Local Industry

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်အတွင်း တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်အတွင်း တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်း google

ဇူလိုင် ၁၂ ရက်အထိ တစ်စည် ဒေါ်လာ ၆၀ အထိဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ရေနံဈေးသည် ယင်းနောက်ပိုင်းမှစ၍ သုံးပတ်အတွင်း ၁၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ တစ်ပတ်အတွင်း တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ (သုံးရာခိုင်နှုန်းကျော်မှ ငါးရာခိုင်နှုန်းကျော်အထိ) ပြန်လည်ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများအရ သိရပါတယ်။

 

ကမ္ဘာ့ရေနံဈေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက် တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့ပါတယ်။ ထို့နောက် ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ရှိခဲ့ပါတယ်။ ဇန်နဝါရီ ၂၁ ရက် တွင် ၅၄ ဒေါ်လာဝန်းကျင်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၅၂ ဒေါ်လာ၊ မတ် ၂၀ ရက်တွင် ဒေါ်လာ ၆၀၊ ဧပြီ ၁၆ ရက် တွင် ၆၄ ဒေါ်လာ၊ ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ် လာအထိ ပြန်တက်ခဲ့ပါတယ်။ ထို့နောက် ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ခဲ့ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့ပါတယ်။

 

ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် ဇန်နဝါရီလဆန်းမှ မေလကုန်ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့်တက်ခဲ့ ပြီး စက်သုံးဆီ အမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေး ကျဆင်းမှုကြောင့် မေ ၃၀ ရက်မှ ဇွန် ၂၁ ရက်အတွင် စက်သုံးအမျိုးအစားအလိုက် ၁၁ ရာခိုင်နှုန်းကျော်မှ ၁၄ ရာခိုင်နှုန်းကျော်အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။ ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ စက်သုံးဆီဈေးနှုန်းများသုံး ရာခိုင်နှုန်းကျော်မှ လေးရာခိုင်နှုန်းကျော် အထိ ပြန်လည်မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက် မှ သြဂုတ် ၁၀ ရက်အတွင်း သုံးရာခိုင်နှုန်း ကျော်မှ ငါးရာခိုင်နှုန်းကျော်အထိ ဈေးနှုန်းများ ပြန်ကျလာခြင်း ဖြစ်ပါတယ်။

 

သြဂုတ် ၁၀ ရက်တွင် ပြည်တွင်း စက်သုံးဆီဆိုင်အချို့တွင် ရောင်းချနေသော ဈေးနှုန်းမှာ ဒီဇယ်တစ်လီတာ ကျပ် ၈၈၀ (တစ်ဂါလန် ကျပ် ၄၀၀၀ )၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၈၉၀ (တစ်ဂါလန် ၄၀၄၅ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၇၈၅ ကျပ် (တစ်ဂါလန် ၃၅၆၈ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၈၇၅ကျပ် (တစ်ဂါလန် ၃၉၇၇ ကျပ်) ဖြစ်ပါတယ်။ ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တစ်လီတာ ၃၅ ကျပ် မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ဒီဇယ် ၅ ဒသမ ၃၇ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၅ ဒသမ ၃၁ ရာခိုင်နှုန်း၊ 92 Ron ၄ ဒသမ ၂၆ ရာခိုင်နှုန်း၊ 95 Ron ၃ ဒသမ ၈၄ ရာခိုင်နှုန်း ပြန်လည်ကျဆင်းခဲ့ပါတယ်။

 

Source : eleven

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)