နိုင်ငံဘက်သွားမယ့် ပို့ကုန်ကုန်ကားတွေကို လားရှိုးမြို့ရှောင်တိုးဂိတ်က မတ်လ ၃ ရက်ကစပြီး ဖြတ်သန်းခွင့် မပေးတော့ပါဘူး။ တခြားဒေသတွေ သွားမယ့် ကုန်ကားတွေကိုတော့ ဖြတ်သန်းခွင့် ပေးထားပါတယ်။ အခုရက်ပိုင်းအတွင်း မူဆယ်ကနေ ကုန်တွေပြန်သယ်ပြီး နေရပ်ပြန်လာတဲ့ ကုန်ကားက အစီးရေ ၁,၀၀၀ ဝန်းကျင်ရှိတယ်လို့လည်း ကုန်သည်တွေက ခန့်မှန်းပါတယ်။

အလားတူပဲ ကချင်ပြည်နယ်က ကန်ပိုက်တီးဂိတ်နဲ့ လွယ်ဂျယ်ဂိတ်ကိုလည်း တရုတ်ဘက်က ပိတ်ထားတဲ့အတွက် တရုတ်ကုန်ကားတွေရော မြန်မာကုန်ကားတွေပါ မြန်မာနယ်စပ်မှာ ပိတ်မိနေတာပါ။ ဒီနေ့ဆိုရင် ကန်ပိုက်တီးနယ်စပ်ဂိတ်မှာ ငှက်ပျောတင်ထားတဲ့ တရုတ်ကုန်ကား အစီးရေ ရာချီ ပိတ်မိနေတဲ့အတွက် တရုတ်ကုန်သည်တွေ စိတ်ဆိုးဒေါသထွက်နေကြတယ်လို့ တချို့ကပြောပါတယ်။ လွယ်ဂျယ်နယ်စပ်ဂိတ်မှာတော့ တရုတ်ဘက်ကို ပို့မယ့် မြန်မာကြံကားတွေလည်း အများအပြားပိတ်မိနေပါတယ်။
ဗွီအိုအေ

Read times
Rate this item
(0 votes)