ကော့သောင်း ဒေသဟာ မြန်မာနိုင်ငံရဲ့ အလှဆုံးနေရာများအနက် သဘာဝအလှ ရှုခင်းများရှိရာ ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း တိုင်းရင်းသား လူမျိုးစုဖြစ်တဲ့ ဆလုံလူမျိုးတို့ရဲ့ ရိုးရာဓလေ့များ၊ လူနေထိုင်မှု ဘဝပုံစံများကြောင့် နာမည်ကျော်ပြီးသား ဒေသတစ်ခုဖြစ်ပါတယ်။
ယခုတွင် အဆိုပါဒေသရှိ ဒေသတွင်းစီးပွားရေး ပိုမိုဖွံ့ဖြိုးရေး၊ ဒေသခံများရဲ့ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဒေသတွင်း တိုင်းရင်းသား လူမျိုးစုဖြစ်တဲ့ ဆလုံလူမျိုးတို့ရဲ့ ဓလေ့စရိုက်များကို ပိုမိုစိတ်ဝင်စား မြင့်တင်ရန်ဟုဆိုကာ ကော့သောင်းဒေသတွင်း ဖွံ့ဖြိုးရေး စီမံကိန်းတစ်ခု ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။
ယင်းစီမံကိန်းကို Yoma Groupရဲ့ Kawthaung Hill Development Ltd., (KHDL) မှ အကောင်အထည် ဖော်မှာဖြစ်ကာ စီမံကိန်းကာလ ၅နှစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဆိုထားပြီး ယခုစီမံကိန်းနှင့် ဆက်စပ်ကာ ပြည်တွင်းသာမက ပြည်ပမှ အခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရန် ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ကော့သောင်းတောင် ဖွံ့ဖြိုးရေးစီမံကိန်းကို ကော့သောင်းမြို့၏ အမြင့်ဆုံး တောင်ကုန်း တစ်ခုဖြစ်သည့် (၁,၁၉၉) တောင်ကုန်းပေါ်တွင် မြေအကျယ်အဝန်း (၁၉၇)ဧကမှာ ကြယ်၃ပွင့် အဆင့်နှင့် ကြယ်၄ပွင့် အဆင့်ရှိ အခန်း(၇၀)ပါ တောင်ခြေဟိုတယ်နှင့် Villaအလုံး(၃၀)၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ Resortများ၊ အပန်းဖြေလုံးချင်း အိမ်ရာများ အလုံး(၃၀)တို့ ပါဝင်မယ်လို့ ဆိုပါတယ်။
ထို့အပြင် တနင်္သာရီတိုင်းရဲ့ သမိုင်းကြောင်းနှင့် ဆလုံလူမျိုးတို့ရဲ့ ယဉ်ကျေးမှု သမိုင်းကျောင်းတို့ကို ပြသမယ့် ကမ္ဘာ့အဆင့်မှီ မြိတ်ကျွန်းစုရဲ့ အာဏ္ဏဝါပြတိုက်၊ ဆလုံရွာငယ်ပုံစံနဲ့ ဈေးဆိုင်ခန်းများ၊ တောင်ပေါ်သို့ တက်ရောက်မည့် ကေဘယ်ရထား၊ သံလမ်း၊ ဘူတာရုံနှင့် ကားလမ်းများဖြင့် ကျပ်(၁၀၅)ဘီလီယံခန့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမယ် ဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီစီမံကိန်းကြောင့် ကော့သောင်းဒေသခံများနှင့် တိုင်းရင်းသား အလုပ်အကိုင်များ ရရှိလာခြင်း၊ ဒေသပိုမို ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်ခြင်း၊ ကော့သောင်းဒေသရဲ့ ဆလုံလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းများကို ပိုမိုထိန်းသိမ်းကာ ကမ္ဘာမှ ပိုမိုသိရှိလာရန် ရည်ရွယ်တယ်လို့လည်း သိရှိရပါတယ်။
Source: Yoma/FMI Press Release/ MMPG